Sunday, December 21, 2014

အမှတ်(၁၄)ခြေလျင်တပ်ရင်းက လယ်သမား(၅၄)ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် ရွှေတောင်တရားရုံး၌ တရားစွဲဆို ********************** သီဟလွင် (မြစ်မခ)

Leave a Comment


အမှတ်(၁၄)ခြေလျင်တပ်ရင်းက လယ်သမား(၅၄)ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် ရွှေတောင်တရားရုံး၌ တရားစွဲဆို
**********************
 သီဟလွင် (မြစ်မခ)
ပြည်၊ ဒီဇင်ဘာ ၁၈ ရက်
ပဲခူးတိုင်းအနောက်ပိုင်း ရွှေတောင်မြို့နယ်အတွင်းရှိ ဘယ်လက်၊ ပုတ္တန်း၊ ပုရပိုက်တန်း ကျေးရွာတို့မှ တောင်သူ လယ်သမား (၅၄)ဦးအား ခ.လ.ရ(၁၄)မှ ရွှေတောင်မြို့နယ်တရားရုံးတွင် ပိုင်နက်ကျူးလွန်မှုဖြင့် ဦးတိုက် လျှောက်ထား၍ တရားစွဲဆိုထားကြောင်း သိရှိရသည်။
တရားစွဲဆိုခံရသော တောင်သူ ၅၄ ဦးအား အုပ်စု ငါးစုခွဲပြီး ရွှေတောင်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာလ (၁၀)ရက်နေ့မှစတင်ကာ သုံးကြိမ် ရုံးချိန်းခေါ်ခဲ့ယူပြီး ဒီဇင်ဘာ(၁၇)ရက်နေ့ ရုံးချိန်းတွင် တရားစွဲခံရသည့် တောင်သူများဘက်မှ လူမစုံသည့်အတွက် ရုံးချိန်းဖျက်ခဲ့ရပြီး တောင်သူများမှာ အဆိုပါတရားရုံးတွင် ကိုယ်ပိုင် ခံဝန်ဖြင့် အာမခံယူထားရကြောင်း တရားစွဲဆိုခံတောင်သူများထံမှ သိရသည်။
ခ.လ.ရ(၁၄) တပ်မှ တပ်ကြပ်ကြီးခင်မောင်ဝင်းက တရားလိုပြုကာ ရွှေတောင်မြို့နယ်တရားရုံးတွင် လွန်ခဲ့သော အောက်တိုဘာလဆန်းပိုင်းမှစ၍ ဦးတိုက်လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားသူကြီးမှတဆင့် ကျင့်ထုံး ဥပဒေ ၂၀၂ အရ ရဲဝန်ထမ်းများမှ တောင်သူများ၏ထွက်ချက်ရယူရန် ပြန်လည်ခိုင်းစေသောကြောင့် ရဲစခန်းရှိ ဒုရဲအုပ်များမှာ တောင်သူများထံသို့သွားရောက်ကာ တောင်သူများ၏ ထွက်ချက်ရယူမှုများပြုလုပ်ခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှသိရသည်။
“ရဲအရေးပိုင် မဟုတ်တဲ့အတွက် တရားသူကြီးရဲ့ခိုင်းစေချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒုရဲအုပ်တွေက အုပ်စု ငါးစုခွဲပြီး ထွက်ချက်ရယူပေးရတယ်။ အားလုံးစစ်ပြီးသွားပြီ။ အမှုတွဲနဲ့ ပတ်သက်တာ တွေအကုန် တရားရုံးကိုအားလုံးလွှဲပြီးပါပြီ” ဟု ရွှေတောင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါကျေးရွာသုံးရွာမှတောင်သူလယ်သမား ဓါးမဦးချလုပ်ကိုင်လာသော လယ်မြေ၊ယာမြေနှင့် ခြံမြေ ဧက(၃၈၀)ကျော်အား ခ.လ.ရ(၁၄)တပ်မှ ၁၉၉၂ ခုနှစ်တွင်သိမ်းယူခဲ့ခြင်းဖြစ်ပြီး စတင်သိမ်းယူစဉ် အချိန်မှစတင်ကာ ၂၀၁၁ ခုနှစ်အထိ ခ.လ.ရ.(၁၄) တပ်ရင်းရုံးသို့ သီးစားခပေးကာ မူလတောင်သူများ ပြန်လည်လုပ်ကိုင်ခွင့်များရရှိခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
၂၀၁၂ ခုနှစ်တွင် မူလလုပ်ကိုင်နေသည့် တောင်သူများ သီးစားခပေးစရာ မလိုတော့ကြောင်း တပ်က ပြောကြားခဲ့ပြီး ၂၀၁၄ ခုနှစ် မိုးဥတုစိုက်ပျိုးရာသီတွင် အဆိုလယ်ယာမြေများပေါ်တွင် ဆက်လက် လုပ်ကိုင်ခွင့်မပြုတော့ကြောင်း တပ်က ကန့်ကွက်စာပေးပို့ခဲ့သော်လည်း စိုက်လက်စများကို ဆက်လက် လုပ်ကိုင်ခဲ့ပြီး ယခုရိတ်သိမ်းချိန်တွင် ပိုင်နက်ကျူးလွန်မှုဖြင့်တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း တရားစွဲ ဆိုခံတောင်သူများထံမှ သိရသည်။
“သိမ်းတဲ့အချိန်ကစပြီး သီးစားခပေးပြီးစိုက်ပျိုးလာတာ ပုံမှန်ပါပဲ။ ဒီနှစ်ကြာမှ ရုတ်တရက်ကြီး တရားစွဲခံရတာ” ဟု တောင်သူ ဦးကြည်မြင့်ကပြောသည်။
အဆိုပါမြေများမှာ ခ.လ.ရ (၁၄)တပ် ဧရိယာနှင့် သုံးမိုင်အကွာအဝေးတွင်ရှိပြီး တပ်ပိုင်မြေအဖြစ် ဆိုင်းဘုတ်များ ခြံစည်းရိုးများ ကာရံထားခြင်း၊ အဆောက်ဦးဆောက်လုပ်ခြင်းမရှိသေးဘဲ လယ်ယာမြေများသိမ်းထားသည့် တပ် က မူလတောင်သူများအား သီးစားခယူပြီး ပြန်လည်စိုက်ပျိုးခွင့်ပြုထားခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရ သည်။
လက်ရှိတွင် တရားစွဲခံထားရသည့်တောင်သူများက အကျိုးဆောင်ရှေ့နေငှားရန်ပြင်ဆင်နေကြပြီး ရွှေတောင် မြို့နယ်တရားရုံးက ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်း သိရသည်။


0 comments:

Post a Comment

Facebook Like Page