Thursday, March 5, 2015

စစ်သည်များ၏ ချွေးစက်များနှင့် ပြည်သူများ၏ ရင်ခုန်သံများ

Leave a Comment

စစ်သည်များ၏ ချွေးစက်များနှင့် ပြည်သူများ၏ ရင်ခုန်သံများ

#################################
 

 

ယခုတလော ရုပ်မြင်သံကြားနှင့် မီဒီယာများအကြား ရေပန်းစားနေသည့် သတင်းများတွင် လောက်ကိုင်ဒေသ တိုက်ပွဲများ အကြောင်းသည်လည်း ပြည်သူအများ စိတ်ဝင်စားသည့် သတင်းတစ်ခု အဖြစ် မှတ်ယူရပေမည်။
နေ့စဉ်ထုတ်ပြန်လျက် ရှိသည့် ရုပ်မြင်သံကြား သတင်းများနှင့် သတင်းစာ ဂျာနယ်များတွင်   တိုင်းပြည်အတွက် ရဲဝံ့စွန့်စားစွာ  တိုက်ပွဲဝင်လျက် ရှိသည့် တပ်မတော်သားများနှင့် အသက်ပေး ကိုယ်အင်္ဂါများ စွန့်လွှတ်လျက် ရှိသည့် စစ်သည်များ အတွက် ပြည်သူများနှင့် ပြည်သူချစ်သော ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက အားတက်သရော လှူဒါန်းငွေ၊ ပစ္စည်းများဖြင့် ဂုဏ်ပြုခြင်းနှင့် အတူ ကိုယ်တိုင်ကိုယ်ကျ ရှေ့တန်း စစ်မြေပြင်များ အထိ သွားရောက်ကူညီ အားပေးမှုများ ပြုလုပ်လျက် ရှိသည့် သတင်းများ၊ ပြည်သူများ၏ ရင်ထဲမှ ရင်ခုန်သံ စကားများကို အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်များ အကြား ပျံ့နှံ့လျက် ရှိသည်များကို မြင်တွေ့/ကြားသိရသည်မှာ တပ်မတော်သားများ အတွက် မည်သည့် အရာနှင့်မျှ မလဲနိုင်သည့် စိတ်ဓာတ်ခွန်အား ရင်ခုန်သံ အားဆေးများ ဖြစ်သည်ကိုကား ကိုယ်တိုင် ခံစားခဲ့ရသည့် စစ်သည်များအသိဆုံးပင်ဖြစ်ပေ လိမ့်မည်။
အရေးကြုံလာတိုင်း အားပေးကြသည်မှာ ယခုတစ်ကြိမ်တည်း မဟုတ်ပေ။ စာရေးသူ ကိုယ်တိုင်လည်း ၁၉၈၈-၁၉၈၉  ခုနှစ်အတွင်း  နယ်မြေဒေသ တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် အခါကလည်း ရှေ့တန်းတာဝန် ထမ်းဆောင်ရာ နေရာဒေသ များ အထိ ပြည်သူချစ်သော  ဂီတ၊  အနုပညာရှင်များ လာရောက် ဖျော်ဖြေခဲ့စဉ်  ပျော်ရွှင်စွာ ကခုန်အားပေးခဲ့သည့် စစ်သည်များ၏ ဘဝ၊ အနုပညာရှင်များ၏ ရင်ထဲမှ ရင်ခုန်သံ စကားများနှင့်အတူ စစ်သည်များ၏ ချွေးစက်များသည် အားဆေးများအဖြစ် ပြောင်းလဲသွားခဲ့သည်ကို  ကိုယ်တိုင် ခံစားခဲ့ရဖူးသည်။ ထို့အတူ စာရေးသူပုဂံ-ကျောက်ပန်းတောင်း ရထားလမ်းဖောက်ခဲ့စဉ် အညာနွေ၏ အပူဒဏ်ကို ကြံ့ကြံ့ခံ၍ ချွေးစက်များဖြင့် ဖောက်လုပ်လျက် ရှိသည့် စစ်သည်များ၏ လုပ်ငန်းခွင် နေရာအထိ လာရောက် ဖျော်ဖြေခဲ့သည့် ရုပ်ရှင်၊ဂီတ အနုပညာရှင် ပြည်သူများ၏ ရင်ခုန်စကားသံများနှင့် အတူ အားဆေးများ အဖြစ် ပြည်သူများ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေး အတွက် ရထားလမ်းကြီးအဖြစ် အောင်မြင်စွာ ပြုလုပ်ပေးနိုင် ခဲ့ပြန်သည်။
ယခုလည်းတိုင်းပြည်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့် အချုပ်အခြာ အာဏာပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့ အား သောင်းကျန်းသူများ၏ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မှု အပေါ် ကာကွယ်စောင့်ရှောက်ရင်း တိုက်ပွဲဝင်လျက် ရှိသော စွန့်လွှတ်စွန့်စား သူများထံသို့ တာဝန်သိ ပြည်သူများနှင့် အနုပညာရှင်များက  လာရောက် အားပေးကူညီမှု များ ပြုလုပ်လျက်ရှိရာ ရင်ခုန်သံများမှ တစ်ဆင့် ထွက်ပေါ်လာသည့် အားပေးစကားသံများသည် သားကောင်း စစ်သည်များအတွက် အားဆေးများအဖြစ် ပြောင်းလဲသွားရပြန်သည်။ သို့သော် ယခုအကြိမ် ဖြစ်ပေါ်လာသည့် ရင်ခုန်သံ များကတော့ တိုင်းပြည် တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့စဉ် အားပေးခဲ့သည့် အချိန်က ဖြစ်ပေါ်ခဲ့သည့် ရင်ခုန်သံများနှင့် ခြားနားနေသည်ကိုတော့ ရုပ်မြင် ဖန်သားပြင်များတွင် တွေ့ဆုံမေးမြန်းမှုများ၊ လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် ရင်ခုန်အားပေးသံ၊ အမှာစာများကို ခံစား တွေ့ရှိရသော်လည်း စွန့်လွှတ် စွန့်စားသူတို့၏ ချွေးစက်များ ကတော့ပြည်သူများ၏ ရင်ထဲမှ နက်ရှိုင်းစွာ ဖြစ်ပေါ်လာသည့် ခံစားမှုများနှင့် အတူ ခွန်အားများ အဖြစ် ပြောင်းလဲ ဖြစ်ပေါ် လာခဲ့ရင်း သစ္စာ(၄)ချက်ကို ဦးထိပ်ပန်၍ ''ငါ့ နိုင်ငံတော်၊ ငါ့
နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏''ဟု သစ္စာဆိုရင်း အောင်ပွဲနှင့် အတူ ပြန်လာမည့်သူများအား လက်ကမ်းလို့ ကြိုနေပါဟု စစ်သည်များ၏ ရင်ထဲတွင် ဖြစ်ပေါ်နေမည်ကိုကား အမှန်ပင်ဖြစ်ပေတော့သည်။    ။ 

မြ၀တီ..

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
 

0 comments:

Post a Comment

Facebook Like Page