ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင် (မင်းသိင်္ခ) (ဇာတ်သိမ်းပိုင်း)
#################################################
တစ်ကိုယ်လုံးရှိ အကြောများ တဆတ်ဆတ် တုန်ခါလာတော့၏။ သူသည် ပါးစပ်မှ တတွတ်တွတ် ပြောဆိုနေ၏။ ကျွန်ုပ်၏ နားသည် တဖြည်းဖြည်း အကြားဓာတ်များ ချုပ်လာသည့် အလျောက် သူ့အသံကိုပင် သဲသဲကွဲကွဲ မကြားရတော့ပါ။ ကျွန်ုပ်သည် လွတ်မြောက်ရန်လမ်း မရှိပါပေ။ ကျွန်ုပ်၏ မျက်နှာ၌ ချွေးသီးချွေးပေါက်များ ယိုစီးလျက် ရှိသည်ဟု ကျွန်ုပ် ထင်မှတ်မိ၏။ လူတို့သည် သေခါနီး၌ မြော၍ သွားတတ်သေးသည်ဟု ဆိုကြ၏။ ကျွန်ုပ် မြောသွားသည်လား မဆိုနိုင်ပါ။ ကျွန်ုပ်နား၌ ကျွန်ုပ်မည်သို့မျှ မကြားနိုင်တော့သည့် ထူးဆန်းသော အသံတစ်ခုကို ကြားနေရ၏။ အသံမှာ သေးသေးမျှင်မျှင် ကလေးမျှသာဖြစ်၏။ သို့သော် ပီသလှ၏။
“ မောင်မောင် မောင်မောင်” ဟု ခေါ်နေသော လှိုင်လှိုင်တင်၏ အသံတည်း။
“ မသတ်ပါနဲ့ မောင်မောင်ရယ် ၊ မောင်မောင် လှိုင့်စကားကို နားမထောင်တော့ဘူးလား။ လှိုင့်ကို မချစ်တော့ဘူးလား မောင်ရယ် ”
ကျွန်ုပ်သည် ထိုအသံကို ကြားပြီးနောက် ရိပ်ခနဲ ခံစားလိုက်ရ၏။ ထို့နောက် လုံးဝ သတိမေ့မြောခြင်းသို့ ရောက်သွား၏။ ကျွန်ုပ်သတိရ၍ မျက်လုံး ဖွင့်ကြည့်လိုက်သည့် အခါ၌ စီးကရက် သောက်နေသော မီးခဲမောင်မောင်ကို လည်းကောင်း၊ ရာဇဝတ်အုပ် အဝတ်အစားနှင့် ငယ်စဉ်က ကျောင်းနေဖက် ဖြစ်ခဲဖူးသော ပြည်မြို့သား သိန်းကျော် သို့မဟုတ် ပြည်သိန်းကျော်ကိုလည်းကောင်း ထူးဆန်းစွာ တွေ့ရတော့၏။
“ ကဲ......ကိုမောင်မောင်၊ အချိန်မရှိတော့ဘူး၊ နောက်(၁၅) မိနစ်ဆိုရင် ကျုပ်လူတွေ လိုက်လာကြလိမ့်မယ်။ ခင်ဗျား ထွက်ပေတော့ ၊ ဟောဒီရိုးလေး တစ်လျှောက်ရယ် ၊ ဘီအိုစီနားမှာရယ်၊ ဟိုဘက်က လိပ်ခုံးလွန်း ဆိပ်ကမ်း ဘက်မှာရယ်၊ ကျုပ်လူတွေ ရှိနေကြတယ်။ ခင်ဗျားဟာ ဒီတည့်တည့်ကိုသာ သွားပေတော့။ မလှိုင်လှိုင်တင်ကိုတော့ ခင်ဗျားသဘောပဲ၊ ခေါ်သွားချင်လည်း ခေါ်သွား၊ မခေါ်ချင်လည်း ထားခဲ့ပါ။ ”
“ကျေးဇူးတင်ပါတယ် ကိုပြည်သိန်းကျော်၊ တစ်ခုတော့ အကြံပေးချင်တယ်ဗျာ၊ ခင်ဗျားနာမည် ပြောင်းပစ်လိုက်ပါ။ ခင်ဗျားနာမည်က ဟောဟိုက ကတိမတည်တဲ့ လူရဲ့ နာမည်နဲ့သွားပြီး ဆင်ဆင် တူနေတယ်၊ ခင်ဗျားဟာ ယောက်ျားပီသတဲ့ လူတစ်ယောက်ပါ ”
“ ကဲ......ထွက်သွားပေတော့ ကိုမောင်မောင် ”
“ မောင်မောင်ရယ်၊ လှိုင့်ကို မထားခဲ့ပါနဲ့ လှိုင်လည်း လိုက်ပါရစေ ”
မီးခဲမောင်မောင်က ထွက်သွားပေပြီ။ လှိုင်လှိုင်တင်က ပြေး၍လိုက်သွား၏။ တဲအပြင်ရောက်မှ မီးခဲမောင်မောင်က ပြည်သိန်းကျော်အား....
“ ဂွတ်ဘိုင် ကိုမောင်မောင် ”
လှိုင်လှိုင်တင်နှင့် မီးခဲမောင်မောင်တို့သည် မှောင်ရိပ်ထဲ၌ ပျောက်ကွယ် သွားကြတော့၏။ ပြည်သိန်းကျော်သည် ကျွန်ုပ်အား ထူမရန် ကျွန်ုပ်ဆီသို့ ရောက်လာ၏။
“ ကျုပ်ကို ထူဖို့ အရေးမကြီးပါဘူး၊ ခင်ဗျား ပုလိပ်တွေခေါ်ပြီး ခုနေ မြန်မြန်လိုက်ပါလား ၊ မိတာပေါ့ဗျ ”
“ ကျုပ် ဖမ်းလို့မဖြစ်ဘူး ”
“ဘာဖြစ်လို့ ”
“ ကျုပ် လှိုင်လှိုင်တင်ကို ဂတိပေးပြီး ခေါ်လာခဲ့ရတာဗျ၊ မီးခဲမောင်မောင်ကို မဖမ်းပါဘူးလို့ ”
“ လူဆိုးမယားကို ပေးထားတဲ့ ကတိပဲဗျာ၊ စောင့်ထိန်းဖို့ မလိုပါဘူး၊ ခင်ဗျားဟာ ပုလိပ်တစ်ယောက် မဟုတ်လား၊ လူဆိုးတွေ့နေမှပဲ ဖမ်းပေါ့ဗျာ ”
“ ပုလိပ်ဖြစ်လို့ ပိုပြီး စောင့်ထိန်း သင့်တာပေါ့ဗျာ ၊ ကတိဟာ ကတိပဲ၊ ဘယ်သူ့ကို ပေးတဲ့ ကတိပဲ ဖြစ်ဖြစ်ပေါ့ဗျ၊ ပြီးတော့ တာဝန်အရသာ ဖမ်းချင်ဖမ်းရမယ်၊ မောင်မောင့်ကို ကျုပ်မမုန်းဘူး လေးစားတယ် ”
“ မောင်မောင်ဟာ ခင်ဗျားလိုမဟုတ်ဘူး၊ ယောက်ျားပီသတယ်၊ ကတိတည်တယ်၊ ရဲရင့်တယ်၊ ညှာတာ ထောက်ထားတတ်တယ် ကိုရွှေသိန်းကျော်၊ သူ့မျာ ခက်တာ တစ်ခုပဲရှိတယ်၊ အဲဒီ ညာဉ်ကလေး ဟာလည်း ကျုပ်အနေနဲ့ အကျည်းတန်တဲ့ အရာလို့ မမြင်ဘူး၊ တောပန်းကလေးလို တစ်မျိုးလှနေတယ်။ ရာဇဝင်မှာ ရာဇဓိရာဇ်ကို ဗညားနွဲ့က ဓားချွတ်လို့ မရတာနဲ့ တိုက်ပွဲ တစ်ခုမှာ ဓားရိုးက ချွန်းသီးနဲ့ ရိုက်ခဲ့ဖူးတယ်၊ နောက်ပွဲကျတော့ ရာဇဓိရာဇ်ဟာ ဓားနဲ့ ခုတ်သတ်လို့ ရလျက်သားနဲ့ ဗညားနွဲ့ကို ချွန်းသီးနဲ့ပဲ ရိုက်သတ်ခဲ့တယ် မဟုတ်လား၊ သူရဲကောင်းတွေမှာ အဲဒီ စိတ်ဓာတ်မျိုးတော့ ရှိတတ်ကြတယ်ဗျ။ မောင်မောင်ဟာ ရာဇဓိရာဇ်လို လူမျိုးပါဗျ၊ ကျုပ်လေးစားရမှာပေါ့။
ကဲ...ကဲ၊ ထ.....ထ ကိုရွှေသိန်းကျော်”
ကျွန်ုပ်သည် မည်သို့မျှ ပြန်မပြောနိုင်ပါ။ ရှက်လည်း အလွန်ရှက်သွားမိ၏။ ကျွန်ုပ်ကား သူတို့နှစ်ဦး၏ စိတ်ဓာတ်နှင့် နှိုင်းစာလိုက်ပါမူ စိတ်ဓာတ်အားဖြင့် အလွန်အောက်တန်းကျသူ တစ်ဦးဖြစ်နေ၏။ များမကြာမီ အချိန်၌ ပုလိပ်များ ရောက်ရှိလာကြ၏။
ထို့မောက် ကျွန်ုပ်အား ဖေးမကူညီကြကာ ရန်ကုန်သို့ ပြန်ခဲ့ကြ၏။ ကျွန်ုပ်၏ စိတ်၌မူ ပြည်သိန်းကျော် အပြုအမူကို ကျေနပ်ခြင်း မရှိလှပါ။ ကျွန်ုပ်သည် မီးခဲမောင်မောင်အား တစ်ခါတည်း ဖမ်းစေချင်လှ၏။ သုံးရက်ခန့်အကြာတွင် ပြည်သိန်းကျော်သည် ကျွန်ုပ်ထံသို့ ရောက်လာပြီးနောက် သတင်းစာများ ချပေး၏။ သူယူလာသော သတင်းစာများကို ဖတ်ကြည့်ရာ မီးခဲမောင်မောင်နှင့်တကွ သူ၏ တပည့်များသာမက လှိုင်လှိုင်တင်၏ ပုံကိုပါ တွေ့ရ၏။ သူတို့အား ဖမ်းဆီးလိုက်မိပြီ ဖြစ်၏။ ကျွန်ုပ်သည် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
“ ခင်ဗျား ဖမ်းတာလား ”
“ သွားဖမ်းတာကတော့ ကျုပ်ဂါတ်က ဆားပုလင်း နှင်းမောင် သွားဖမ်းတာပေါ့ဗျာ၊ ဖမ်းမိနိုင်တဲ့ နေရာကို တွက်ဆ တာကတော့ ကျုပ်ပေါ့ ”
“ ကွန်ဂရက် ကျူရေးရှင်းပဲ ကိုပြည်သိန်းကျော်၊ ဒါနဲ့ ကျုပ်တို့ ထုတ်ထားတဲ့ ဆုငွေကို အဲဒီ ဆားပုလင်း နှင်းမောင် ထုတ်ယူမှာပေါ့နော်။ တစ်ထောင်ဆိုတာ့ နည်းတာမဟုတ်ဘူး ၊ သူကတော့ ဝမ်းသာမှာပဲ”
“ ကျုပ်ဂါတ်က ဆားပုလင်းကိုနှင်းမောင်ကလည်း လူဆန်းဗျ ၊ ခင်ဗျားတို့ ဆုငွေကိုထုတ်ယူပြီး သူသုံးမှာ မဟုတ်ဘူး ”
“ ဘယ်သူသုံးမှာလဲဗျ ”
“ ငါးရာကို မျက်မမြင်ကျောင်းကို လှူမယ် ၊ ငါးရာကို မီးခဲမောင်မောင်တို့အမှု လွတ်မြောက်ရေးအတွက် စရိတ်အဖြစ် လှူဒါန်းမှာဗျ ”
“ ဗျာ ”
ကျွန်ုပ်သည် .....
“ ဗျာ ” ဟုသာ ရေရွတ်နိုင်တော့၏။ ထို့နောက် သိချင်သည်များကို ဆက်လက်မေးမြန်းမိပြန်၏။
“ ကျုပ်နဲ့ မောင်ဝိုင်းမောင်ကို မီးခဲမောင်မောင် ဖမ်းသွားတယ်ဆိုတာ ခင်ဗျားဘယ်လို သဲလွန်စ ရသလဲ ကိုပြည်သိန်းကျော် ”
“ ဒါက လွယ်ပါတယ်ဗျာ၊ ခင်ဗျားတို့ နှစ်ယောက်မှာ အဲဒီနေ့က ငွေလဲ အမြောက်အမြား ပါသွားတာ မဟုတ်ဘူး။ ဒီတော့ ဓားပြက ဖမ်းတယ်လို့ တွေးဖို့ မလိုဘူး။ တစ်ခါ ပြန်ပေးဆိုရင်လည်း မောင်ဝိုင်းမောင်ကို ပြန်လွှတ်ရမယ်ဗျ။ ပြန်မလွှတ်ခဲ့ဘူး။ ဒီအထဲမှာ ခင်ဗျားရယ် ၊ လှိုင်လှိုင်တင်ရယ် ၊ မောင်မောင်ရယ် အကြောင်းကို ကျုပ်က သိထားတယ် မဟုတ်လား ”
“ ခင်ဗျား သိထားတယ် မဟုတ်လား ”
“ သိထားပါတယ်ဗျ၊ ခင်ဗျားတို့ကသာ ကျုပ်ကို မေ့နေပေမယ့် ကျုပ်ကတော့ ခင်ဗျားကို သတိရလျက်ပါ။ မောင်မောင်နဲ့ လှိုင်လှိုင်တင် လိုက်ပြေးတုန်းက ပြန်ဖမ်းမိအောင်လည်း ကျုပ်ကူညီခဲ့တာပါ။ အဲဒီတုန်းက ကျုပ် အင်းစိန်စီအိုင်ဒီမှာ စုံထောက် သင်တန်း လာတက်နေတာလေ ”
“ သြော် ”
အဲဒီတုန်းက မောင်မောင်ဟာ ကားဒရိုင်ဘာ ဂေါ်ရခါး ကုလား ယောင်ဆောင်ခဲ့တာလေ။
“ ဟင် ”
“ ဒါကြောင့် မောင်မောင်က ဒီတစ်ခါလည်း ရုပ်ဖျက်ရင် ကုလားလိုပဲ ရုပ်ဖျက်လိမ့်မယ်လို့ ကျုပ်ယူဆထားတယ်၊ ခင်ဗျားတို့ သွားကြည့်တဲ့ ဆန်စက်ကို သူလိုက်သွားပြီး စုံစမ်းတော့လည်း ခေါ်တော့ကုလား သမ္ဗန်တစ်စီးကို စီးပြီး ပြန်သွားတယ်ဆိုတာ ကြားရကတည်းက မောင်မောင်ဖြစ်နိုင်တယ်လို့ ယူဆထားမိတာ ”
“ ဟုတ်ပါ့ဗျာ ”
“ အဲဒီ ဆန်စက်ထဲမှာ မီးခဲမောင်မောင်ရဲ့ တပည့် တစ်ယောက်က ဆန်စက်မေရိုင်မှာ အလုပ်လုပ်တယ်ဗျ ၊ ကျုပ်သွားပြီး စုံစမ်းနေတုန်းမှာ ဒီကောင် ရန်ကုန်ဘက်က ပြန်လာပြီ။ သူ့လွယ်အိတ်ထဲမှာ ပျားအုံတံဆိပ် အရက်ပုလင်းတို့ ၊ စီးကရက်ဘူးတို့ ၊ ညအင်္ရလိပ် သတင်းစာတို့ ပါလာတာကို အမှတ်မထင် တွေ့မိတာနဲ့ သူစီးမဲ့ သမ္ဗန်နောက်မှာ ဆန်စက်က စက်ဆီပုံး ကလေးကို အပေါက်ဖောက်ပြီး အမှတ်တမဲ့ ချိတ်လွတ်လိုက်တယ် ”
“ အဲဒါက ”
“ ဒီနားမှာ ဝင်စရာ ချောင်းပေါက်ကလေးတွေ များတယ် မဟုတ်လားဗျာ ၊ ဒီတော့ ကျုပ်ချိတ်ပေးလိုက်တဲ့ စက်ဆီတွေက အပေါက်ကနေစိမ့်ပြီး တစ်စက် တစ်စက် ထွက်ကျသွားတော့ သူတို့နောက်က လှေကလေးတစ်စီးနဲ့ဝင်သွားတဲ့ ချောင်းရိုးကို နောက်ယောင်ခံနိုင်တာပေါ့ ”
“ တော်တယ်ဗျာ ”
တစ်ခါ နေရာကို သဲလွန်စပြန်ရတော့ လှိုင်လှိုင်တင်ကို ရှာရပြန်တယ်။ ရေနံချောင်းကို ခင်ဗျား သွားခဲ့သလား။ ဟင်အင်း ၊ လှိုင်လှိုင်တင် ရန်ကုန်ရောက်နေတာ ကြာပြီဗျ။
“ သြော် ”
ဒီတော့ ကျုပ်တို့က မောင်မောင်ကို မိရင်ပြီးရော၊ အတင်းဝင်ဖမ်းရင် သူက ခင်ဗျားကိုပါ အရှင်ထားခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီတစ်ပွဲမှာတော့ လှိုင်လှိုင်တင်ကို အကူအညီ တောင်းရတာပေါ့ဗျာ။
“ ဘာဖြစ်လို့ ”
မောင်မောင်ရဲ့စိတ်ကို ပျော့ပျောင်းသွားအောင် လုပ်နိုင်တဲ့ လူသားဟာ ၊ လှိုင်လှိုင်တင် တစ်ယောက်ပဲ ရှိတယ်မဟုတ်လား ကိုရွှေသိန်းကျော်။
“ ဟုတ်ပါတယ်ဗျာ ”
ခင်ဗျားတို့ ဖမ်းထားတဲ့ တဲကို ကျုပ်တို့ဝိုင်းဖို့လာတုန်းက ခင်ဗျားတပည့် မောင်ဝိုင်းမောင်ကို မီးပြနားမှာ တွေ့တယ်လေဗျာ။ အကြောင်းစုံ သိရတော့ လှိုင်လှိုင်တင်ကို ကျုပ်ခေါ် လာတာဟာ သိပ်မှန်သွားတာပေါ့ဗျာ။
သူတို့ကို အခုဖမ်းမိတာရော ကိုပြည်သိန်းကျော် မီးခဲမောင်မောင်ဟာ ရုပ်ဖျက်ရင် ကုလားလိုဖျက်လေ့ရှိတယ် မဟုတ်လားဗျ။
“ အင်း ”
အခုလည်း သူ ကုလားလို ဖျက်ထားတယ်၊ လှိုင်လှိုင်တင်ကိုတော့ အိမ်တွင်းပုန်း ကုလားမတွေလို ခေါင်းမြီးခြုံပြီး ဝတ် ပေးထားတယ်လေ။ ကျုပ် တွက်ဆချက်အရ ရှမ်းပြည်နယ်ကို သူတို့ မရှောင်ခင်မှာ ကျုပ်ဂါတ်က ဆားပုလင်းနှင်းမောင်ကို ရှင်းပြပြီး အပူတပြင်း စုံစမ်းခဲ့တာပေါ့ဗျာ။ ဆားပုလင်း နှင်းမောင်လည်း တော်လို့ပေါ့ဗျာ။ ဟုတ်ပါတယ် ကိုရွှေသိန်းကျော်....
( မှတ်ချက်။ ။ အင်္ဂလိပ်ခေတ်တွင် နာမည်ကြီးခဲ့သော ရသေ့မောင်မောင် ဓားပြဂိုဏ်း ဆိုသည်မှာ မီးခဲမောင်မောင်၏ ဂိုဏ်းပင်ဖြစ်သည်။ သူနှင့် ပတ်သက်သော အမှုတစ်ခုအား ပြစ်မှု မဂ္ဂဇင်း၌ ဇော်ဂျီဖိုဝင်သားနှင့် ဆားပုလင်းနှင်းမောင် ဟုရေးသားခဲ့ပြီး ဖြစ်ပါသည်။)
အားလုံးကိုခင်မင်လေးစားလျှက်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment