Sunday, November 29, 2015

ရိုးရာမပျက်တဲ့ ပြည်မြို့က ရွှေဆံတော် မြတ်စွယ်တော် ဘုရားပွဲ

Leave a Comment



ကောင်းမြတ်မင်း

ပြည်မြို့လို့ပြောလိုက်တာနဲ့ ရွှေဆံတော်ဘုရားနဲ့တွဲပြီး လူသိပိုများကြပါတယ်။ ပြည်မြို့လည်က တောင်ကုန်းပေါ်မှာ ဘုရားတည်ထားလို့ တမြို့လုံးရဲ့ အလှအပကို တနေရာတည်းက ကြည့်လို့ရနိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တခြားဘာသာသက်ဝင်ယုံကြည်သူတွေလည်း ရွှေဆံတော်ဘုရားပေါ်ကနေ ပြည်မြို့ရဲ့ အလှကို လာရောက်ကြည့်ရှုလေ့ရှိကြပါတယ်။
အဲဒီရွှေဆံတော်ဘုရားမှာ ဗုဒ္ဓရဲ့မြတ်စွယ်တော်ကို သီရိလင်္ကာနိုင်ငံ ကန္ဒိမြို့က ဂေါတမမြတ်စွာဘုရားရဲ့ လက်ဝဲအောက်ဘက် စွယ်တော်မြတ်အစစ်နဲ့ ရက်ပေါင်းလေးဆယ်တိတိ အတူတကွ ကိန်းဝပ်စံပ္ပါယ်ပြီး စွယ်တော်ပွားကို ပြည်မြို့ရွှေဆံတော်စေတီမှာ ထားရှိ အပူဇော်ခံဖို့ ပင့်ဆောင်ခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက်နေ့မှာ ပြည်မြို့ကို ရောက်ရှိခဲ့ ပါတယ်။
ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ် ကနေ ယနေ့ ၁၃၇၇ ခုနှစ်အထိ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့တာ ယခုနှစ်ဆိုရင် ၁၁၆ ကြိမ်မြောက်ဖြစ်ခဲ့ပါပြီ၊ အဲဒီလိုပင့်ဆောင်လာတဲ့ စွယ်တော်မြတ်ကို သုံးနှစ်တကြိမ် ပြည်မြို့တွင်း လှည့်လည် အပူဇော်ခံလေ့ရှိပါတယ်။
အဲဒီလို မြတ်စွယ်တော် အပူဇော်ခံကြွချီရာ လမ်းတလျှောက်က လာရောက်ဖူးမျှော်သူတွေကို ကပြဖျော်ဖြေပေးဖို့ ရပ်ကွက်အလိုက် ယိမ်းကားကြီးတွေ အသီးသီးထွက်ကြပါတယ်။ ဒီနှစ်မှာထွက်ဖြစ်တဲ့ ယိမ်းကားတွေကတော့ ရွှေဆံတော်ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ရဲ့ စည်တော်ယိမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်က လှေလှော်ယိမ်းနဲ့ တရုတ်အမျိုးသားယိမ်း၊ ရွှေကူယိမ်း၊ ခေတ္တရာမြို့သစ်ယိမ်း၊ ဆံတော်ယိမ်း၊ ကြားတောရယိမ်းနဲ့ ရွာဘဲယိမ်းကားတွေ ပါဝင်ကပြဖျော်ဖြေခဲ့ကြပါတယ်။
ယိမ်းကားကြီးတွေမဟုတ်ပဲ မြေလျှောက်ယိမ်းတွေလည်းထွက်ပါတယ်၊ ဆင်စုရပ်ကွက်က ထိုးဆင်ယိမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက် တရုတ်နဂါးယိမ်းတွေလည်းထွက်သလို စည်တော်ယိမ်းကားပေါ်မှာလည်း ဗျောယိမ်းနဲ့ မြင်ခင်းသဘင်ယိမ်းတွေလည်း ပါဝင်အသုံးတော်ခံခဲ့ကြပါတယ်။
ယိမ်းကားတစီးအတွက် ကုန်ကျစရိတ်ကတော့ သိန်းပေါင်း ၁၀၀ ကျော်အထက်မှာရှိပါတယ်။ အဲဒီအတွက် ရွှေဆံတော်ဂေါပကအဖွဲ့က ယိမ်းကားတစီးကို ကျပ်ငွေ ၁၂ သိန်း မတည်ပေးပြီး ကျန်တဲ့ငွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်အလိုက် စုပေါင်းထည့်ဝင်ကြရပါတယ်။
စည်တော်ယိမ်းဟာ စည်တော်ကြီးတွေနဲ့ မင်းသားအလှတွေကို ရှေးရိုးရာမပျက် ဖြေဖျော်ကပြရတဲ့ ယိမ်းကားကြီးပဲဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က စတင်ပြီး သုံးနှစ်တကြိမ်မြတ်စွယ်တော်ပွဲမှာ ပါဝင်လာနိုင်ခဲ့ပေမဲ့ နှစ်ပေါင်း ၂၀ ကျော်လောက် ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ရပ်နားထားရာကနေ ၂၀၁၂ ခုနှစ်ကနေစတင်ပြီး ပြည် GTI ကျောင်းသားဟောင်းတဦးက မတည်ပြီးလှူဒါန်းပေးလို့ ပြန်လည်အသုံးတော်ခံရတာဖြစ်တယ်လို့ စည်တော်ယိမ်းက တာဝန်ရှိသူ ကိုအောင်မြတ်စိုးက ဧရာဝတီကိုပြောပါတယ်။
“ စည်တော်ယိမ်းဆိုတာ ဘယ်ရပ်ကွက်ယိမ်းမှမဟုတ်ဘူး၊ ရွှေဆံတော် ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့သား တွေနဲ့ ကတဲ့ယိမ်းပါ၊ ကျနော်တို့အဖေလက်ထပ်ကတည်းက စည်တော်ယိမ်းထွက်ခဲ့တာပါ၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကစပြီး အဲဒီယိမ်းမထွက်ဖြစ်ဘူး၊ ၂၀၁၂ ကနေမှ ပြန်ထွက်ဖြစ်တာ၊ အဓိက ပြည် GIT ကျောင်းသားဟောင်း ကိုရန်နောင်ဝင်းတယောက်တည်းက ဒီအတွက် ကုန်ကျစရိတ်တွေအကုန်လုံးကို တာဝန်ယူပေးလို့ ကျနော်တို့ ပြန်ကနိုင်ခဲ့တာပါ။” ကိုအောင်မြတ်စိုးက ပြောပါတယ်။
ယနေ့ခေတ်ရဲ့ စားဝတ်နေရေးမြင့်တက်မှုတွေကြောင့် ယိမ်းကားတွေမှာ ပါဝင်အသုံးခံမဲ့ ဆိုင်းဝိုင်းသမားတွေကစပြီး ယိမ်းကားအလှဆင်သူတွေကအဆုံး စားဝတ်နေရေးကြောင့် စေတနာဝန်းထမ်းတွေ ရှားပါးလာတဲ့အတွက်လည်း ယိမ်းကားတစီးရဲ့ ကုန်ကျစရိတ်ဟာ မြင့်တက်လာရခြင်းဖြစ်ပြီး ပြည်မြို့ပေါ်က ရပ်ကွက်တချို့ ယိမ်းကားမထွက်နိုင်တဲ့အထိဖြစ်လာခဲ့လို့ စိတ်မကောင်းဖြစ်ရတယ်လို့ စည်တော်ယိမ်းက ကိုတင်အောင်စိုးက ဧရာဝတီကိုပြောပါတယ်။
“ အဓိကတော့ ယိမ်းကားတစီးရဲ့ စုစုပေါင်းကုန်ကျစရိတ်က သိန်းတရာအထက်မှာရှိတယ်၊ ကျနော်တို့ ယိမ်းကားဆို သိန်း ၁၅၀ နီးပါးကုန်တယ်၊ အလှူရှင်သာမရှိဘူးဆိုရင် ယိမ်းကားထွက်နိုင်ဖို့မဖြစ်နိုင်ဘူး၊ ကျနော်အဖေတို့ခေတ်တုန်းကဆိုရင် အားလုံးက ဘာသာရေးပွဲလမ်းသဘင်ဆိုတော့ အခကြေးငွေသိပ်မယူကြတော့ဘူး၊ အခုခေတ်ကတော့ အခြေအနေကမတူတော့ဘူး၊ နောက်ပြီး တချို့ရပ်ကွက်တွေမထွက်နိုင်တာလည်း စိတ်မကောင်းဖြစ်မိတယ်၊ ဘဏ်တွေ၊ ကုမ္ပဏီတွေအများစုရှိတဲ့ ရပ်ကွက်တွေကတော့ စပွန်ဆာရတော့ ထွက်နိုင်တာလည်းရှိပါတယ်။ ကျနော်တို့ စည်တော်ယိမ်းတောင် နောက်နှစ်ထွက်နိုင်မလား မထွက်နိုင်ဘူးလား မသေချာဘူး။” ကိုတင်အောင်စိုးက ရှင်းပြပါတယ်။
ယိမ်းကားတွေအားလုံးနီးပါးကတော့ ရိုးရာမပျက် သက်ဆိုင်ရာ ယဉ်ကျေးမှုတွေနဲ့ ကပြဖျော်ဖြေတာတွေရှိသလို ယနေ့ခေတ် ရေးပန်းစားနေတဲ့ နာမည်ကြီးအဆိုတော်တွေနဲ့ ခေတ်ပေါ်တေးသီချင်းတွေကို သီဆိုပြီး လှည့်တဲ့ယိမ်းကားတချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
၁၂ ပွဲဈေးသည်တွေဟာ စွယ်တော်လှည့်တဲ့နှစ်တိုင်း အရောင်းအဝယ်အောင်မြင်နေကြဖြစ်လို့ ခါတိုင်းနှစ်တွေနဲ့မတူ ပွဲဈေးရောင်းချသူတွေနဲ့ အင်မတန်စည်းကားလှပေ့မဲ့ လူစည်ပြီး အရောင်းအဝယ် အေးတယ်လို့ နှစ်စဉ်ပွဲဈေးရောင်းနေကြ ဈေးသည်တဦးကလည်း ပြောပါတယ်။
“ လူတွေကတိုးသာနေကြတာ ဈေးကမရောင်းရဘူး၊ ကံစမ်းမဲပေးတဲ့ ကုမ္ပဏီပစ္စည်းတချို့တော့ ရောင်းရတာပေါ့၊ ဒီနှစ်တော့ရောင်းရမယ်ထင်ထားတာ သိပ်မရောင်းရဘူး၊ ကုန်ဈေးနှုန်းတွေတက်တာလည်း ပါတာပေါ့၊ စားဝတ်နေရေးတောင် အနိုင်နိုင်ဆိုတော့။” လို့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့က အဝတ်အထည်ရောင်းချသူ ဈေးသည်တဦးက ပြောပြတာပါ။
ဇါတ်သဘင်တွေလည်း အဝင်နည်းပြီး ဒီနှစ်မှာတော့ ဇါတ်သဘင်တခုပဲ လာနိုင်ပါတယ်။ အရင်ကတော့ ဗလာပွဲတွေ၊ ဒုတ်ထိုးရုပ်သေးပွဲတွေနဲ့ ပွဲလမ်းသဘင်ဆိုပြီး တင်စားခဲ့ရတဲ့ တန်းဆောင်တိုင်ပွဲဟာ ပွဲပဲရှိပြီး သဘင်တွေနည်းပါးလာလို့လည်း စည်ကားသင့်သလောက် မစည်ကားခဲ့ရဘူးလို့ ဇါတ်သဘင်အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
“ကျေးလက်နေပြည်သူတွေက နေခင်းလည်မယ်၊ ညပိုင်းဆို ဗလာပွဲကြည့်ကြတယ်၊ မနက်ဆိုပြန်လည်ကြနဲ့ အဲဒီလို လာလည်ကြတာ၊ အခုဗလာပွဲလည်းမရှိတော့ဘူး၊ တခြားသဘင်တွေဘာလို့မလာလဲဆိုတော့ ပွဲပါမစ်ဈေးကြီးတာရယ်၊ နောက်ပြီး လုံခြုံရေးဝန်ထမ်းတွေ ဌာနဆိုင်ရာ အရာရှိတွေနဲ့ အမျိုးတွေကို လက်မှတ် Free ပေးရတဲ့ ဒဏ်တွေကို မခံနိုင်တော့လို့ မဝင်တော့တာ။ ဇါတ်တွေသဘင်တွေမရှိတော့ ကျေးလက်နေပြည်သူတွေက သိပ်မလာကြတော့ဘူး။” လို့ ဇါတ်သဘင်အဖွဲ့နဲ့ နီးစပ်သူက ဆက်ပြောပြပါတယ်။
နောက်လာမဲ့ သုံးနှစ်မှာရော ဒီနှစ်လို ယိမ်းကားတွေထွက်နိုင်မလား တိုးလာမလား လျော့သွားမလားဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ သူကဆိုပါတယ်။

ဓါတ်ပုံများ - သီဟလွင်
The Irrawaddy (Burmese Version)


0 comments:

Post a Comment

Facebook Like Page