Friday, December 4, 2015

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် လမ်းပျော်ကလေးငယ်များကိုယ်တိုင် ပါဝင် တင်ဆက်ဖျော်ဖြေထားသည့် လမ်းပျော်ကလေးပြဇာတ် နှင့် စာပေဟောပြောပွဲအခမ်းအနားကျင်းပ

Leave a Comment

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် လမ်းပျော်ကလေးငယ်များကိုယ်တိုင် ပါဝင် တင်ဆက်ဖျော်ဖြေထားသည့် လမ်းပျော်ကလေးပြဇာတ် နှင့် စာပေဟောပြောပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် ပြည်မြို့ ယဉ်ကျေးမှုပြဇာတ်ရုံကြီးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီမှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ကလေးအခွင့်အရေးနေ့ အထိမ်းအမှတ်အနေဖြင့် မြန်နိုင်ငံအတွင်း ပထမဦးဆုံးအကြိမ်ကျင်းပမည့် လမ်းဘေးမှာနေကြသည့် လမ်းပျော်ကလေးငယ်များကိုယ်တိုင် ပါဝင် တင်ဆက်ဖျော်ဖြေထားသော လမ်းပျော်ကလေးပြဇာတ် နှင့် စာပေဟောပြောပွဲအခမ်းအနားအား ကရုဏာလက်များကွန်ရက် ပြည်မြို့က ဦးဆောင်ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် စာရေးဆရာ နှင့် သရုပ်ဆောင် များဖြစ်ကြသည့် အရိုင်း၊ညီမင်းညို တို့ကစာပေဟောပြောသွားခဲ့တာဖြစ်ပြီး ဟာသသရုပ်ဆောင် စိစိ၊အောင်ချစ်၊ပိုင်ကျော် ၊ဂီတကြယ်ပွင့်လေး ရွှေတံဆိပ် ထပ်ဆင့်ဆုရှင် ဘုန်းမြတ်ပိုင်ဦး ၊ ပူစီပေါင်းပညာရှင် ဂျိုကာ တို့ပါဝင်တင်ဆက်ခဲ့ကြသည်။

“ဓာတ်ပုံပေါင်း ၂၅ ပုံ ကျော်ပါဝင်ပါတယ်။လမ်းဘေးမှာနေတဲ့ ကလေးတွေကို ကျွန်တော်တို့သွားလာရင်း မြင်မိကြတဲ့အခါ စိတ်ထဲက ခံစားချက်အတိုင်း ရိုက်ကူးထားတဲ့ဓါတ်ပုံ ကဏ္ဍတစ်ခုအနေနဲ့ပါဝင်ချပြသွားမှာပါ။ဒီလိုကလေးတွေလမ်းပေါ်မရှိသင့်တော့ဘူး။စာသင်ခန်းထဲဝင်ရမဲ့အရွယ်တွေပါ။ ကျွန်တော့သားသမီး ပြည့်ပြည့်စုံစုံနဲ့ကျောင်းတက်နေရတဲ့အချိန် လမ်းဘေးက ကလေးတွေ အပြင်မှာသွားလာလှုပ်ရှားနေရတဲ့မြင်ကွင်းက ဘယ်လိုမှမခံစားနိုင်အောင်ဖြစ်ခဲ့မိတယ်။ ဒီကလေးတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပေးရမယ်။သူတို့ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်တွေရှိနေတယ်လေ။ပညာရေး၊လူမှုရေး၊ကျန်းမာရေးတွေကို နောက်ပိုင်း တစ်ဆက်တည်းပြုပြင်ပေးစေချင်တာပါ။ ဒီကလေးတွေဟာ လူတော်လူကောင်းဖြစ်လာရင်တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမလည်း လူဆိုးလူမိုက်ဘ၀နဲ့ ရပ်တည်ရှင်သန်လာခဲ့ရင် တိုင်းပြည် နဲ့ ပတ်ဝန်းကျင်အတွက် ဘယ်လောက်စိုးရိမ်စရာကောင်းလည်း ဒါကို အခုအစိုးရ နဲ့ နောက်အသစ်တက်လာမဲ့ အစိုးရပါ သေချာပြုလုပ်ဆောင်ရွက်ပေးစေချင်တယ်။ ဒီကလေးတွေကို ပြစ်ပယ်မထားပါနဲ့ ပြစ်ပယ်ထားရင် တိုင်းပြည်အတွက် အဆိပ်ဖြစ်သွားနိုင်တယ်။” ဟု ပြည်မြို့ဒေသခံ ဓါတ်ပုံဆရာ ကိုညီညီ(ခ) ကိုညီ ကသမဂ္ဂဂျာနယ်သို့ ပြောသည်။


အဆိုပါလမ်းပျော်ကလေးများ နှင့် ကလေးသူငယ်များအတွက် ကမ္ဘာ့ ကုလသမဂ္ဂ ကပြဌာန်းထားသည့် စာချုပ် နှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးက ကတိက၀တ်ပြုပြီး လက်မှတ်ရေးထိုးထောက်ခံထားသည့် ကလေးအခွင့်အရေး များအနှစ်ချုပ်အရ    ကလေးများအားလုံး ကျန်းမာရေး၊လူမှုရေး၊ပညာရေးများ စသည်များပါဝင်သည့် အသက်ရှင်သန် ရပ်တည်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ပါဝင်ခွင့်၊ကာကွယ်ခွင့် အခြေခံအချက်လေးချက်ပါဝင်လျှက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့လို ကရုနာလက်များကွန်ရက်အဖွဲ့က ပြည်နဲ့ ပက္ကခူမြို့တွေမှာရှိတယ်။တစ်နိုင်ငံလုံးမှာ လမ်းပျော်ကလေးနဲ့ပတ်သက်ပြီး အဓိကထားလုပ်ဆောင်ကြတဲ့အဖွဲ့က ငါးဖွဲ့လောက်ပဲရှိတယ်။အရမ်းနည်းနေတယ်။နိုင်ငံတော်ကလည်း အများကြီးလုပ်ဆောင်ပေးဖို့လိုအပ်နေသေးတယ်။ဒီပွဲလုပ်ရတာ လမ်းပျော်ကလေးတွေနဲ့ကလေးသူငယ်အခွင့်အရေးအားလုံးကို ပြည်သူလူထုထံအသိပညာပေးခြင်းဖြစ်ပါတယ်။ကလေးသူငယ်ဆိုင်ရာအခွင့်အရေးက မကြာခဏချိုးဖောက်ခံနေရတာတွေ များလို့ ခုလိုအသိပညာပေးလုပ်ခဲ့တာပါ။” ဟု ကရုနာလက်များကွန်ရက် ပြည်မြို့ အတွင်းရေးမှူး ကိုပုည က သမဂ္ဂဂျာနယ်သို့ ပြောသည်။

“သားက ဒီပြဇာတ်ထဲမှာ အခုဘ၀အတိုင်း တောင်းစားနေရတဲ့သူတစ်ယောက်အနေနဲ့ လူခြားထဲကနေတက်ပြီး သရုပ်ဆောင်ပြရမှာပါ အရမ်းပျော်ဖို့ကောင်းပါတယ်။။ကရုနာ လက်များ ကျောင်းမှာရောက်နေတာ ၄ လကျော်ပြီ။ အဲဒိစာသင်ကျောင်းမှာ စားရတာတွေအကုန်အဆင်ပြေပါတယ်လိုလေသေးမရှိအောင် ဆရာတွေကူညီကြပါတယ်။ ပညာလည်းသင်ကြားပေးပါတယ်။ ဈေးကြီးနားမှာလည်း နေပါတယ်။သားတို့ကို ပြည်သူတွေရော နိုင်ငံအကြီးပိုင်းက လူတွေရော ၀ိုင်းဝန်းကူညီစောင့်လျှောက်ပေးကြပါ။ ကျောင်းတက်ချင်တဲ့သူတွေလည်းရှိနေသေးတယ်။ သားကတော့ မတက်ချင်တော့ဘူး။ သားအသက် ၁၃ နှစ်ပါ။လေးတန်းနဲ့ကျောင်းထွက်ခဲ့တာ။ သားတို့လို သူငယ်ချင်းတွေကို ကူညီပေးကြပါ။ စက်ပြင်တာ ၀ါသနာပါတယ်။ ကိုယ်ပိုင်ဆိုင်လေးနဲ့ ဆိုင်ကယ် နဲ့ ကား ပြင်ဆိုင်ဖွင့်ဖို့ ရည်မှန်းထားပါတယ်။” ဟု လမ်းပျော်ကလေးငယ် မောင်သန်းထိုက်အောင် က သမဂ္ဂဂျာနယ်သို့ ပြောသည်။


ယင်းအခမ်းအနားတွင် ပြည်မြို့ဒေသခံ စာရေးဆရာ၊ကဗျာဆရာ၊ဓါတ်ပုံဆရာ၊ပန်းချီဆရာ၊ကာတွန်းဆရာ များနှင့် အခြားအနုပညာရှင်များကလည်း မိမိတို့တတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် ပါဝင်ကူညီတင်ဆက်ခဲ့ပြီး   အဆိုပါ ယဉ်ကျေးမှုပြဇာတ်ရုံအတွင်း လမ်းပျော်ကလေးများနှင့် သက်ဆိုင်သော  ပန်းချီ၊ကဗျာ၊ကာတွန်း၊ဓါတ်ပုံများ ခင်းကျင်းပပြသထားလျှက်ရှိကြောင်းသိရသည်။  ၄င်း အခမ်းအနားလာ ပြည်သူများအား တီရှပ်အင်္ကျီများ အခမဲ့ မေတ္တာလက်ဆောင်များပေးအပ်ခဲ့ပြီး ယင်းအခမ်းအနားကို ည ၉ နာရီတွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page