Tuesday, March 31, 2015

ဆင်းရဲသားပပျောက်ရေး ခေါင်းစဉ်အောက်က ဆင်းရဲသားများ........ပြည်သတင်းလူငယ်ရေးသားတင်ဆက်သည်။

Leave a Comment
ဆင်းရဲသားပပျောက်ရေး ခေါင်းစဉ်အောက်က ဆင်းရဲသားများ


နွေရက်အချိန် နေ့ပူညချမ်းရာသီဥတုဒဏ်တွေက ၀မ်းစာအတွက် နိုင်းယှဉ်လိုက်ရင် ခြေထောက်အောက်က သဲမှုန့်လောက်ပဲရှိမယ်ထင်ပါတယ်။ နှစ်လေးဆယ်လောက် ဖိနှိပ်ဒဏ်ခက်
မှု့တွေကြောင့် ကျင့်သားရနေပါပြီ။ တခါတလေ နောက်ကြောင်းကိုပြန်လှည့်မကြည့်
ချင်သူတွေအတွက်ကတော့ အနာဂတ်အတွက် (သို့မဟုတ်) မနက်ဖြန်အတွက် ၀မ်းရေးကို
ဘယ်လိုဖြေရှင်းရမလည်းဆိုတဲ့အတွေးနဲ့ ငေးမောစွာ ဖြတ်သန်းရတဲ့ဝမ်းစာတွေလည်းနည်းမယ်မထင်ပါဘူး။ ထိုသို့သော ၀မ်းစာတွေအားလုံးနှင့်နိုင်းယှဉ်လိုက်ပြန်တော့ တိမ်မြုပ်
ပျောက်ကွယ်တော့မည့် မြန်မာ့နည်းပညာတစ်ရပ်ဖြစ်သော ကျေးရွာများတွင်သာအများဆုံးတွေ့ရှိရမည့် အင်ဖက်ဖြင့် အိမ်မိုးခြင်း(သို့)အိမ်မိုးဖက်သက်ငယ် ဆိုတာတချိန်တုန်းက
မြန်မာ့ကျေးရွာများတွင် အိမ်တိုင်းလိုလိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသော အိမ်ဆောက်ပစ္စည်းတစ်ခုဆိုပါက မလွဲမှားနိုင်ပါ။ထို့ကြောင့်လည်း တစ်ကမ္ဘာလုံးတွင်
တစ်နိုင်ငံ တစ်နိုင်ငံထဲတွင် ကျေးလက်ဒေသတွေမှာပဲ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်တွေ့ရှိရခက်သည့် ပညာရပ်တစ်ခုသည် လုပ်ငန်းလုပ်ဆောင်သူနည်းပါး
လာသောအခြေအနေသို့ ရောက်ရှိနေပါတယ်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပြည်မြို့အတွင်းမှာရှိတဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ယူနက်စကို အသိအမှတ်ပြု နေရာသုံးခုရှိသည့်အနက် တခုဖြစ်သော
ပျူ ရှေးဟောင်းမြို့တော်အနီး မှော်ဇာအုပ်စု/ရွှေကြို့ပင်ရွာကလေးမှာ အိမ်ခြေ ၇၇-အိမ်ခန့်ဖြင့်တည်ထားပြီး  အင်ဖက်ဖြင့် ဖက်သက္ကယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော
အိမ်ခြေမှာ ၁၀-အိမ်ခန့်သာရှိတော့သည်။ကျန်အိမ်ထောင်စုများမှာ နေ့စား(သူရင်းငှား)လုပ်ငန်းများ လုပ်ကိုင်နေကြရသည်။ ထို့ကြောင့်လည်း ညကတည်းက ဒီမိုကရေဒီတူဒေး သတင်း
ကိုပို့ဖို့အတွက်အားတွေတင်းထားတဲ့ကျွန်တော် မလုံမလဲတဲအိုလေးမှာ တစ်ယောက်တည်းအိပ်မပျော်နိုင် မနက်ဖြန်တနေ့တာကို သူတို့ဘ၀တွေဘယ်လိုဖြတ်သန်းမလည်း တွေးနေမိပါ
တယ်....

အချိန်ကား...နံနက် လေးချက်တီးသို့ရောက်ရှိလေပြီ.....
သွက်လက်သောခြေလှမ်းများဖြင့် နေထိုင်ရာရွာကလေးမှ နှင်းအဆိုဓါတ်လေးမပျယ်ခင် အင်ပင်များရှိရာ ၃-မိုင်ကျော်ခရီးအား သွက်သွက်လက်လက်ခြေလှမ်းများဖြင့်  လှည်းလမ်းအတိုင်း
ဖြတ်ကျော်ကာ မြင်ဗာဟုတောင်အနီးသို့  ခရီးနှင်ခဲ့ရာ နေ့ပိုင်းပှုဒဏ်တွေဟာ နံနက်ပိုင်းချမ်းနေမှု့ကပိုနေခဲ့ပါတယ်။ မိမိတို့ မနေ့က
ကောက်ခဲ့တဲ့ အင်တောအနီးနားမှာပဲ  အင်ဖက်များကို စနစ်တကျကောက်ယူနေဖြစ်ကြတယ်။ ချမ်းအေးတဲ့ ဒဏ်တွေက ၀မ်းစာအတွက်တစက်စက်ဆီးကျနေတဲ့ချွေးစက်တွေကြောင့်
ပူနွေးနေခဲ့တယ်။

" အရင်တုန်းက အခုလိုကောက်လို့မရ ဘူး ခုလိုဖက်ကောက်နေတာကို သစ်တောရဲတွေမိရင် သန့်ရှင်းရေးတွေ သစ်ပင်စိုက်တာတွေနဲ့ အပြစ်ပေးခံရတယ် ၀မ်းရေးဆိုတော့ ခဏ
ခဏ အပြစ်ပေးခံရတယ်သားရေ... " ဟု အင်ဖက်ရွက်ကောက်ရင်း ဒေသခံဖြစ်တဲ့ ဒေါ်လေးတစ်ဦးကပြောရှာတယ်။  မြန်မာနိုင်ငံ၏ ၀မ်းစာရှာဖွေရေးဆိုတာကလည်းမလွယ်ပါလား
သစ်တောထဲမှ သဘာဝအလျှောက်ကြွေကျနေသည့် ဖက်ရွက်တောင် လွတ်လပ်စွာ ကောက်ယူခွင့်မရရှိခဲ့တဲ့အဖြစ်။

တွေးလက်စ အတွေးခေါ်တွေဟာ ဖက်ကောက်သူတို့ကျနေတဲ့ ချွေးစက်တွေလောက်နေတာ့မလတ်ဆက်နိုင်ဘူးဆိုတာသဘောပေါက်ခဲ့ရပါတယ်...." ကဲထမင်းစားနားကြ
မယ် ၆-နာရီကျော်နေပြီ " ဟု ဦးလေးကြည်က အော်ပြောလိုက်ရာ ကျွန်တော်အပါအ၀င် ၇-ယောက်မှ အသင့်ပါလာသော သောက်ရေဘူးငယ်လေးထဲမှ ရေကလေးကို
လက်ဆိုစွပ်ရုံမျှ လောင်းလိုက်ကြသည်။ ဦးလေးကြည် တို့ပါလာသောထမင်းကြမ်းခဲထဲမှ ကျွန်တော့အတွက်ခွဲဝေပေးသော ထမင်းကြမ်းခဲလေးအား ကြည့်မိရင်း.." အော် ခုချိန်ဆို မြို့မှာ
ကော်ဖီနှင့်ပေါင်မုန့်ကို အေးဆေးစားနေရပြီ" ဟုကျွန်တော်တွေးနေမိခဲ့၏ ။ သို့သော်လည်း ဖက်ခူးရင်းတောထဲမှာ စားရတဲ့ ထမင်းတစ်နပ်ဟာ တင်စားစရာမရှိအောင် ကောင်းနေပါ
တယ် ငါးပိဖုတ်ဆီစိမ်းဆမ်း နှင့် ကြက်သွန်ဥနီ ထမင်းကြမ်းခဲလေးရဲ့အရသာဟာ ဘ၀အတွက် မမေ့အပ်တဲ့ ဟင်းတစ်ခွက်ဖြစ်ခဲ့ပါပြီ။ ထမင်းတစ်နပ်တော့စားပြီးလို့ ဆေးကြောသန့်စင်
ပြီးနောက် ရရှိလာတဲ့ ဖက်ရွက်တွေကို စနစ်တကျထုတ်ပိုးလို့  ဦးလေးကြည်က တံပိုးနှင့်ထမ်းကာ သူ၏ဇနီးက ခေါင်းပေါ်ရွက်တင်ပြီး လာရာ ရွာလမ်းလေးအတိုင်း ၀န်ထုတ်ဝန်ပိုးများ
နှင့် အပြန်ခရီးမြင်တွေ့ရပုံက  မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုသောစကား ၏ပုံရိပ်ကို ကျနော်ပထမဆုံးမြင်တွေလိုက်ရလေ၏။...

အိမ်ရောက်သည်နှင့် အမောမဖြေရှားအား ခေတ္တခဏလေးမျှသာနားပြီး ခင်ပွန်းလုပ်သူမှ ပါလာတဲ့အင်ဖက်ရွက်များအား ရေစွတ်ဖြန်းလေပြီး အ၀တ်များဖြင့် ပတ်သည်ကိုမြင်လိုက်ရသည်။
 အနီးရှိသောက်
ရေအုံးငယ်လေးထဲမှ  ဇနီးဖြစ်သူကရေတစ်ခွက်မော့သောက်ပြီး ညည်းတွားနေတာကို ကြားလိုက်မိသည်။
 " ကိုကြည်ရယ် ကျွန်မတို့အသက်တွေလည်းကြီးပါပြီ ဒီဘ၀ကဘယ်တော့
မှလွတ်ပါ့မလည်းရှင်"
  ညည်းတွားသံကနောက်မှာကပ်ပါလာသော ခင်ပွန်၏အားပေးစကားကလည်း ကျလက်စချွေးတွေကို ချက်ချင်းတော့ရပ်တန့်မသွားစေခဲ့ပါ။
" အတိတ်ကကံပဲမိန်းမရေကံတရားကိုပဲ
အပြစ်ပုံချရမှာပေါ့ကွာ"
 ဟုပြန်ဖြေပြီး ၀ါးတစ်လုံးအား  စိတ်ခွဲကာ ဖက်သက်ငယ်ယက်လုပ်ဖို့အတွက်
သက်ငယ်တံပြုလုပ်နေပြီ ဇနီးဖြစ်သူမှာလည်း အင်ဖက်တောက
 ပါလာသောဖတ်များအား ရေစွပ်ဖြန်းထားသော အ၀တ်များကိုဖယ်ကာ ဖက်ချိုးလေသည်။ "ဖက်သက်ငယ်လုပ်ဖို့အတွက်က အခုလို ဖက်ကို အကြမ်းဘက်ကို အပြင်မှာမထားရဘူး
အကြမ်းဘက်ကို အတွင်းထဲချိုးလိုက်မှ ဖက်ကလှတာ " ဟု ဒေါ်လေးစိန်မှ ဖက်ချိုးရင်းပြောပြခဲ့သည်။ အချိန်က မနက် ၁၀-နာရီကျော်နေလေပြီ  နေ့လည်စာအတွက်ဘာမှပြင်ဆင်ထား
ရမှုမရှိသေး။ရှာရှာဖွေဖွေမေးတတ်သောကျွန်တော်က"  ဦးလေး ဘာဟင်းချက်မှာလည်း " ဟုမေးလိုက်ရာ " ဒီချိန်မချက်အားသေးပါဘူး ငါ့တူရယ် နောက်နာရီဝက်လောက်မှ ချက်မှာ
တို့ ရွာထဲကို ငါးခြောက်လေးဘာလေးတွေ စက်ဘီးနဲ့လာရောင်းတဲ့ ဈေးသည်ဆီကနေ၀ယ်ရမှာ" ဟုဖြေလေသည်။

ဖက်ချိုးခြင်း သက်ငယ်တံပြုလုပ်နေတုန်း စက်ဘီးနဲ့ရောက်လာတဲ့ ဈေးသည်ကိုကြည့်လိုက်ချိန်သက်ငယ်လုပ်လို့  မပြီးသေး ပါလာတဲ့ အသီးအရွက် ငါးခြောက်၊ဘူးသီးအခြမ်းကလေး
များနှင့် ဘဲဥ/ကြက်ဥ တို့ကိုမျက်စိတဆုံးကြည့်ပြီးကာမှာ မနေ့က သက်ငယ်ဖိုးရထားတဲ့ငွေ ၄၀၀၀-ကျပ်မှာလည်း ၂၀၀၀-ကျပ်ခန့်သာရှိတောတယ်။ဧည့်သည်ဖို့ဆိုပြီး ဦးလေးကြည်က ကျွန်
တော့အားလှမ်းကြည့်ကာ ကြက်ဥအနည်းငယ် နှင့် ကြက်သွန်အနီဥလေးများဝယ်ယူကာ ဇနီးဖြစ်သူအား ကြော်စေပြီး ထမင်းချက်ခြင်းစသော အိမ်မှု့ကိစ္စတို့အား မီးဖိုတဲလေူထဲမှမထွက်
နိုင်အောင်ပင် ချက်ပြုတ်နေလေသည်။ ကျွန်တော်နှင့် ဦးလေးကြည်မှာ မေးလိုက်ဖြေလိုက်နှင့် ဆီးများရွဲနေအောင်ဆမ်းထားသည့် လက်ဖက်သုတ်နှင့်ရေနွေးတစ်အိုးက ကုန်ပြီ။
ထို့နောက် နေ့လည် ၁၂-နာရီကျော်အချိန်တွင် ဦးလေးကြည်အား သူ၏ဇနီးမှ ထမင်းစားရန်လှမ်းခေါ်သဖြင့်ငြင်းပယ်နေသည့်ကြားမှ ကျွန်တော့ကိုအပါခေါ်ကြရာ အားနာနာနှင့် နေ့လည်
တစ်နပ်စာကို ၀မ်းစာဖြည့်ခဲ့ရလေသည်။ ထမင်းစားပြီး ခေတ္တခဏနားကာ နေ့လည် ၁-နာရီတွင် ဇနီးမောင်နှံနှစ်ဦးတို့  ချိုးထားသောဖက်များအား သက်ငယ်တံပေါ်တင် နှီးဖြင့်ဖက်အား
ဖောက်ချည်ပြီး သက်ငယ်ရက် လာခဲ့တာ ဖက်များကုန်ခါနီးရောက်ချိန်ဝယ်ဦးလေးကြည် ၏ ဇနီးဖြစ်သူ ဒေါ်လေးစိန်မှ " ၀ါးတစ်လုံးကို ၃၅၀-လောက်အနည်းဆုံးပေးဝယ်ရတယ်
နှီးရောဝယ်ရတယ် အစိုးရက ရွာအတွက်ရေစက်လုပ်ထားတယ် အလှမ်းဝေးတော့သွားမခပ်နိုင်ဘူး ရေပါဝယ်သုံးနေရတာပေါ့ " ဟုသက်ငယ်တစ်ပျစ်အဆုံးမှာစကားဆုံးအောင်ပြောသည်။
" ဟုတ်ပါတယ် အဲဒိစက်မှာ ရေခပ်လည်း ပိုက်ဆံပေးရတယ် ဓါတ်ဆီဖိုးလို့ပြောတာပါပဲ" ဟု ဦးလေးကြည်က ၀င်ရောက်ဖြည့်စွတ်ပြောဖြစ်ခဲ့တယ်။
သားရေ အမေတို့ တော့မိဘအမွေအနှစ်မို့လုပ်သာလုပ်နေရတယ် တယ်လဲမကိုက်လှပါဘူး အမေတို့ သက်ငယ် တစ်ရာပြ်ီးမှ ငွေလေးသုံးထောင်ပဲရတာပါ အမေတို့ ကသာ ပိုက်ဆံမျက်နှာကြည့်ပီး
တော့ ဒီအလုပ်သာလုပ်နေမယ်ဆိုရင် ဖက်သက်ငယ်ဆိုတာအမေတို့ မြန်မာနိင်ငံမှာပျောက်ကွယ်တာကြာပေါ့ သွပ်ဈေးတွေကောင်းနေလို့ သာ အမေတို့ အလုပ်က ခံသာနေတာ မင်းတို့ လဲ မြန်မာ့
အမွေနှစ်ကိုထိမ်းသိမ်းပါ တူမောင် လို့ပြောရင်း ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ရှဲခနဲအောင်ဖွာရှိုက်ကာ ပြောပြရှာပါတယ် ။
 
 
ပြည်သတင်းလူငယ်ရေးသားတင်ဆက်သည်။




0 comments:

Post a Comment

Facebook Like Page