သတင်းအပြည့်စုံ
ပေါင်းတည်၊ စက်တင်ဘာ ၁၈
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၄၆/၅) အနီးတွင် ဆီဘောင်စာယာဉ်နှင့် လိုက်ထရပ်ကားတိုက်မှုဖြစ်ပွားခဲ့ပြီး ခြောက်နှစ်ကလေးတစ်ဦး အပါဝင်ခြောက်ဦးကိုဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
ယင်းဖြစ်ပွားမှုမှာ စက်တင်ဘာလ ၁၈ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်ဘက်မှရန်ကုန်မြို့သို့ ယာဉ်မောင်း ကိုကျော်စိုးဝင်းမောင်းနှင်လာသည့် ယာဉ်အမှတ်(A/9779) NISSAN အမျိုးစားစိမ်းပြာရောင် (၈) ဘီး၊ ဆီဘောက်စာမော်တော်ယာဉ်သည် တစ်ဖက်ယာဉ်ကြောတွင် ရန်ကုန်ဘက်မှပြည်ဘက်သို့ ဦးစိုးနိုင်မောင်းနှင်လာသည့် ယာဉ်အမှတ် (8B/2846) Light Truck မော်တော်ယာဉ်အား တိုက်မိခဲ့ပြီး လိုက်ထရပ်ကားပေါ်တွင်ပါလာသည့် ခရီးသည်များဖြစ်သည့် ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသားလေးဦး အမျိုးသမီးတစ်ဦးတို့မှာ ပွန်းရှပေါက်ပြဲဒဏ်ရာများရရှိခဲ့ခြင်းကြောင့် မြို့နယ်ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေရကြောင်းပေါင်းတည်မြို့မရဲစခန်းမှတ်တမ်းများအရသိရသည်။
“ ဒဏ်ရာရတဲ့သူတွေကအရမ်းကြီးတော့စိုးရိမ်ရတဲ့အခြေနေမှာမရှိပါဘူး တိုက်တာကတော့တော်တော်ကိုပြင်း လူတွေဘာမှမဖြစ်တာတော်သေးတယ် ယာဉ်မောင်းကိုတော့ဥပဒေအတိုင်းစစ်ဆေးအရေးယူသွားဖို့ ဆက်လက်ဆောင်ရွက်နေပါပြီ” ဟု အဆိုပါရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။
ယာဉ်တိုက်မိခြင်းကြောင့် ခြောက်နှစ်သားအရွယ်မောင်ဟန်စိုးနိုင်တွင် ဦခေါင်းနှောက်စေ့အထက်အောက် ပေါက်ပြဲဒဏ်ရာ၊ ဒေါ်ပူစူးတွင်ယာပုခုံးလက်နာကျင်ဒဏ်ရာ၊ ဦးစိုးနိုင်တွင် ယာပုခုံးနှင့်ခြေမျက်စိပွန်းပဲ့ဒဏ်ရာ၊ ကိုကျော်မြင့်အောင်တွင်ယာမျက်ခုံးနှင့်ခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ကိုအောင်နိုင်မိုးတွင် ရင်ဘက်အောင့်ဒဏ်ရာ၊ ၀ဲဂျိုစောင်းဖူးယောင်ဒဏ်ရာ၊ ဦးဝင်းဆွေတွင်၊ ယာပါးနဖူး၊ ၀ဲလက်ကောက်ဝတ်ရင်ဘတ်တို့ပေါက်ပြဲဖူးရောင်၊ နှင့် ဦးကျင်သိန်းတွင်ဝဲနဖူးနားခေါင်းနားထင်ခြေသလုံးပေါက်ပြဲဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူကျော်စိုးဝင်းအား အရေးယူနိုင်ရန် ဒုရဲအုပ်ဇော်ဝင်းထွဋ်က တရားလိုပြုလုပ်၍ ယာဉ်(ပ)၃၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈ အရအမှုဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ ကျွန်တော်တို့ကားကရွေစက်တော်နားကပါ ဆီတင်ရအောင်ရန်ကုန်ကိုမောင်းလာတာပါ၊ အင်းမမှာနံနက်စာစားသေးတယ် ပြီးမှမောင်းလာကြတာပါ အခုဖြစ်သွားတာကလည်း ကျွန်တော့်တပည့်လေးမောင်းချိန်ဖြစ်တာပါ နှစ်ယောက်မောင်းတာပေါ့ သူကိုပြောပါသေးတယ် အိပ်ချင်ရင်လမ်းဘေးမှာထိုးရပ်ပြီးအိပ်လို့ သူကရတယ်ဆိုပြီးမောင်းတာကျွန်တော်ကနောက်ခန်းလေးထဲမှာ အိပ်လိုက်တာတာပါ တိုက်လိုက်သံကြားပြီးမှကျွန်တော်လည်းနိုးပြီးကြည့်လိုက်တော့ ကားကတိုက်ပြီးသွားပြီ” ဟု ဆီဘောက်စာကားတွင်ပါလာသူယာဉ်မောင်းတစ်ဦးကပြောသည်။
ဝေလင်း(ပြည်)
(19.9.2015) The Daily ELEVEN ထုတ်တွင်ဖော်ပြပြီး



0 comments:
Post a Comment