Thursday, January 21, 2016

မြစ်သဲကျောက်စုတ်ယူနေမှုကြောင့် ရေလုပ်သားတစ်ချို့ မြစ်ငါးများရှာဖွေမှုအခက်ခဲများဖြစ်ပေါ်နေ

Leave a Comment



မြစ်သဲကျောက်စုတ်ယူနေမှုကြောင့် ရေလုပ်သားတစ်ချို့ မြစ်ငါးများရှာဖွေမှုအခက်ခဲများဖြစ်ပေါ်နေ





ဧရာဝတီမြစ်အတွင်း မြစ်သဲကျောက်စရစ်များစုတ်ယူနေမှုကြောင့် မြစ်ငါးများရှာဖွေ၍ အသက်မွေးဝမ်းကြောင်းပြုနေရသည့် ရေလုပ်သားများ အခဲအခက်များဖြစ်ပေါ်လျှက်ရှိသည်။



အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဒေသခံများမှ ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်န၀ါရီ ၇-ရက်နေ့တွင်တစ်ကြိမ်၊ဇန်န၀ါရီ ၁၂- ရက်နေ့တွင် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့တစ်ကြိမ် သွားရောက်အကြောင်းကြားခဲ့သော်လဲ ယနေ့အထိဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။





“အခုနှစ်စပိုင်းလောက်ကတည်းက ကျောက်စရစ်တွေလာစုတ်နေကြတာ။ ရွာထဲကရွာမိ ရွာဖတွေလှေတွေနဲ့သွားတားရင် နေရာမှားပြီးစုတ်တာလို့ပြန်ပြောပြီး တားပြီးအပြန်နာရီဝက်လောက်နေရင် နောက်တစ်စီးလာစုတ်ပြန်ရော။ရွာမှာက လယ်ယာကိုင်းအဓိကအားမထားရတော့ ရေလုပ်ငန်းနဲ့အဆင်ပြေအောင်မနည်းရုန်းကန်နေရတာ။ငါးဖမ်းပိုက်ကွန်တွေပျက်သွားလဲ အလျော်ပြန်မရဘူး။သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို သွားတိုင်တာလဲ ဘာမှလုပ်မပေးကြဘူး။ ကြာရင်ရွာကလူငယ်တွေနဲ့ပြဿနာတွေဖြစ်ကုန်တော့မှာ။ ရွာကလူငယ်တွေက ဓါးနဲ့သွားခုတ်မယ်။မီးရှို့မယ်။အဲလိုတွေကျိန်းဝါးကုန်နေလို့ မနည်းတားထားရတယ်။” ဟု ရွာသစ်ကျေးရွာ ကိုသန်းစိုးက က၀ိဂျာနယ်သို့ ပြောသည်။



အဆိုပါ ဧရာဝတီမြစ်အား အဓိကအားထား၍ ရေလုပ်ငန်းငယ်လေးများဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ရွာသစ်ကျေးရွာနေဒေသခံတို့သည် နှစ်စဉ် ငါးလုပ်ငန်းအတွက် ၁-နှစ်လျှင် ၁၂၀၀၀ိ/ကျပ်အား ငါးလုပ်ငန်းလိုင်စင်အတွက် လုပ်စားပိုင်ခွင့်လိုင်စင်အား နိုင်ငံတော်သို့ အခွန်ပေးဆောင်နေကြရပြီး ယခုလိုမြစ်သဲကျောက်များအား သတ်မှတ်နေရာထက်ကျော်လွန်လာရောက်စုတ်ယူနေခြင်းများကြောင့် ရေလုပ်ငန်းသုံးငါးဖမ်းပိုက်များပျက်စီးခြင်း၊ငါးရှားပါးလားခြင်း၊ကမ်းပါးများပြိုကျလာခြင်းများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။





“တရားဝင်ကျောက်ကွက် ကျတဲ့နေရာအတွက်လိုင်စင်ရှိပြီးသားပါ။ သတ်မှတ်နေရာမှာပဲစုတ်ယူခွင့်ရှိတယ်။ လိုင်စင်ရဲနောက်ကျောမှာ ရေထုရေအနက်ပေတွေအကုန်ပါတဲ့ ခွင့်ပြုချက်နေရာဖော်ပေးထားပါတယ်။ အဲဒီအချက်အလက်တွေနဲ့မကိုက်ညီပဲ သတ်မှတ်နေရာမဟုတ်ပဲ စုတ်ယူနေရင် ရေမြစ်ကြောင်းဖြိုးကို တရားစွဲဆိုဖို့အထိစာထုတ်ပေးထားပါတယ်။သက်ဆိုင်ရာဌာနက ဥပဒေအရအရေးယူသွားမယ်လို့ကြေငြာထားပြီးသားပါ။ရေမြစ်ကြောင်းဖြိုးကပေးထားတဲ့မြေပုံကအဓိကပိုမှန်တယ်။ အရင်ကကျောက်စုတ်မော်တော်တွေ ကျောက်တစ်ကျွင်းကို နိုင်ငံတော်အခွန် နှစ်ရာလောက်ပဲပေးရတာ။ အခုက ကျောက်တစ်ကျွင်းကို နှစ်ထောင်လောက်ဆိုတော့ အရင်က ၇-သိန်းလောက်နိုင်ငံတော်အခွန်ဆောင်နေရတဲ့သူက အခုနှစ် သိန်း ၅၀-လောက်ဆောင်နေကြရတယ်။ မြစ်သဲကျောက်စုတ်ယူနေတဲ့သူတွေက သတ်မှတ်စည်းကမ်းနဲ့ ဥပဒေလိုက်နာဖို့လိုသလို ဒေသခံတွေကလဲ တရားဝင်လုပ်နေတယ်ဆိုရင် မနှောင့်ယှက်ရဘူး။နောက်တစ်နှစ်လေလံပြန်စွဲမှ ဒေသခံတွေကန့်ကွက်လို့ပဲရပါမယ်။” ဟု ပြည်ခရိုင်အုပ်ချုပ်ရေးမှူး က က၀ိဂျာနယ်သို့ ပြောသည်။





အဆိုပါ မြစ်အတွင်းမြစ်သဲကျောက်စုတ်ထုတ်ယူနေမှုကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့ ရွာသာယာရွာအုပ်စု  ရွာသစ်ကျေးရွာအနီးမှာ မြစ်သဲကျောက်များအား ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးရုံး(နွားမယံ)တို့မှ ချထားပေးသည့် မြစ်သဲကျောက်စုတ်ယူရန် သတ်မှတ်ထားသည့်အကွက်များမှကျော်လွန်ကာ လာရောက်စုတ်ယူနေမှုကြောင့် ဒေသခံရွာသားများက မကြာခဏဆိုသလို သွားရောက်တားဆီးနေရကြောင်းသိရသည်။





ခေတ္တရာမောင်(ပြည်)က၀ိဂျာနယ်


0 comments:

Post a Comment

Facebook Like Page