Thursday, January 21, 2016

သက်ဆိုင်ရာဌာနတွေမှ ပင်လယ်အတွင်းငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်နေမှုကို ထိရောက်စွာကိုင်တွယ်မဖြေရှင်းပေး၍ ဆန္ဒထုတ်ဖော်

Leave a Comment



သက်ဆိုင်ရာဌာနတွေမှ ပင်လယ်အတွင်းငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်နေမှုကို ထိရောက်စွာကိုင်တွယ်မဖြေရှင်းပေး၍ ဆန္ဒထုတ်ဖော်





ပင်လယ်အတွင်းရေးလုပ်ငန်းအတွက် ငါးရွေးခြင်းလုပ်ငန်းများလုပ်ကိုင်ရမည်ဟုဆိုကာ တစ်လလျှင် ကျပ်တစ်သိန်းခွဲ ရမည်ဟုဆို၍ ပွဲစားများမှလိမ်လည်ခေါ်သွားပြီး ပင်လယ်အတွင်း တစ်လ၀င်ငွေ ငါးသောင်းကျပ်ပဲရရှိခါ ငါးဖမ်းခြင်းလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြသည့် မိသားစုများမှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း ထိရောက်စွာအရေးယူပေးခြင်းမရှိသဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဇန်န၀ါရီ ၂၁ ရက် နံနက် ၉-နာရီချိန်ခန့်က အောာင်ဆန်းပြည်သာယာရပ်ကွက် မှစတင်ကာ ဘုရားကြီးဘုရားအနီးသို့ ချီတက်လမ်းလျှောက်ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။



အဆိုပါကိစ္စများ နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ပြည်ခရိုင်) ရုံးသို့ သွားရောက်တိုင်ကြားထားခဲ့ကြောင်းသိရပြီး သေချာထိရောက်စွာဆောင်ရွက်မပေးမှုကြောင့် ယခုလိုဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး ဆန္ဒဖော်ထုတ်ရာတွင်  ရေလုပ်ငန်းသွားရောက်လုပ်ကိုင်နေကြသူများ၏ ဓါတ်ပုံများကိုင်ဆောင်ကာ ရပ်ကွက်သူ ရပ်ကွက်သားများရဲ့ ဒုက္ခကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီးမသိ ချင်ယောင်ဆောင်မနေပါနဲ့၊ ကျွန်တော်/မတို့၏ သားသမီးတွေမတရားစေခိုင်းတာခံနေရပြီ၊အခြေခံလူ့အခွင့်ရေး ဆုံးရှုံးနေသော လူမွဲဆင်းရဲသားများကို ကူညီကြပါ။ ဟူသောစာသားပါ ဗီနိုင်းပိုစတာများ၊အဓမ္မ အလုပ်စေခိုင်းမှု ငြင်းဆိုလိုက်ပါ စာသားပါရှိသည့် ပိုစတာများကိုဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။



“သမီးကလေးမမွေးခင် သမီးဗိုက်ကြီးနဲ့ကတည်းက သွားပြီးအလုပ် လုပ်နေတာ။ပြောတော့ တစ်သိန်းခွဲ နှစ်သိန်းရမယ်ဆိုပြီး ခေါ်သွားကြတာ။သမီးအခုကလေးမွေးပြီးတာသိပ်မကြာသေးဘူး။သမီးယောက်င်္ကျားသေသလားရှင်သလားမသိရဘူး။ဟိုမှာ တအားအလုပ်တွေပင်ပင်ပန်းပန်းလုပ်နေရတယ်လို့ပြောတယ်။အခုပြန်လာတဲ့သူတွေပြန်လာပြီ။ သမီးယောက်င်္ကျားပြန်မလာသေးဘူး။သမီးယောက်င်္ကျာကို အားလုံးကူညီကယ်တင်ပေးကြပါ။သက်ဆိုင်ရာကလူကြီးတွေက ထိထိရောက်ရောက်တရားစွဲဆိုကူညီပေးတာမရှိလို့ သမီးတို့အခုလိုဆန္ဒထုတ်ဖော်ကြရတာပါ။”ဟု လသားအရွယ်ကလေးငယ်လေးတစ်ဦးဖြင့် ကျန်ရစ်ခဲ့၍ ဆန္ဒဖော်ထုတ်သူ အမျိုးသမီးတစ်ဦးက က၀ိဂျာနယ်သို့ ပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်ခွင့်ကို ဇန်န၀ါရီ ၁၆ ရက်နေ့ကဆန္ဒထုတ်ဖော်ခွင့်အား မြို့နယ်ရဲမှူးထံသို့တင်ပြတောင်းခံခဲ့တာဖြစ်ပြီး ဆန္ဒထုတ်ဖော်ခွင့်အား ဇန်န၀ါရီ ၂၁ရက်နေ့တွင်ပြန်လည်ရရှိခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ပင်လယ်တွင်းရေလုပ်ငန်းများသွားရောက်လုပ်ကိုင်ကြသည့် မိသားစုဝင်များ စုစုပေါင်း အင်အား ၃၀-ကျော်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၂၁ရက် နံနက် ၉-နာရီ မှ ၁၂ နာရီအထိကို အောင်ဆန်းပြည်သာယာရပ်ကွက်မှစတင်ကာ ဘုရားကြီးဘုရားအထိဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။



“ဟိုမှာ မသန်စွမ်းသူတစ်ယောက်နဲ့ အသက်မပြည့်တဲ့ကလေးငယ်တစ်ယောက်လဲတွေ့ခဲ့ရတယ်။သူတို့အလုပ်ဖြစ်မြောက်ရေးပဲကြည့်ကြတယ်။ ကျန်တာတွေသူတို့ဂရုမစိုက်ဘူး။ သူတို့ကို ကမ်းတင်ပေးဖို့တောင်းဆိုတိုင်း အဆဲခံရတယ်။ မင်းတို့သေမှ ကမ်းတင်ပေးမယ်လို့ပြောကြတယ်။၂၄-နာရီကို ၂-နာရီပဲအိပ်ပိုင်ခွင့်ပေးတယ်။ သူတို့စကားနားမထောင်ရင် တစ်ခါထဲ ပင်လယ်ထဲကန်ချပစ်တယ်။ အာဗြဲချောက်(ငါးခြောက်)နှစ်အိတ် ရဲကိုပေးလိုက်ရင် အဲဒိလိုကိစ္စတွေ ဘယ်သူမှတောင်မသိလိုက်ဘူးလို့သူတို့အမြဲပြောတယ်။မင်းတို့အသက်က ငါးချောက်နှစ်အိတ်ဖိုးလောက်ပဲရှိတယ်ဆိုပြီးမကြာခဏကျိန်းမောင်းလေ့ရှိပါတယ်။အခုပြန်လာတာ ခြောက်ယောက်ပါ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဟိုမှာ အယောက်လေးဆယ်လောက်ကျန်နေသေးတယ်။ ကျွန်တော်တို့မသိတဲ့သူတွေရောဆိုရင်တော့ အားလုံး အယောက် ကိုးဆယ် နဲ့ တစ်ရာနည်းပါးလောက်ကျန်နေသေးတယ်။သူတို့တွေက ကျွန်တော်တို့ပြန်ခါနီးမှာ ဒီမှာဖြစ်ပျက်နေတာတွေကို သက်ဆိုင်ရာဌာနတွေကိုပြောပြပြီး လာကယ်ပေးပါလို့သေချာမှာထားပါတယ်။”ဟု လျှော်ထုံးကျေးရွာနေထိုင်သူ ပြန်လည်လွှတ်မြောက်လာသူ မောင်အောင်ပြည့်ငြိမ်း က က၀ိဂျာနယ်သို့ ပြောသည်။





အဆိုပါပင်လယ်အတွင်းငါးဖမ်းခြင်းလုပ်ငန်းများအား ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက  ပြည်မြို့ ၀က်ထီးကန်တိုက်နယ်အတွင်း လျှော်ထုံးကျေးရွာမှ ၁၆-ဦး နှင့် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်အတွင်း မှ ၆-ဦးတို့ကို အလုပ်သမားပွဲစားများက တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ်သို့ ပင်လယ်အတွင်း ရေလုပ်ငန်းများလုပ်ကိုင်ရန်ခေါ်ယူသွားခဲ့တာဖြစ်ပြီး ယနေ့ ခေါ်ဆောင်သွားသူများထဲမှ ၆-ဦးပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရသည်။



ခေတ္တရာမောင်(ပြည်)က၀ိဂျာနယ်


0 comments:

Post a Comment

Facebook Like Page