Wednesday, February 18, 2015
ကျွန်တော်တို့ သီရိခေတ္တရာမြို့ သို့ ပြည်မြို့ မှ သမိုင်းဝင်ခဲ့သော စာဆိုတော် န၀ဒေး....အကြောင်းသိသလောက် မှတ်သလောက်တင်ပြတာပါ
ကျွန်တော်တို့ သီရိခေတ္တရာမြို့ သို့ ပြည်မြို့ မှ သမိုင်းဝင်ခဲ့သော စာဆိုတော်
န၀ဒေး....အကြောင်းသိသလောက် မှတ်သလောက်တင်ပြတာပါ
###################################################
● တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇ - ၁၅၉၆)
တောင်ငူခေတ်တွင် မြန်မာကဗျာသည် အတော်ပင် အခြေခိုင်ခံ့နေပေပြီ။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်လာသော မြန်မာကဗျာအင်အားစုသည် အလွန်ကြီးမားသော အခြေအနေသို့ရောက်ရှိနေသည်။
တောင်ငူခေတ်တွင် ပေါ်ထွန်းလာသော ကဗျာစာဆိုများမှာ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ၎င်းတို့ဖွဲ့ဆိုရေးသားခဲ့ကြသော ကဗျာလင်္ကာစာပေများ မှာ လှော်ကားသုံးထောင်မှူး၏ မင်းတရားရွှေထီးဧချင်း၊ မင်းတရားရွှေထီးနားတော်သွင်း၊ ရှင်ထွေးနာသိန်၏ အင်းဝမြို့သို့ တမ်းတရတုပိုဒ်စုံ၊ ပြည်န၀ဒေးကြီး၏ မိုးဖွဲ့၊ တောဖွဲ့၊ ပန်းဖွဲ့၊ ပြည်ဖွဲ့၊ နန်းဖွဲ့၊ စစ်ချီမောင်ဖွဲ့၊ ဘုရားတိုင်မယ်ဖွဲ့၊ မောင်ဖွဲ့၊ အမေးအဖြေရတု၊ ကျေးစေရတု၊ သိကြားတိုင်ရတု၊ ဘုရင့်နှမတော်ဧချင်းခေါ် ယိုးဒယားမိဘုရားဧချင်း၊ မင်းတရားမယ်တော်ဧချင်း၊ ဆင်ဖြူရှင်မယ်ဧချင်း၊ မနော်ဟရီပျို့၊ ရှင်ဝေရှင်ထွေး၏ အဏ်ချင်း၊ နတ်သျှင်နောင်၏ ဘုရားတိုင်မယ်ဘွဲ့ရတု၊ ဘုရားတိုင် မောင်ဘွဲ့ရတု၊ ကျေးစေရတု၊ ရာဇဓါတုကလျာဘွဲ့ ရတု၊ သစ္စာတိုင်မယ်ဘွဲ့ ရတု၊ ဆောင်းရာသီ မယ်ဘွဲ့ရတု၊ မင်းဇေယျ ရန္တမိတ်၏ ဥတေနသာချင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇမာဏ၀ိကာသာချင်း၊ မင်းရဲနရာဧချင်း၊ ရှင်သံခို၏ မင်းရဲဒိဗ္ဗဧချင်း စသည့် မြန်မာ ဂန္တ၀င်ကဗျာများဖြစ်သည်။
တောင်ငူခေတ်သည် အင်းဝခေတ်နှင့် မတူချေ။ အင်းဝခေတ်တွင် ရဟန်းစာဆိုပေါများ၍ လူပုဂ္ဂိုလ်စာဆို ရှားပါးသည်။ တောင်ငူခေတ်တွင် လူပုဂ္ဂိုလ်စာဆိုများပြားသည်။
တောင်ငူခေတ် ဂန္တ၀င်မြောက်ကဗျာများအနက် ပြည်န၀ဒေး၏ ရတုမှာ ထင်ရှားသည်။ န၀ဒေးသည် သက္ကရာဇ် ၈၉၄ ခုနှစ် တွင် ပြည်မြို့၌ နန်းတက်သော ဘုရင် နရပတိ၏ ယောက်ဖတော် မင်းဘစော၏ အထိန်းတော်သားဖြစ်သည်။ အသက် ၁၀ နှစ် အရွယ်ကစ၍ ရတုကဗျာများ စပ်ဆိုခဲ့သည်။ စလင်းတွင် စည်သူကျော်ထင်ထံ ခစားရာ “မင်းလက်ျာ” ဘွဲ့ ရခဲ့သည်။ စည်သူကျော်ထင်နှင့် စစ်ကိုင်းသို့ လိုက်ပါခစားသည့်အခါ ထောင်သင်းကို ကြီးမှူးရသောကြောင့် “ထောင်သင်းမှူး” ဟု အမည်တွင် ပြန်သည်။ စစ်ကိုင်းစည်သူကျော်ထင်အင်းဝတွင် မင်းပြုစဉ် ဟံသာဝတီဘုရင် ဆင်ဖြူများရှင် အင်းဝကို တိုက်ခိုက်သိမ်းယူသည်။ ထိုအခါ ပြည်ဘုရင် သတိုးဓမ္မရာဇာက ဆင်ဖြူများရှင်ထံမှ ထောင်သင်းမှူးကို တောင်းယူသည်။ ပြည်မြို့တွင် စာဆိုကောင်းသောကြောင့် န၀ဒေးဘွဲ့ဖြင့် ချီးမြှင့်ခံရသည်။ န၀ဒေးဟူသော ဘွဲ့အမည်၏ အဓိပ္ပါယ်မှာ သုံးမျိုးပြား၏။ န - ၀ဒေ = ကဗျာလင်္ကာဖွဲ့ဆိုရာ၌ အပြစ်ဆိုစရာမရှိအောင် ကောင်းမွန်သော စာဆိုတော်။ န၀ - ဒေ = ရသကိုးပါး ပေါ်လွင်အောင် စပ်ဆိုနိုင်သော စာဆိုတော်။ န၀ဒေး = အသစ်အဆန်းတီထွင်စပ်ဆိုနိုင်သော စာဆိုတော် ဟူ၍ အဓိပ္ပါယ်သုံးမျိုး ရှိသည်။ စာဆိုတော် န၀ဒေးကြီးသည် ပိုဒ်စုံရတုပေါင်း ၃၀၀ ကျော်ကို ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုအခါ ၂၃၆ ပုဒ်မျှကို သာ ရှာဖွေတွေ့ရှိတော့သည်။ မြန်မာကဗျာစာပေသမိုင်းတွင် န၀ဒေးလောက် ရတုပုဒ်ရေ များများ ရေးဖွဲ့ခဲ့သည့် စာဆိုဟူ၍ မရှိ ခဲ့ဘူးချေ။ ရတုအမျိုးအစားမှာလည်း စုံလင်လှ၏။ စစ်ချီ၊ ဘုရားတိုင်၊ သိကြားတိုင်၊ မိုးတိုင်၊ မြို့ဘွဲ့၊ မယ်ဘွဲ့၊ အဖြည့်ခံ၊ ဥဒေါင်း ဖိုမ အမေးအဖြေ၊ ၀မ်းဘဲဖိုမ အမေးအဖြေ စသည်ဖြင့် ဖွဲ့နွဲ့ပုံမျိုးစုံလေသည်။
န၀ဒေးကဲ့သို့ပင် တောင်ငူခေတ်၌ ရတုဘုရင်အဖြစ် ကျော်ကြားခဲ့သော စာဆိုတော်မှာ နတ်သျှင်နောင် ဖြစ်သည်။ စာဆိုအကျော် နတ်သျှင်နောင်သည် အခြားစာဆိုကျော်နှင့် လုံးဝမတူ တမူကွဲပြား၏။ ကဗျာဖွဲ့ဆိုသီကုံးသုံးနှုန်းပုံမှာလည်း လွန်စွာ ဆန်းပြားသည်။ စကားလုံးသုံးနှုန်းမှုအရာ၌ ကျွမ်းကျင်သဖြင့် စကားလုံးအမျိုးမျိုးကို ရေလဲနှင့်သုံးနှုန်းသူဖြစ်သည်။
မြန်မာ့ဂန္ထ၀င်စာပေ၏အနာဂတ် - အပိုင်း (၅)
သန်းဝင်းလှိုင်
မတ်လ ၁၈၊ ၂၀၁၃
မှ..ပြည်သတင်းလူငယ်(ပြည်သတင်း)မှ ပြန်လည်ကောက်နူတ်ရေးသားအပ်ပါတယ်...
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment