Monday, June 22, 2015

စက္ကူအခြေခံ ပြုလုပ်သော မြန်မာ့ရိုးရာ ကလေးကစားစရာနှင့် အိမ်တွင် အလှထားရန် အရုပ်များ လုပ်ကိုင်သူ နည်းပါးလာ

Leave a Comment

စက္ကူအခြေခံ ပြုလုပ်သော မြန်မာ့ရိုးရာ ကလေးကစားစရာနှင့် အိမ်တွင် အလှထားရန် အရုပ်များ လုပ်ကိုင်သူ နည်းပါးလာ

 

 

စစ်ကိုင်း  ဇွန်  ၂၁
စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းမြို့၌ စက္ကူဖြင့်ပြုလုပ်သော  မြန်မာ့ရိုးရာ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်နှင့် ပစ်တိုင်းထောင် အရုပ် လုပ်ငန်းများမှာ  လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရသည်။
အဆိုပါ စက္ကူဖြင့် အခြေခံပြုလုပ်ရသော လုပ်ငန်းကို စစ်ကိုင်းမြို့ အနောက်ပိုင်း တဲကြီး တိုက်နယ်အတွင်းရှိ ဂုံညင်းတောင်ရပ်ကွက်၊  ကနားတော်ရပ်ကွက်နှင့် ညောင်ကုန်း အရှေ့အရပ်များတွင် အဓိက ပြုလုပ်ကြပြီး ပခုက္ကူဘက် တွင်လည်း အရုပ် လုပ်ကိုင်ကြသူများ ရှိကြောင်း သိရသည်။
စက္ကူဖြင့် အခြေခံပြုလုပ်သော ၎င်းအရုပ်ကလေးများ  လုပ်ကိုင်သူ နည်းပါးသွားရခြင်းမှာ တရုတ်နိုင်ငံမှ ပလတ်စတစ် အရုပ်များ အစားထိုး ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းရိုးရာအရုပ်လုပ်ငန်း ဈေးကွက် အနည်းငယ် ထိခိုက်မှုများ ရှိလာပြီး  လုပ်ကိုင်သူ နည်းပါးသွားရခြင်း ဖြစ်ကြောင်း သိရသည်။  သို့သော် မြန်မာ့ရိုးရာ အရုပ်များသည်  ပြည်ပမှ  ပုံစံမျိုးစုံဖြင့် ဝင်ရောက်လျက် ရှိသော အရုပ်လှများထက် ပြည်တွင်းဈေးကွက်တွင် ရာသီချိန်လိုက် ရောင်းချနေရသော ၊ ဈေးကွက်လည်း ရှိသော ရိုးရာအရုပ်များ ဖြစ်သည်။
အဆိုပါ အရုပ်ကလေးများကို ပြုလုပ်ရာတွင် သီတင်းကျွတ်၊ ဝါဆို၊ ဝါခေါင်နှင့် တပေါင်းလတို့တွင် အများဆုံး လုပ်ကိုင်ရသည့်အပြင် ၁၂ ရာသီပွဲဈေး များတွင် လိုက်ပါသည့် ဈေးရောင်းချသူများ၏ ဝယ်ယူမှုမှာ နှစ်ပတ်လည် အဝယ်ရှိသဖြင့် ကြားရက်များတွင်လည်း အသုံးပြု လုပ်ကိုင်နေရကြောင်း သိရသည်။
ဇီးကွက်ရုပ်နှင့် ပစ်တိုင်းထောင်ရုပ်များကို  အရွယ်အစားအားဖြင့်  သုံးမျိုးပြုလုပ်ပြီး ဖိုးဝရုပ်ကို  ဟန်ပန်လေးမျိုး ပြုလုပ်ကာ အသေးဆုံး ၂  လက်မမှစ၍  အရွယ်အစားမျိုးစုံ ပြုလုပ်ကြောင်း သိရသည်။ အရုပ်တစ်ရုပ် ပြုလုပ်ရာတွင် ပုံကြမ်းလောင်း စက္ကူကပ်ရာမှ နောက်ဆုံးဆေးခြယ်သည့်  အဆင့်ဆင့်အထိ လေးရက်ကြာမြင့်သည်။
 ယခုအချိန်တွင် ကလေးကစားရန်နှင့် အိမ်တွင်းအလှဆင်ရန် ၎င်းအရုပ်ကလေးများအား မြန်မာနိုင်ငံ အနှံ့ရှိ  တန်ခိုးကြီးဘုရား ပွဲတော်များတွင် ရောင်းချရန် ဈေးသည်များက လာရောက် ဝယ်ယူမှုများ ရှိနေသည်။ မန္တလေး မဟာမြတ်မုနိ ဘုရားကြီး ရှိ  ဈေးသည်များထံ အများဆုံး ပေးပို့ရကြောင်း သိရသည်။ 
ထိုသို့ မြန်မာ့ရိုးရာ အရုပ်လုပ်ငန်းများကို ပုံမှန် လုပ်ကိုင်နေရသော်လည်း ပြည်ပမှ အရုပ်များ အစားထိုး ဝင်ရောက် လာခြင်းကြောင့် လုပ်ကိုင်သူများ တဖြည်းဖြည်း နည်းပါးလာရာ ယခုအခါ လုပ်ငန်းကို လုပ်ကိုင်နေသူ ဦးရေမှာ ဆယ်ဂဏန်း မျှသာ ရှိတော့ကြောင်း သိရသည်။  

မြ၀တီ...

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page