Tuesday, May 31, 2016

စာသင်ကျောင်းဆောင်သစ်များဆောက်လုပ်ရာ ၆-လခန့်အကြာတွင် နံရံများ နှင့် ဖောင်ဒေးရှင်းများ အက်ကွဲမှုများဖြစ်ပေါ်ခဲ့

Leave a Comment



စာသင်ကျောင်းဆောင်သစ်များဆောက်လုပ်ရာ ၆-လခန့်အကြာတွင် နံရံများ နှင့် ဖောင်ဒေးရှင်းများ အက်ကွဲမှုများဖြစ်ပေါ်ခဲ့

 

ပြည်၊မေ၊၂၀၁၆

 

၂၀၁၅/၁၆-ခု ဘဏ္ဍာရေးနှစ်(ငွေလုံးငွေရင်း)ခေါင်းစဉ်အောက်တွင် Autumn Dream-ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင်အသစ် ငါးဆောင်လုံးမှာ တည်ဆောက်ပြီး ၅-ခန့် ၆-လခန့်မှာတွင် နံရံများ နှင့် အောက်ခြေဖောင်ဒေးရှင်းများ အက်ကွဲမှုများဖြစ်ပေါ်လျှက်ရှိကြောင်း ကျောင်းအကျိုးတော်ဆောင်ကော်မတီများထံကသိရသည်။

 

အဆိုပါ နံရံများ နှင့် အောက်ခြေဖောင်ဒေးရှင်းများကွဲအက်နေသည့် စာသင်ကျောင်းဆောင်သစ်များ နှင့်ပတ်သက်ပြီး မေ ၁၁ ရက်နေ့ နှင့် မေ ၂၂-ရက်နေ့တို့တွင် ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးမှုများ၊ အချက်လက်ယူခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ကုမ္ပဏီကနေတစ်ဆင့် ပြည်မြို့က ကန်ထရိုက်ကိုပြန်တည်ဆောက်ခိုင်းတာ။ကျွန်တော်တို့လည်းပထမ ကျွန်တော်တို့တစ်ကျောင်းထဲဖြစ်နေတယ်လို့ထင်ခဲ့တာ။ နောက်ပိုင်းကျွန်တော်တို့တွေလိုက်လံစုံစမ်းလိုက်တော့ သူတို့ ကန်ထရိုက်ယူတည်ဆောက်တဲ့ စာသင်ကျောင်းတိုင်းကျွန်တော်တို့လိုဖြစ်နေတယ်။အောက်ခြေဖောင်ဒေးရှင်းတွေ အကြီးကြီးကွဲအက်တာနဲ့ နဲနဲလေးကွဲအက်တာပဲကွာခြားပြီး ကျောင်းဆောင်နံရံတွေအကုန်လုံးကတော့ အက်ကွဲတာခြင်းတူညီတယ်။ကုမ္ပဏီကလည်း စာသင်ကျောင်းငါးခုစလုံးအတူတူပဲ ကန်ထရိုက်ယူတာလည်းအတူတူပဲ။အရည်အသွေးညံ့တဲ့ပစ္စည်းတွေသုံးတယ်။သတ်မှတ်ထားတဲ့စာရင်းစည်းကမ်းထဲက အတိုင်းမသုံးဘူး။ကျွန်တော်တို့ပြောတော့လည်းလက်မခံဘူး။ဒီကျောင်းဆိုရင်နောက်ထပ် ခြောက်လတောင်ခံမှာမဟုတ်ဘူး။ခုလိုကွဲအက်နေချိန်မှာ ကလေးတွေစာသင်ဖို့မသင့်တော်ဘူး။တတ်သိပညာရှင်တွေစီစစ်ပြီး နိုင်ငံတော်ကချပေးတဲ့ ဒီဘဏ္ဍာငွေတွေကို ဒီကျောင်းဆောင်မှာ အကုန်လုံးအသုံးချပေးစေချင်တယ်။ခုတိုင်းကလေးတွေကိုစာသင်နေမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်တယ်။ကျောင်းဆောက်ပြီးတာ ခြောက်လလောက်ပဲရှိပါသေးတယ်။”ဟု ဦးမောင်ဝင်း အုပ်ဆွဲအုပ်စု၊၀န်တင်ဆိပ်ကျေးရွာ၊ရွာမိရွာဖ ကပြောသည်။

 

အဆိုပါ ပြည်မြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်များဖြစ်သည့် ကံပေါ်ရိပ်သာကျောင်း အလက(၁) ပေ-၁၀၀x၃၀-RC-(၂)နှစ်ထပ်ကျောင်းဆောင်သစ်၊အလက(ခွဲ)ဇီးအုပ် ပေ-၆၀x၃၀ တစ်ထပ်ကျောင်းဆောင်သစ်၊မှုလွန်-ဗြဟော်ကျေးရွာ ပေ-၆၀x၃၀ တစ်ထပ်ကျောင်းဆောင်သစ်၊အထက်တန်းကျောင်း(ခွဲ)အရှေ့ပေါက်တော ပေ-၉၀x၃၀ တစ်ထပ်ကျောင်းဆောင်သစ်၊အလက(ခွဲ)၀န်တင်ဆိပ်ရွာ ပေ-၉၀x၃၀ တစ်ထပ်ကျောင်းဆောင်သစ် စသည့်အဆိုပါ စာသင်ကျောင်းဆောင်သစ် ငါးဆောင်လုံးမှာ တည်ဆောက်ပြီး ၅-လ နှင့် ၆-လခန့်မှာတွင် နံရံများ၊အောက်ခြေဖောင်ဒေးရှင်းများ အက်ကွဲမှုများဖြစ်ပေါ်လာခဲ့ပြီး အဆိုပါစာသင်ကျောင်းဆောင်သစ် ငါးဆောင်အနက် ၀န်တင်ဆိပ်ကျေးရွာအတွင်းတည်ဆောက်ထားသည့် စာသင်ကျောင်းဆောင်သစ်မှာ ပိုမိုဆိုးရွားစွာ အောက်ခြေဖောင်ဒေးရှင်းများ အက်ကွဲမှုများ နံရံများအက်ကွဲမှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

 

“၂၀၁၅/၁၆ ဘဏ္ဍာရေးနှစ်မှာ ချထားပေးတဲ့စာသင်ကျောင်းတွေကိုဒေသခံတွေသင်ပြချက်အရလိုက်ကြည့်တယ်။စာသင်ကျောင်းတွေဟာ ဖောင်ဒေးရှင်းတွေနိမ့်တယ်။ပက်ကြားတွေကွဲအက်တယ်။အမိုးတွေက ပြုတ်ကျတော့မဲ့အတိုင်းနိမ့်ကျနေတာတွေဖြစ်နေတယ်။တစ်ချို့ဆို ပြုတ်ကျနေတာတွေအထိရှိနေတယ်။သတ်မှတ်အရည်သွေးနဲ့ညီအောင်ဆောက်မသွားဘူး။ဘယ်အမျိုးအစားတွေနဲ့ဘယ်လိုဆောက်ရမယ်ဆိုတဲ့ စာရင်းနဲ့လည်းကွဲလွဲနေတာတွေတွေ့ခဲ့ရတယ်။ဒီကိစ္စတွေကို သက်ဆိုင်ရာလွှတ်တော်ကနေ အဆိုတင်သွင်းထားပြီးပါပြီ။သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်းကျွန်တော်တို့ပြေားထားခဲ့ပြီးပါပြီ။ပြည်ခရိုင်ပညာရေးမှူး နဲ့ မြို့နယ်ပညာရေးမှူးတို့ကိုလည်းကျွန်တော်တို့ပြောထားခဲ့ပြီးပါပြီ။စာချုပ်မှာ ငါးနှစ်သက်တမ်းအာမခံရမယ်လို့ပါတယ်။အခုကျောင်းတွေက ငါးလတောင်မပြည့်သေးမှီခုလိုတွေဖြစ်တာတော့လွန်ပါတယ်။Autumn Dream-ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ကျွန်တ်ာတို့ဒေသခံတွေညှိနိုင်းမယ်။စာချုပ်ပါတဲ့အတိုင်း ပြန်လည်ပြင်ဆင်ပေးဖို့တောင်းဆိုမှာဖြစ်ပါတယ်။အပေါ်ယံလေးဖာထေးနေတာတွေလည်း အခုပြန်အက်ကွဲနေခဲ့ပါတယ်။ဖာထေးပြုပြင်နေတာကိုမလိုလားပါဘူး။စာချုပ်ပါစည်းကမ်းချက်အတိင်းပြန်လည်ပြင်ဆင်ပေးဖို့ပဲလိုအပ်ပါတယ်။” ဟု ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကပြောသည်။

 

အဆိုပါ စာသင်ကျောင်းနံရံများ နှင့် အောက်ခြေဖောင်ဒေးရှင်းများ ကွဲအက်မှုနှင့်ပတ်သက်ပြီး Autumn Dream-ကုမ္ပဏီမှ GM-ဦးတေဇာလင်းမြင့်-ဖုန်း ၀၉-၄၂……..နှင့် ပြည်မြို့နယ်ပညာရေးမှူး ဦးငြိမ်းမြင့်-ဖုန်း-၀၉-၄၂…….-တို့အား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်းဖုန်းကိုင်ဆောင်ခြင်းမရှိခဲ့ပါ။

 

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ…..

 

 









0 comments:

Post a Comment

Facebook Like Page