Tuesday, May 31, 2016

မြစ်ကမ်းပါးပြို၍ နေအိမ်နှင့်ခြံမြေများဆုံးရှုံးသွားမှုကြောင့် လယ်မြေအပေါ်နေအိမ်ဆောက်လုပ်မှုအား မြို့နယ်မြေစာရင်းဌာနက ၈-ရက်အတွင်းအပြီးဖယ်ရှားခိုင်း

Leave a Comment



မြစ်ကမ်းပါးပြို၍ နေအိမ်နှင့်ခြံမြေများဆုံးရှုံးသွားမှုကြောင့် လယ်မြေအပေါ်နေအိမ်ဆောက်လုပ်မှုအား မြို့နယ်မြေစာရင်းဌာနက ၈-ရက်အတွင်းအပြီးဖယ်ရှားခိုင်း

 

ပန်းတောင်း၊မေ၊၃၁

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ဆင်တဲအုပ်စုအတွင်းမှာရှိသည့် စမ်းပေါက်ချောင်းကျေးရွာ ဧရာဝတီမြစ်-ကမ်းပါးပြိုကျမှုကြောင့် ကမ်းပါပြိုကျသူများစုပေါင်း၍ ဆင်တဲကျေးရွာအုပ်စု၊အောင်စင်္ကြာဘုန်းတော်ကြီးကျောင်း နှင့် မိုလ်းကောင်းဘုန်းတော်ကြီးကျောင်းတောင်ခြေတွင်ရှိသော လယ်မြေများအားစုပေါင်းဝယ်ယူ၍ ပြောင်းရွေ့လာခဲ့ကြရာ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပိတ်ပင်တားစီး၍ ယင်းလယ်မြေများအပေါ်အိမ်ဆောက်လုပ်နေခြင်းကို ၈-ရက်အတွင်း ရှင်းလင်းဖယ်ရှားရန် လယ်မြေပိုင်ရှင်များထံသို့ စာများထုတ်ပြန်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဆင်တဲအုပ်စု၊စမ်းပေါက်ချောင်းကျေးရွာ ဧရာဝတီမြစ်ကမ်းပါးဘေးနေထိုင်ကြသူများသည် မေ-၁၀ ရက်နေ့ခန့်မှာ အိမ်ခြေပေါင်း ၂၀-ခန့််မှ ဧရာဝတီမြစ်ကမ်းပါးများပြိုကျလာမှုကြောင့် လူနေအိမ် နှင့် ခြံမြေများပျက်စီးခဲ့၍ လယ်ယာမြေစိုက်ပျိုးမရနိုင်သည့် လယ်မြေ ၁၀-ဧကအား သိန်းတစ်ရာကျော်ဖြင့် ကိုယ်ထူကိုယ်ထစုပေါင်း၍ ၀ယ်ယူပြောင်းရွေ့လာခဲ့ပြီး မေ-၁၃ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုးချဲ့ကွက်သစ်အဖြစ်အသိအမှတ်ပြုပေးရန် ပြောင်းရွေ့လာသူများမှ လက်မှတ်ရေးထိုးတင်ပြထားခဲ့ကြောင်းသိရပြီး ယင်းနေအိမ်များတည်ဆောက်စဉ်မှာ ပန်းတောင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လာရောက်ပိတ်ပင်တားဆီးခဲ့ကြတာဖြစ်ကြောင်း ပြောင်းရွေ့လာသူများထံက သိရသည်။

 

“မြစ်ကမ်းတွေပြိုကျလာပြီး မြစ်ထဲကိုအိမ်ကပါသွားပြီ နေစရာမြေမရှိလို့ ကိုယ်ထူကိုယ်ထစုပေါင်းပြီးလယ်မြေ၀ယ်နေတာကို မြို့နယ်မြေစာရင်းရုံးကလာတားဆီးကြပါတယ်။ကမ်းပါးပြိုကျချိန်မှာ သက်ဆိုင်ရာဌာနတွေအကူအညီတောင်းခံခဲ့တယ်။ဘယ်ဌာနကမှမကူညီဘူး။ကိုယ့်စားရိတ်နဲ့ကိုယ်ပြောင်းရွေ့လာရတာ။ပြောင်းရွေ့လာပြီးမှ စုပေါင်းဝယ်ယူထားတဲ့လယ် ၁၀-ဧကအပေါ်မှာအကွက်လေးတွေရိုက်ပြီးအိမ်တွေဆောက်ပြီးမှ လာတားဆီးကြတယ်။ထပ်ဝယ်စရာပိုက်ဆံလဲမရှိတော့ဘူး။ထပ်ပြောင်းစရာမြေနေရာလဲမရှိဘူး။သက်ဆိုင်ရာဌာနကမြေနေရာတွေချမပေးဘူး။ စက်ရုံမှူးကအစ ဘုန်းတော်ကြီးကျောင်းတွေကလည်းကူညီကြတယ်။ကျောတစ်နေရာရလို့ စိတ်ချမ်းသာပြီဆိုရုံပဲရှိသေးတယ် ခုလကုန် ဖျက်ခိုင်းနေပြီ။ဒုက္ခတွေအများကြီးရလို့သေချင်တာပဲသိပါတော့တယ်။”ဟု စမ်းပေါက်ချောင်းရွာမှ မြစ်ကမ်းပါးပြိုကျ၍ ပြောင်းရွေ့လာသူ မအေးမြင့်-ကပြောသည်။

 

အဆိုပါ ဧရာဝတီမြစ်ကမ်းပါးများပြိုကျလာမှုကြောင့် ပြောင်းရွေ့လာသူများထဲတွင် ကျောင်းသား ၁၁-ဦးပါရှိပြီး အသက်ရွယ်အိုးမင်း၍ ကျန်းမာရေးညံ့နေသူများ ငွေကြေးခက်ခဲသူများ အများဆုံးပါရှိနေမှုတို့ကြောင့် ထပ်မံရွေ့ပြောင်းရန်မဖြစ်နိုင်ကြောင်း ကိုယ်ထူကိုယ်ထစုပေါင်း၍ ၀ယ်ယူထားသည့် လယ်မြေများများအပေါ် ပေ-၆၀x၄၀ အကွက်ရိုက်ယူ၍ စုပေါင်းနေထိုင်ရန်စီစဉ်လျှက်ရှိနေပြီး ဧရာဝတီမြစ်ကမ်းပါးများဆက်လက်ပြိုကျနေမှုကြောင့် ထပ်မံ၍ အိမ်ခြေပေါင်း ၅၀-ခန့်ရောက်ရှိလာနိုင်ကြောင်း ပြောင်းရွေ့လာသူများထံကသိရသည်။

 

“ကမ်းပါးပြိုတဲ့သူတွေအမှန်တစ်ကယ်နေထိုင်တာဆိုရင် သက်ညှာစွာကျွန်တော်တို့ကစဉ်းစားပေးရမှာပေါ့။စီးပွားရေးလုပ်ငန်းအတွက်လယ်မြေထဲမှာအိမ်တွေတည်ဆောက်လာရင်တော့ ဥပဒေအရထိရောက်စွာအရေးယူမှာပါ။လက်ရှိကမ်းပါးပြိုလို့ပြောင်းလာတဲ့သူတွေနဲ့လယ်မြေပိုင်ရှင်နဲ့အဆင်ပြေဖို့လဲလိုတယ်။အားလုံးအဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့က  ကမ်းပါးပြိုလို့နေစရာမရှိတဲ့သူတွေအတွက် သက်ညှာစွာစဉ်းစားပေးရမှာပါ။အိမ်တွေလဲဆောက်ပြီးနေပြီဆိုတော့ ကမ်းပါးအမှန်တစ်ကယ်ပြိုလို့ပြောင်းလာတဲ့သူတွေ လ/န ၃၉-လျှောက်ရမယ်။အခြားမြေသုံးစွဲခွင့်လျှောက်တင်ရမယ်။အမှန်တစ်ကယ်ကမ်းပါးပြိုပြီး အမှန်တစ်ကယ်ပြောင်းဒုက္ခရောက်တဲ့သူတွေဖြစ်မှသက်ညှာစွာစဉ်းစားပေးလို့ရပါမယ်။”ဟု ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း-ကပြောသည်။

 

အဆိုပါ မြစ်ကမ်းပါးများပြုကျ၍ ပြောင်းရွေ့လာသူများအား ကစစ(၁၆) မိုလ်းကောင်းစက်မှုကျောင်းနှင့် အောင်စင်္ကြာဘုန်းတော်ကြီးကျောင်း၊မိုလ်းကောင်းကျောင်းတိုက်တို့မှ ကူညီထောက်ပံ့ပေးနေမှုများအပြင် အခြားသောအလှူရှင်များမှ လာရောက်ကူညီပေးနေမှုများရရှိနေခဲ့ပြီး ပြောင်းရွေ့လာသည့် အိမ်ခြေပေါင်း ၂၀-ခန့်ရှိ၍ ပြောင်းရွေ့လာလူဦးရေ ၅၀-ခန့်ရောက်ရှိနေပြီး ယင်းလယ်မြေများအပေါ် အိမ်ယာကွက်တည်ဆောက်အသုံးပြုနေမှုကြောင့် မေ-၁၇ ရက်စွဲပါ စာဖြင့် လာမည့် ၄.၆.၂၀၁၆ ရက်နေ့တွင် အပြီးရှင်းလင်းဖယ်ရှားပေးရန် ပန်းတောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးရဲဝင်း-မှ လက်မှတ်ရေးထိုး၍ လယ်မြေပိုင်ရှင်များထံသို့ ယင်းစာများထုတ်ပြန်ကြေငြာထားခဲ့ပြီး သတ်မှတ်ရက်ထက်ကျော်လွန်၍ ဖယ်ရှားခြင်းမပြုပါက လယ်ယာမြေဥပဒေပုဒ်မ ၂၀-အရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ယင်းစာအရသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ..

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)







0 comments:

Post a Comment

Facebook Like Page