Monday, March 2, 2015

ကုန်းမျောက် နဲ့ ရေမျောက် (သရော်စာ)

Leave a Comment
ကုန်းမျောက် နဲ့ ရေမျောက် (သရော်စာ)
############################

တစ်နေ့ညက ညဒင်နာစားရင်း မင်းကဦးလေးကို မေးတယ်။ ဘာကြောင့်လူတွေက ပိုက်ဆံအကုန်ခံပြီး ပင်လယ်ကမ်းခြေတွေကို သွားသွားပြီး အပန်းဖြေတတ်ကြတာလဲဆိုတဲ့ မေးခွန်းပဲ။

အဲဒီနေ့ညကတော့ ဦးလေးလည်း ရေချိန်ကိုက်နေလို့ရယ်။ ဖြေစရာစကားမရှိသေးလို့ရယ်။ မင်းမေးတာကို ဆိတ်ဆိတ်နေပြီး ပညာရှိယောင် ဆောင်လိုက် ရတယ်။ မနေ့ကညမှ သူငယ်ချင်းသွားဆရာဝန် တစ်ယောက်နဲ့ ဒီအကြောင်း ပြောမိတော့ သူရှင်းပြတာကို အရင်းအတိုင်း ဖောက်သည်ချပေးမယ်။

သူကလူဆိုတာ မျောက်က ဆင်းသက်လာတယ်လို့ ချားစ်ဒါဝင် ပြောခဲ့တာကို ခြွင်းချက်အနေနဲ့ လက်ခံပါသတဲ့။ ချားစ်ဒါဝင်ဆိုတာ အဖေက နာမည်ကြီး လူရိုသေရှင်ရိုသေ သမားတော်ကြီး။ သူ့သားကိုလည်း သူ့လိုဆရာဝန် ဖြစ်စေချင်လို့ ဆေးကျောင်းတက်ခိုင်းပေမဲ့ ကျောင်းမပြီးဘဲ ၁၈၃၁ ခုနှစ်ကနေ ၁၈၃၆ ခုနှစ်အကြား ကမ္ဘာပတ်ခဲ့တဲ့ ဘီဂဲလ် ယုန်လိုက် ခွေးသင်္ဘောနဲ့ လိုက်ပြီး ဘရာဇီးလ်တို့ အာဂျင်တီးနားတို့ကို ရောက်ပြီးမှ ဂလာပါကို့စ် ကျွန်းကိုရောက်ချိန်မှာ အရင်က သူအပြင်မှာ မမြင်ဘူးခဲ့တဲ့ ရှေးဟောင်း သတ္တ၀ါတွေကို တွေ့လိုက်တယ်။ အဲဒီကနေ အင်္ဂလန်လည်း ပြန်ရောက်ရော လူဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ သဘောရတဲ့ မျိုးနွယ်စုတို့၏ မူလအစ စာအုပ်ကိုရေးခဲ့တယ်။ ဒါပေမဲ့ စာအုပ်ကို ထုတ်ဝေလိုက်ရင် သူ့ကို သာသနာကနေ ကြဉ်မှစိုးလို့ သုံးနှစ်တိတိ မထုတ်ဝေရဲဘဲ ပစ်ထားရတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဦးလေးတို့လို အရက်တိုက်ပြီး မြှောက်ပေးတတ်တဲ့ သူတွေနဲ့ တွေ့သွားပုံရတယ်။ ချားစ်ဒါဝင်က စိတ်တွေတက်ကြွပြီး စာအုပ်ကို ထုတ်ဝေလိုက်တယ်။ ဘာပြောကောင်းမလဲ တစ်ကမ္ဘာလုံး ပွက်လောရိုက်ပြီး သူ့ကိုသာသနာကနေ ကြဉ်ခံလိုက်သတဲ့။

ဒါပေမဲ့ ဦးလေး သူငယ်ချင်း သွားဆရာဝန်က ချားစ်ဒါဝင်ရေးတာ အနည်းငယ် မှားနေတယ်တဲ့။ သူ့ဖီလော်ဆော်ဖီ အရဆိုရင် ဟိုးတုန်းက ကုန်းမှာနေတဲ့ မျောက်နဲ့ ရေမှာနေတဲ့မျောက် ဆိုပြီး နှစ်မျိုးရှိတယ်. လူဟာ ရေမျောက်ကနေ အဆင့်ဆင့် ပြောင်းလဲ လာတာဆိုပဲ။ သူ့စကားကြားရတော့ ဦးလေးက သူ့ကိုပဲ ကြည်ညိုရမလား၊ ကိုယ်တိုင်ပဲ သောက်တာ များသွားသလား ပြန်တွေးရသေးတယ်။

သူက ဘာဆက်ပြောသလဲဆိုတော့ လူသာ ကုန်းမျောက်ကနေ ဆင်းသက်လာတယ် ဆိုရင် အခုကုန်းပေါ်မှာ မျောက်တွေ ဘယ်ရှိတော့မလဲတဲ့. အခုရေထဲမှာ မျောက်မရှိဘူးတဲ့။ ဒါကြောင့် ရေမျောက်ကနေ ကုန်းပေါ်တက်ပြီး လူဖြစ်လာတဲ့ အချက်က ပိုပြီးခိုင်မာတယ်ဆိုပဲ။ ရေမျောက်တွေ ကုန်းပေါ်တက်လာတော့ သူရဲ့အိမ်တော်ပါ လင်းပိုင်တွေကပါ ကုန်းပေါ်မှာ နေမယ်ဆိုပြီး လိုက်လာသေးတယ်။ ဒါပေမယ့် ကုန်းပေါ်မှာ ရာသီဥတု ကြမ်းတာရယ် အစားအသောက် ရှားတာရယ်ကြောင့် ရေထဲပြန်ဆင်း သွားရတယ်လို့ မိတ်ဆွေကြီးက ပြောတယ်။ ဒါကြောင့် တိရိစ္ဆာန်တွေထဲမှာ လင်းပိုင်ဟာ လူကိုကူညီတတ်ပြီး အိုင်ကျူမြင့်နေတာတဲ့။ မျောက်ကနေ လူဖြစ်လာတဲ့ သတ္တ၀ါကတော့ အဖော်မရှိရင် မနေတတ်လို့ မွေးဖို့အကောင် လိုက်ရှာတာ ခွေးနဲ့တွေ့ပြီး လူနဲ့ခွေးအခုထိ သခင်နဲ့ကျွန်လို နေကြသတဲ့။ ပြီးတော့ သတ္တ၀ါမျိုးစုံ ရှိတဲ့အနက် စီးကရက်ထဲက နီကိုတင်း ဓာတ်ကိုစွဲတာ လူနဲ့ခွေးပဲ ရှိသတဲ့။ ဦးလေးကတော့ အထွန့်တက်ပြီး တိရိစ္ဆာန်ရုံထဲမှာလည်း မျောက်တွေ စီးကရက်သောက်တာ တွေ့ဖူးတယ်လို့ ပြောကြည့်တော့ သူက အဲဒါအတုခိုးတာ သက်သက်ပဲတဲ့။

ငါ့တူကတော့ မေးတာ တခြား ဖြေတာတခြား ဘာတွေလာပြီး လေပုပ်ထုတ်နေတာလဲလို့ အခုခေတ်လူငယ်တို့ရဲ့ စရိုက်လို ဦးလေးကို အပြစ်တင်ချင်စိတ်ပေါက်နေလောက်ပြီ။ အခုမင်းသိချင်တဲ့ အဖြေလာတော့မယ်။ ရေမျောက်ကနေ နှစ်သန်းနဲ့ချီပြီး အဆင့်ဆင့်ပြောင်းလဲလာပြီး လူဖြစ်ခဲ့ပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာ ဇာတိကိုတော့ မမေ့ဘူး။ ဒါကြောင့် တစ်ချိန်က နေခဲ့ဖူးတဲ့ ပင်လယ်ကမ်းခြေကို လူတွေသွားပြီး အပန်းဖြေကြ၊ ရေကူကြ ၊ ရေငုပ်ကြတာတွေက မသိစိတ်ရဲ့ စေ့ဆောမှုနဲ့ ဇာတိစိတ်ကလုပ်နေကြတာ။ ဒါကြောင့် လူတွေက အချိန်အားလပ်ရင်၊ လက်ထဲရေကလေးများ ပိုလျှံလာရင် ပင်လယ်ကမ်းခြေ သွားဖို့ ကြံပြီးတစ်ချိန်က နေရပ်ကို သွားလွမ်းကြတာဆိုပဲ။

ဒီစကားကို စာအုပ်ထုတ်ခဲ့ရင် ဒီသူငယ်ချင်းဆရာဝန်ဟာ ကမ္ဘာကျော်သွားနိုင်ပေမဲ့ သူကစကားကို ယမကာဝိုင်းမှာပဲ ပြေပြခဲ့လေတော့ အခက်သားကလား။ ဦးလေးတောင်သူပြောတာ ညစာစားရင်း နားထောင်မိပြီး နောက်နေ့မနက် သူ့ကိုပြန်မေးတော့ ဟုတ်လား၊ ကျွန်တော်အဲဒီလိုပြောမိ သလားတွေ ဖြစ်ကုန် တယ်။ ဒါနဲ့သူလည်း ကမ္ဘာမကျော်၊ ဦးလေးလည်း သူ့အတွေးအခေါ်ကို စာအုပ်ထုတ်ပြီး ရေမခပ်လိုက်ရဖြစ်သွားတယ်။ ဒါပေမဲ့ မင်းမေး တဲ့ မေးခွန်းအတွက် သူ့အဖြေက အကောင်းဆုံးလို့ထင်တယ်။

ဦးလေးကိုလည်း အလုပ်မရှိ အားတိုင်းထင်ရာတွေ လျှောက်လျှောက်မေးမနေနဲ့။ ဦးလေးမှာ မင်းကို ပြန်ရေးပြဖို့ ဟိုစာအုပ်လှန်ရ၊ ဒီစာအုပ်လှန်ရ၊ အင်တာနက်ထဲက ဟိုဝက်ဘ်ဆိုက်ဖွင့်ရနဲ့ အလွန်အချိန်ပေးရတယ်။ မင်းမေးတာတွေကို နှစ်ကိုယ်ကြား တယ်လီဖုန်းထဲကနေ မဖြေရဘဲ သတင်းစာထဲကနေရေးပြီး ပြောပြနေရလို့ ဦးလေးအတွက် ရေလေးဘာလေးရတာကတော့ ကံကောင်းတဲ့အချက်ပဲ။  ဦးလေးအတွက် ရေခွင်လေး ဘာလေးရအောင်တော့ မင်းသိချင်တာတွေကို တော့မေးပါ။ ဒါပေမဲ့ အဖြေရခက်မှာတွေနဲ့ ပုဒ်မကြီးတာတွေတော့ နောက်နောင်ရှောင်ကြဉ် စေ ချင်တယ်။ တော်ကြာမင်းမေးတာ ဖြေရင်းနဲ့ ဦးလေးထမင်း အလကားစားရတဲ့နေရာ ရောက်သွားရင် မကောင်းပေဘူး။ အဲဒီလိုပဲ ခက်တာက မေးလို့ ဖြီးမိပြန်ရင် စာဖတ်ပရိတ်သတ်က အလကားလူကြီး ဘာမှမသိဘဲ ညာနေတယ်၊ ဖြီးနေတယ်၊ လှိုင်းနေတယ်လို့ ထင်သွားရင် ရှက်စရာကြီး။

မာဂျေ

မြ၀တီ...

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page