Saturday, May 28, 2016

ဘိလပ်မြေစက်ရုံတိုးချဲ့ရာ ကျောက်မီးသွေးလောင်စာအသုံးပြု၍ထုတ်လုပ်မည်ဆိုပါက ဒေသခံများလုံးဝလက်မခံ ဆက်လက်ကန့်ကွက်သွားမည်ဟုဆို

Leave a Comment



ဘိလပ်မြေစက်ရုံတိုးချဲ့ရာ ကျောက်မီးသွေးလောင်စာအသုံးပြု၍ထုတ်လုပ်မည်ဆိုပါက ဒေသခံများလုံးဝလက်မခံ ဆက်လက်ကန့်ကွက်သွားမည်ဟုဆို

 

သရက်၊မေ၊၂၅

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊သရက်မြို့အတွင်းတည်ဆောက်ထားသည့် စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၃၁)အကြီးစားစက်ရုံ သရက်ဘိလပ်မြေစက်ရုံ ပြုပြင်တိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး ၄င်းဆောင်ရွက်တိုးချဲ့ရာတွင် ကျောက်မီးသွေးများကိုပါ သုံးစွဲသွားမည်ဖြစ်၍ ကျောက်မီးသွေးမှထွက်ရှိလာမည့် ဘေးထွက်ဆိုးကျိုးများစွာရှိနေ၍ ဒေသခံများမှ ကန့်ကွက်၍ စိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။

 

အဆိုပါ သရက်မြို့ရှိ ဘိလပ်မြေစက်ရုံအား သရက်မြို့ နှင့်တောင်ဘက် မိုင် ၂-မိုင်အကွာတွင် ၁၁၂-ဧကကျယ်ဝန်းသည့် မြေပေါ်တွင် ၁၉၃၅-ခုနှစ် ဇွန်လတွင်စတင်တည်ဆောက်ခဲ့တာဖြစ်ကြောင်းသိရပြီး ၄င်းစက်ရုံမှ ဘိလပ်မြေများအား တစ်ရက်လျှင် ယခင်က တန် ၅၀၀-ခန့်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဘိလပ်မြေစက်ရုံပတ်ဝန်းကျင်တွင် ၄င်းစက်ရုံမှထွက်ရှိလာသည့် ကျောက်မှုန့်များ၊ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များကြောင့် စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်လာ၍ သီးပင်စားပင်များ ပျက်စီးခဲ့၍ ဒေသခံတွေမှာ အဆုပ်ရောဂါတွေဖြစ်လာမှုများပြားလာခဲ့သော်လည်း မြို့နေဒေသခံများ အလုပ်အကိုင်အခွင့်အလှမ်းတွေပေးလာမှုကြောင့် မည်သူမှကန့်ကွက်ခြင်းမရှိခဲ့၍ တရုတ်နိုင်ငံမှ Myanmar Jidong Cement Co.Ltd တို့နှင့် (BOT)စာချုပ် ချုပ်ဆိုလာခဲ့ရာမှ အရှုံးပေါ်လာခဲ့မှုကြောင့် ပြီးခဲ့သည့် ဇန်န၀ါရီလမှာ ခေတ္တရပ်တန့်ထားခဲ့ရပြီး ယခုတိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်မီးသွေးအားအသုံးပြု၍ တစ်ရက်လျှင် တန်-၂၅၀၀-အထိ ထုတ်လုပ်နိုင်အောင် တိုးချဲ့သွားမှာဖြစ်ကြောင်းသိရသည်။

 

“အင်္ဂလိပ်ခေတ်လက်ထပ်ကတည်းကတည်ဆောက်လည်ပတ်လာတဲ့ သရက်ဘိလပ်မြေစက်ရုံပါ။စက်ပစ္စည်းတွေကို ပထမ အင်္ဂလိပ်စက်၊ဂျာမန်စက်၊ဂျန်ပန်စက်တွေနဲ့လည်ပတ်လာခဲ့ပြီး အခု တရုတ်စက်တွေပြောင်းလဲတပ်ဆင်ထားပြီးပြီလို့သိရတယ်။ယခင်က တစ်နေ့ကို ဘိလပ်မြေတန်-၅၀၀ ထုတ်လုပ်တယ်။အိတ်အရေအတွက်ဆိုလျှင် တစ်ရက်ကိုဘိလပ်မြေအိတ် တစ်သောင်းလောက်တော့ရှိမယ်။အခု စက်ရုံပြုပြင်ပြင်ဆင်တိုးချဲ့သွားရာမှာ တစ်ရက်ကိုတန်ချိန်ပေါင်း ၂၅၀၀-လောက်ထုတ်လုပ်မယ်ဆိုရင် လက်ရှိ သရက်မြို့က ထုံးတောင်ကြီးပျောက်ကွယ်သွားတော့မှာဖြစ်သလို ယခင် တန်-၅၀၀ ထုတ်လုပ်ချိန်က ဘိလပ်မြေစက်ရုံမှာ မီးသင်းဖိုကနေ ရေနံစိမ်း+ဂစ်လ့်+ထုံးကျောက် ရောစပ်ပြီးထွက်လာတဲ့မီးခိုးတွေမြင်တာနဲ့ ရေအိုးရေကန်တွေအဖုံးအမြန်ဖုံးရတယ်။ အဖုံးမဖုံးတဲ့ ရေဆို ဆီတွေဝေ့ကျန်ခဲ့တယ်။တစ်ခါတစ်လေ အမဲရောင်အဖတ်ကြီးတွေပါကျတယ်။ဂေါ်ဖီတွေဆိုစိုက်မရအောင် စားလို့မဖြစ်အောင် အမဲရောင်ဖြစ်သွားတယ်။သီးနှံစိုက်ပျိုးရေးတွေအရမ်းထိခိုက်တယ်။ကွမ်းခြံတွေအရင်ကအရမ်းစိုက်ကြတယ်။ အခုကွမ်းခြံတွေစိုက်မရတော့ဘူး။အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ သရက်မှာာအများဆုံးဖြစ်နေကြတယ်။ဒါက တန်ချိန် တစ်နေ့ ၅၀၀-နူန်းလောက်နဲ့ထုတ်လုပ်မှုပဲရှိသေးတယ်။အခုတန်ချိန်တစ်ရက်ကို ၂၅၀၀-ဆိုမတွေးဝံ့စရာဖြစ်နေလို့ အပြင်းအထန်ကန့်ကွက်တာဖြစ်တယ်။ကျောက်မီးသွေးဆိုးကျိုးတွေကလည်း အများကြီးရှိနေတော့ပိုပြီးကန့်ကွက်တယ်။”ဟု သရက်မြို့မိမြို့ဖဖြစ်သူ သရက်မြို့နယ်အထောက်အကူပြုအဖွဲ့-ဥက္ကဌ ဦးတင်အောင်မြင့်-ကပြောသည်။

 

အဆိုပါကိစ္စများ နှင့်ပတ်သက်ပြီး သရက်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများမှ ၃.၅.၂၀၁၆ ရက်နေ့တွင် သရက်မြို့တော်ခန်းမတွင် အများပြည်သူ နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း နှင့် ပတ်ဝန်းကျင်ထိခိုက်မှု့ ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာ အသိပေးရှင်းလင်းခြင်းခေါင်စဉ်ဖြင့် ပြုလုပ်ခဲ့သော်လည်း ဒေသခံပြည်သူများက ၄င်းဘိလပ်မြေစက်ရုံမှတာဝန်ရှိသူများဟောပြောမှုကို ဆန့်ကျင်၍ ကျောက်မီးသွေးသုံးစွဲမှုကို ဆက်လက်ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများက ၂၀၁၆-မေလ-၂၅ ရက်နေ့ ည ၇-နာရီတွင် သရက်မြို့ရှိ ဗိုလ်ချုပ်အားကစားကွင်းမှာ မိုးလေ၀သ-ပညာရှင် ဒေါက်တာ-ဦးထွန်းလွင် နှင့် စာရေးဆရာမ နုနုရည်(အင်းဝ) တို့မှ လူ နှင့် သူ၏ ပတ်ဝန်းကျင် ဟူသည့်ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“ယခင်အစိုးရလက်ထပ်ကနေ အခုအစိုးရလက်ထပ်အရောက်မှာ ကျောက်မီးသွေးနဲ့ ဘိလပ်မြေစက်ရုံလည်ပတ်မယ်ဆိုပြီးစာတွေထုတ်တယ်။ဘိလပ်မြေစက်ရုံနဲ့လူနေအိမ်တွေက တစ်တန်းတည်းဖြစ်နေတယ်။အခုကျွန်တော့အသက် ၆၃ နှစ်ရှိပြီ မိဘတွေလက်ထပ်ကတည်းကဒီနေရာမှာနေခဲ့တာ။အစုတ်ရောဂါရတဲ့သူတွေဒီရပ်ကွက်မှာအများကြီးရှိတယ်။ရပ်ကွက်နဲ့စက်ရုံကလည်းနီးတယ်။ဒီရပ်ကွပ်မှာ အိမ်ခြေပေါင်း ၇၀-ကျော်ရှိတယ်။အသက်ထန်ကုန်နေရရင် ၆၅-နှစ်အလွန်လောက်ပဲ။ဒါတောင် ထုံးကျောက်၊ရေနံစိမ်း၊ဂစ်လ့် တွေပေါင်းထွက်လာတဲ့ မီးခိုးရှုမိနေတာ။သီးနှံတွေပျက်ဆီးတယ်။ထုံးတောင်တွေဖြိုချခံရတယ်။ကွမ်းခြံတွေမစိုက်နိုင်တော့ဘူး။ဒါတောင် ထုံးကျောက်၊ရေနံစိမ်း၊ဂစ်လ့်တွေကထွက်လာတဲ့ဘေးထွက်ဆိုးကျိုးက တစ်နေ့ကို တန်-၅၀၀လောက်ထုတ်လုပ်နိုင်တာ အခု ကျောက်မီးသွေးကို အသုံးပြုပြီး တစ်နေ့ တန် ၂၅၀၀-လောက်ဆို ထုံးတောင်ကြီးလည်းပျောက်ကွယ်တော့မှာဖြစ်သလို မြို့သူမြို့သားတွေလည်း အန္တရာယ်အကြီးကြီးရတော့မှာဖြစ်လို့ ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက်တာပါ။”ဟု ဘိလပ်မြေစက်ရုံအနီးရှိ ဗန္ဓရ-ရပ်ကွက်နေထိုင်သူ ဦးသောင်းငွေ-ကပြောသည်။

 

အဆိုပါ သရက်မြို့ဘိလပ်မြေစက်ရုံအား ပြီးခဲ့သည့် ဇန်န၀ါရီလခန့်မှာ ခေတ္တရပ်တန့်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ မတ်လတွင် ၄င်းဘိလပ်မြေစက်ရုံပြုပြင်ခြင်း နှင့် တိုးချဲ့ခြင်းလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အကျဉ်းချုပ်အစီရင်ခံစာအပေါ်တွင်လည်း ဒေသခံများအနေဖြင့် အပြင်းအထန်ကန့်ကွက်လျှက်ရှိကြောင်းသိရသည်။အဆိုပါ အစီရင်ခံစာတွင် ကျောက်မီးသွေးစွမ်းအင်သုံး တစ်ရက်လျှင် တန်ချိန် ၂၅၀၀-ကျ မီးသင်းဖိုသစ်(၂၀)မီဂါဝပ် စွမ်းအင်သုံး (စွန့်ပစ်အပှုသုံး ၅-မီဂါဝပ်+ကျောက်မီးသွေး လောင်စာသုံး ၁၅-မီဂါဝပ်) စက်သစ်တည်ဆောက်သွားမည်ဖြစ်ကြောင်းပါရှိနေသောကြောင့် ကျောက်မီးသွေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့်ဘေးထွက်ဆိုးကျိုးတို့အပေါ်ဒေသခံများက အပြင်းအထန်ကန့်ကွက်နေခဲ့ခြင်းဖြစ်ပြီး ၀န်ထမ်းအင်အားပေါင်း ၇၀၀-ကျော်(ခုနှစ်ရာကျော်)ရှိသည့် ၄င်းဘိလပ်မြေစက်ရုံတိုးချဲ့ပြင်ဆင်ပြီး ကျောက်မီးသွေးသုံးစွဲမှုကိုရရှိခဲ့ပါက တရုတ်နိုင်ငံမှ Myanmar Jidong Cement Co.Ltd တို့၏ ကျွမ်းကျင်လုပ်သား တရုတ်နိုင်ငံသား ၃၀၀-ခန့်ကိုသာအလုပ်ခန့်အပ်သွားမှာဖြစ်ကြောင်းသိရသည်။ ၄င်းကိစ္စများနှင့်ပတ်သက်ပြီး သရက်မြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော် မှ သက်ဆိုင်ရာဝန်ကြီးများနှင့် ၄င်းကိစ္စများအား တိုင်ပင်ဆွေးနွေးထားလျှက်ရှိပြီး ဒေသခံပြည်သူတို့လက်မခံပါက ဒေသခံများလက်မှတ်ရေးထိုးတိုင်တန်းမှုများကန့်ကွက်မှုများကို ဒေသခံများသဘောဆန္ဒနှင့်အညီ လွှတ်တော်အတွင်းသို့ တင်သွင်းတင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရပြီး ပတ်ဝန်းကျင်ထိခိုက်မှု၊ဒေသခံများကျန်းမာရေးနှင့်ဒေသခံများအားဆက်လက်အလုပ်ခန့်အပ်ခြင်းမရှိဘဲ ပြည်ပနိုင်ငံသားများကိုသာ အလုပ်ခန့်အပ်သွားမည်ကို ၄င်းကိုယ်တိုင် ဒေသခံများနှင့်အတူတူကန့်ကွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

K3(pyay)-ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉






0 comments:

Post a Comment

Facebook Like Page