Monday, June 22, 2015

မြစ်သဲကျောက်တူးဖော်ရေးမော်တော်ယာဉ်များကြောင့် ကျွန်းကြီးပျောက်ကွယ်တော့မည်ကို ကျွန်းပေါ်နေထိုင်သူများစိုးရိမ်လျှက်ရှိ

Leave a Comment
မြစ်သဲကျောက်တူးဖော်ရေးမော်တော်ယာဉ်များကြောင့် ကျွန်းကြီးပျောက်ကွယ်တော့မည်ကို ကျွန်းပေါ်နေထိုင်သူများစိုးရိမ်လျှက်ရှိ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့ သရက်လိန်အုပ်စုအတွင်းရှိ တက်သစ်ကျွန်း သည်ဧရာဝတီမြစ်လယ်ခေါင်တွင်တည်ရှိသည်။ အဆိုပါကျွန်း၏ ဘေးပတ်လည်ဝန်းကျင်တွင် မြစ်သဲကျောက်စလစ်များ မြစ်အတွင်းမှထုတ်ယူလျှက်ရှိရာ ဒေသခံကျွန်းတွင်နေထိုင်သူများမှ တက်သစ်ကျွန်းပျောက်ဆုံးသွားမည်ကို စိုးရိမ်လျှက်ရှိကြောင်းဇွန်လ-၁၆ရက်နေ့တွင်သိရသည်။
ထိုတက်သစ်ကျွန်းတွင်ဘေးပတ်လည် မြစ်သဲကျောက်များကို လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ကျော်ကတည်းမှ စက်များမပေါ်မှီ လက်ယက် မြစ်သဲကျောက်များထုတ်ယူခဲ့ခြင်းကို အဆင့်ဆင့်တိုင်တန်းခဲ့ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးကြောင်းသိရသည်။
ဘိုးဘွားလက်ထက်ကတည်းကတိုင်ကြားလာခဲ့တာ ခုထိအရေးယူဆောင်ရွက်မပေးဘူး။ မြို့နယ်ထွေအုပ်နဲ့ ခရိုင်ထွေအုပ်တွေ ၀န်ကြီးတွေအထိတိုင်ကြားခဲ့တာ ဘာမှထူးခြားမှုမရှိသေးဘူး။မြို့နယ်ထွေအုပ် ခရိုင်ထွေအုပ်တွေက ကျွန်းအနားမှာ မြစ်သဲကျောက်တွေတူးဖော်ယူနေတာရှိရင် မှတ်တမ်းပုံနဲ့ စာရေးတင်ပြတိုင်ကြား ကိုယ်တိုင်ဖမ်းလာခဲ့ အရေးယူပေးမယ်ပြောတယ်။သူတို့ပြောတဲ့တိုင်း ပုံနဲ့စာတွေတင်ပြတိုင်ကြားတော့ ကျွန်တော်တို့နဲ့မဆိုင်ဘူးငြင်းတယ်။အရေးယူမပေးခဲ့ဘူး။ ဟု တက်သစ်ကျွန်းနေထိုင်သူ ဦးခင်ရှိန် မှသမဂ္ဂဂျာနယ်သို့ပြောသည်။
၎င်းကျွန်းတွင် ၂၀၀၂ ခုနှစ်ခန့်က ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လာခဲ့ရာ ကျွန်းပေါ်ရှိ နေအိမ်-၂၇-လုံး၊ဘုန်းတော်ကြီးကျောင်း-၁-ကျောင်းနှင့် မြေဧက ၁၀၀-ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း နှင့် နေအိမ်များအား ဘေးလွတ်ရာသို့လျှင်မြန်စွာပြောင်းရွေ့ခဲ့ရကြောင်းသိရသည်။၎င်းကိစ္စများနှင့်ပတ်သက်ပြီး မြစ်/ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့သွားရောက်မေးမြန်းခဲ့ရာတွင် ပြည်ခရိုင်ထွေ/အုပ်မှ ဖွဲ့စည်းပေးထားသော မြစ်သဲကျောက်လုပ်ငန်းရှင်းများပူးပေါင်းဖွဲ့စည်းထားသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များကြားညှိနိုင်းဖြေရှင်းပေးနေသည့်အဖွဲ့မှတာဝန်ရှိသူတစ်ဦးနှင့်သာတွေ့ဆုံပေးခဲ့သည်။
လိုင်စင်ထဲမှာပါတဲ့သတ်မှတ်စည်းကမ်းတိုင်းပဲ မြစ်သဲကျောက်ဆုပ်ယူကြတာ။ပြဿနာတက်တာတွေမရှိပါဘူး။ကြားတာကတော့ ကွင်းအမှတ် ၄၀၉ နားအဲဒိတက်သစ်ကျွန်းနားမှာဒေသခံ ငါးဖမ်းသမားတွေနဲ့ ကျောက်တူးဖော်နေတဲ့မော်တော်တွေမပြေလည်တဲ့ကိစ္စတော့ရှိတယ်။ပြဿနာတော့မဖြစ်ပါဘူး။အဆင်ပြေအောင်ညှိနိုင်းပေးထားပြီးသားပါ။ကျွန်တော်တို့ကော်မတီအနေနဲ့က ညှိနိုင်းဆွေးနွေးတင်ပြပေးရုံပဲရတယ်။လုပ်ငန်းရှင်တွေအနေနဲ့ အရင်းနှီးကြီးတော့ သတ်မှတ်စည်းကမ်းချိုးဖောက်ရင် လိုင်စင်အသိမ်းခံရမှာဆိုးတဲ့အတွက် စည်းကမ်းဖောက်ဖျက်တဲ့သူမရှိပါဘူး။ ဟု မြစ်သဲကျောက်လုပ်ငန်းရှင် ကိုဝင်းထွန်း မှသမဂ္ဂဂျာနယ်သို့ပြောသည်။၎င်းကျွန်းအနီးတွင် မြစိမ်းကျွန်း၊စစ်ကိုင်းကျွန်း၊မင်းတဲကျွန်းများရှိခဲ့ရာ ၁၉၉၄-ခုနှစ်တွင် စစ်ကိုင်းကျွန်းကမ်းပါးပြိုကျပျက်စီးပြီးတိမ်မြုပ်ပျောက်ကွယ်ခဲ့ရပြီး ၁၉၉၇-ခုနှစ်မှာ ထိုနည်းတူစွာ မင်းတဲကျွန်းလည်းပျောက်ကွယ်ခဲ့ရာ ယနေ့ဆိုလျှင် တက်သစ်ကျွန်းအနီးတွင် မြစိမ်းကျွန်းတစ်ကျွန်းသာရှိတော့သည်။ထို့ကြောင့်လည်း ယနေ့ကျောက်ဆုပ်မော်တော်ယဉ်များကြောင့် မြစ်ကမ်းပါးပြိုခြင်းများပိုမိုဆိုးလာသောကြောင့် ကျွန်းပျောက်ကွယ်မည်ကိုဆိုးရိမ်ရလျှက်ရှိကြောင်းသိရသည်။
                                                                                                    
မောင်ပန်ကာ(ပြည်)...သမဂ္ဂဂျာနယ် ဇွန်လ ၂၂ရက်နေ့ထုတ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
      

0 comments:

Post a Comment

Facebook Like Page