Sunday, May 22, 2016

Leave a Comment


အမှတ်(၁)သံမဏိစက်ရုံတည်ဆောက်စဉ်က သိမ်းဆည်းထားသည့်လယ်မြေဧကများ ဒေသခံများလက်မှတ်ရေးထိုးပေးပြီးသော်လည်း ယနေ့ထိနစ်နာကြေးငွေမရရှိသေး
အောင်လံ၊မေ၊၁၉
မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊အတွင်းရှိ မြင်းကပိုင်အုပ်စု၊ကွမ်းလောင်းအုပ်စု၊ငါ့ပြင်းအုပ်စုအတွင်ရှိ ကျေးရွာပေါင်း ၇-ရွာမှ လယ်ယာမြေများအား အမှတ်(၁)သံမဏိစက်ရုံတည်ဆောက်ရန်မြေနေရာများ နှင့် စက်ရုံမှအသုံးပြုမည့် ရထားလမ်း၊ကားလမ်းများဖောက်လုပ်မည့်မြေနေရာများအား နှစ်နှစ်ကြာမြင့်သည့်တိုင်အောင် နစ်နာကြေးမပေးသဖြင့် ဒေသခံကျေးရွာသူ ရွာသားများက ၄င်းကိစ္စနှင့်ပတ်သက်ပြီး မေ-၁၉-ရက်နေ့တွင် မီဒီယာများခေါ်ယူ၍ တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အမှတ်(၁)သံမဏိစက်ရုံအား ၁၉၉၇-ခုနှစ်ခန့်တွင်စတင်တည်ဆောက်ခဲ့ပြီးနောက်ပိုင်း ထိုသံမဏိစက်ရုံအတွက်းကုန်ပစ္စများသယ်ပို့ရန်အတွက် စက်ရုံလမ်းများ၊မီးရထားလမ်းများ၊စက်ရုံတည်ရာမြေနေရာများအတွက် လယ် နှင့် ယာမြေဧကပေါင်း ၃၃၉-ဧကအား ၄င်းသံမဏိစက်ရုံမှတာဝန်ရှိသူများက သိမ်းဆည်းခဲ့တာဖြစ်ကြောင်းဒေသခံများထံမှသိရသည်။
“နိုင်ငံတော်ပိုင် သံမဏိစက်ရုံဆောက်လုပ်တဲ့အတွက် ၁၉၉၇ ခုနှစ်လောက်မှာ ကျွန်တော်တို့ရွာသူ ရွာသားတွေကျေးရွာပေါင်း ခုနှစ်ရွာက လယ်ယာမြေတွေ ဧကပေါင်း ၃၃၉-ဧက ကိုစက်ရုံကလူတွေသိမ်းသွားကြတယ်။နစ်နာကြေးပေးမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတော့ အကုန်လုံးက လက်မှတ်ထိုးပေးလိုက်တယ်။အခုချိန်အထိ နစ်နာကြေးတစ်ပြားမှမရသေးဘူး။သက်ဆိုင်ရာဌာနနဲ့ နိုင်ငံတော်အကြီးအကဲတွေကို ပထမအစိုးရလက်ထက်ကတည်းကတင်ပြတိုင်ကြားခဲ့တယ်။တိုင်ကြားစာပေးပို့ပြီးနောက်ပိုင်း သံမဏိစက်ရုံက စက်ရုံမှူးကြီး နဲ့ မြေစာရင်းတွေထပ်ရောက်လာပြီး ထပ်ပြီးတိုင်းတာသွားတယ်။အခုထိနစ်နာကြေးမရဘူး။လယ်တွေယာတွေအသိမ်းခံရစဉ်က ယာထဲလယ်ထဲမှာစိုက်ထားတဲ့ သီးနှံတွေအပေါ်ကိုဂေါ်ထိုးကားကြီးနဲ့ ထိုးကော်ပြီး လမ်းတွေဖောက်သွားကြလို့ သီးနှံတွေအားလုံးပျက်စီးခဲ့ရတယ်။ စက်ရုံအတွက်သီးသန့်အသုံးပြုတဲ့ ကားလမ်း ရထားလမ်း စက်ရုံမြေနေရာတွေသိမ်းတာကို အသိပေးအကြောင်းကြားပြီးသိမ်းတာမဟုတ်ဘူး။လယ်တွေယာတွေအသိမ်းခံရပြီးနောက်ပိုင်း ကျွန်တောနဲ့ ကျွန်တော့မိသားစု ဘ၀ပျက်တယ်။ သမီးလေးကိုကျောင်းမထားနိုင်တော့ ကျောင်းသားဘ၀ကနေ အလုပ်သမားဘ၀ရောက်သွားရရှာတယ်။ကျွန်တော့မိသားစုဝင်တစ်ယောက်ကလည်း အဲဒိစိတ်နဲ့ပဲ နှလုံးရောဂါရပြီး နောက်ဆုံးသေဆုံးသွားခဲ့ရတယ်။ကျွန်တော်တင်ဖြစ်နေတာမဟုတ်ဘူး ကျေးရွာပေါင်း ခုနှစ်ရွာက အသိမ်းခံရသူတွေအကုန်လုံးလယ်ပိုင်ကနေ လယ်လုပ်သားဘ၀တွေရောက်ကုန်ရတာ။ကျွန်တော်အပါဝင် လယ်ယာအသိမ်းခံရတဲ့သူတွေအားလုံးက ဒီလယ်ယာမြေတွေပြန်လိုချင်တယ်။မရရင်နစ်နာကြေးပေးစေချင်တယ်။အစိုးရသစ်လက်ထက်မှာကျွန်တော်တို့ထပ်မံတောင်းဆိုပါတယ်။မရမခြင်းဒီကိစ္စကိုဆက်လက်ကြိုးစားသွားနေမှာပါ။စက်ရုံကမလည်ပတ်တော့ပါဘူးဝန်ထမ်းအင်အား ၆၀-လောက်နဲ့ရုန်းကန်နေကြတာပါ။အဲဒိဝန်ထမ်းတွေထဲမှာ လယ်ယာအသိမ်းခံရတဲ့ ကျေးရွာသူကျေးရွာသားတွေမပါဘူး။” ဟု လယ်ယာအသိမ်းခံရသူ မြင်းကပိုင်အုပ်စု၊ကျောက်စွယ်ကျိုးကျေးရွာ၊ဦးလှထွန်း-ကပြောသည်။
အဆိုပါ အမှတ်(၁)သံမဏိစက်ရုံတည်ဆောက်ထားသည့်မြေနေရာများအပါဝင် စက်ရုံမှသီးသန့်အသုံးပြုသည့် ရထားလမ်း၊ကားလမ်းများဖောက်လုပ်ထားရှိသည့်မြေနေရာ လယ်ယာမြေများကိစ္စနှင့်ပတ်သက်ပြီး ၉-၅-၂၀၁၃ ခုနှစ်မှာ မကွေးတိုင်းဒေသကြီး လယ်ယာမြေသိမ်းဆည်းခံရမှုကော်မရှင် အဖွဲ့(၅) ဦးလှဆွေ ဦးဆောင်သည့်အဖွဲ့မှလာရောက်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဦးဆောင်သူ ဦးလှဆွေမှ စက်ရုံမှူးအား နစ်နာကြေးပေးရန်မှာထားခဲ့မှုကို စက်ရုံမှူးဆိုသူက လက်ခံခဲ့ပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအား ၁၀-လခန့်ဆောင်ရွက်ခဲ့ကြသိရသည်။
“ဒီဒေသ ဒီရွာကလူတွေအတွက် လမ်းတွေဖောက်လုပ်ပြီး ဒီလမ်းတွေအပေါ်ကို ဒေသခံရွာသူရွာသားတွေ ၂၄-နာရီဖြတ်သန်းသွားလာခွင့်ပြုပေးထားခဲ့တယ်။အရင်ကတော့ တောကြီးပါ။ ဒီဒေသဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလှမ်းတွေရရှိအောင်လို့ ဒီအမှတ်တစ် သံမဏိစက်ရုံတည်ဆောက်ခဲ့ကြတာ။ဝန်ထမ်းတွေအာလုံး ဒီဒေသကလူတွေပါပဲ။ ဆင်တဲ-စက်မှုသင်တန်းကျောင်းမှာ ၁၀-တန်းမအောင်တဲ့သူတွေကိုတောင်သင်တန်းပေးပို့ခဲ့ပြီး ဒီနေရာမှအလုပ်ရအောင်အထိလုပ်ဆောင်ပေးခဲ့တယ်။ဒေသခံဝန်ထမ်းက ဒီစက်ရုံမှာ ၁၈၀-လောက်ခန့်အပ်ထားပါတယ်။သူ့အပိုင်းတွေနဲ့သူတာဝန်ယူထားတာတွေရှိပါတယ်။အရေးကြီးပိုင်းကိစ္စတွေကို အကြီးပိုင်းတွေကလုပ်ဆောင်ကြပါတယ်။ကျွန်တော့အထက်က လူကြီးကိုလည်းဒီကိစ္စတင်ပြပေးပါ့မယ်။လုပ်ထားတာက လူကြီးပိုင်းကလုပ်တဲ့ခါကျတော့ အများကြီးသိပ်မသိဘူး။” ဟု အမှတ်(၁)သံမဏိစက်ရုံ လက်ထောက်စက်ရုံမှူး ဦးတင်အေး-ကပြောသည်။
အဆိုပါ အမှတ်(၁)သံမဏိစက်ရုံအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့်ပတ်သက်ပြီး ၈-၃-၂၀၁၄-ခုနှစ်တွင် သိမ်းဆည်းခံလယ်ယာမြေများ နှင့်ပတ်သက်ပြီး အောင်လံမြို့နယ်လယ်ယာစီမံခန့်ခွဲရေးကော်မတီ(မြေစာရင်းဦးစီးဌာန)စိုက်ပျိုးရေးဌာန၊စီမံကိန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလာရောက်ခဲ့ပြီး ဒေသခံများ နှင့်တွေ့ဆုံကာ လယ်တစ်ဧကလျှင်-ဆယ့်ရှစ်သိန်း နှင့် ယာတစ်ဧကလျှင်-ဆယ့်ငါးသိန်း နစ်နာကြေးပေးဆောင်မှုကို မှုလပထမက ဒေသခံများငြင်းဆန်ခဲ့ပြီး တာဝန်ရှိသူများမှ ကျေနပ်ပေး၍ လက်ခံပေးစေလိုကြောင်းထပ်မံတိုက်တွန်းလာသဖြင့် အားလုံးသဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နစ်နာကြေးငွေမရခဲ့မှုများဖြစ်ပေါ်လာခဲ့ပြီး ဒေသခံများမှ အမှတ်(၁)သံမဏိစက်ရုံမှူးထံသို့ သွားရောက်တွေ့ဆုံခဲ့မှုကို စက်ရုံမှူးမှစတင်၍ တိမ်းရှောင်ခဲ့ပြီး ၄င်းကိစ္စနှင့်ပတ်သက်ပြီး အောင်လံမြို့နယ်လယ်ယာစီမံခန့်ခွဲရေးကော်မတီသို့ သွားရောက်တွေ့ဆုံခဲ့ရာ ၄င်းကိစ္စများနှင့်ပတ်သက်ပြီး အထက်သို့တင်ပြထားကြောင်း နှင့် ကျန်ရှိသည့်ကိစ္စများသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏တာဝန်သာဖြစ်ကြောင်းပြောကြားခဲ့ပြီး ယနေ့အချိန်အထိ ဒေသခံများ နစ်နာကြေးငွေမရရှိခဲ့တော့ကြောင်းသိရသည်။၎င်းကိစ္စများနှင့်ပတ်သက်ပြီး ဒေသခံများမှ လက်ရှိအစိုးရထံသို့ အကူအညီတောင်းခံသည့်သဘောမျိုးဖြင့် ကူညီဖြေရှင်းပေးရန်တောင်းဆိုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများ နှင့် နိုင်ငံတော်အကြီးအကဲများထံဆက်လက်တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
ဒီမိုကရေစီတူဒေးသတင်းစာ
သတင်း-K3(pyay) နှင့် HT
ဓါတ်ပုံ-K3(pyay)
ပြည်သတင်းလူငယ်-ပြည်သတင်း
၀၉-၂၅၃၃၁၁၀၁၉




0 comments:

Post a Comment

Facebook Like Page