Sunday, October 12, 2014

ပြည်သူတွေကိုတစ်သက်လုံးအမှားတွေပဲ ချန်ထားခဲ့တော့မှာလား

Leave a Comment

ပြည်သူတွေကိုတစ်သက်လုံးအမှားတွေပဲ ချန်ထားခဲ့တော့မှာလား

မင်းယွန်း(ခေတ္တရာ)

ကျွန်တော့်အဖေရဲ့ရွာလေးမှာဖြစ်ခဲ့တဲ့အဖြစ်လေးကို ကျွန်တော့်အဖေက ပြန်ပြောပြတာပါ။
ကျွန်တော့်အဖေရဲ့ရွာလေးက ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်လေးတဲ့က လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အင်မတန်ခေါင်တဲ့ရွာလေးတစ်ရွာပါ။ဝေးလံခေါင်ဖျားလွန်း လို့ ရွာမှာ အရင်တုန်းကဆိုရင် မူလတန်းကျောင်းလေးတောင် မရှိရှာပါဘူး။ရွာကလူတွေက သူတို့ရွာလေးကို မူလတန်းကျောင်းလေးတစ်ကျောင်းလောက်ရှိစေချင်တယ်။ဒါပေမယ့် ခက်နေတာက ရွာကျောင်းကို တကူးတကန့်လာပြီး စာလာသင်မယ့် ကျောင်းဆရာက အင်မတန်ရှားတော့ အခက်ကြုံနေရတယ်။
ဒါပေမယ့် ရွာကလူတွေက တက်တက်ကြွကြွနဲ့ ကြိုးစားလိုက်တာ တစ်နေ့တော့ ရွာမှာ ကျောင်းလေးတစ်ကျောင်းရဖို့ အခွင့်အလန်းကြုံခဲ့တယ်။ရှားရှားပါးပါး ကျောင်းဆရာလေး တစ်ယောက်လည်း ရလိုက်တယ်ဆိုပါတော့။အဲဒီကျောင်းဆရာလေးက ချင်းတိုင်းရင်းသား ကျောင်းဆရာလေးပဲ။
ဒီလိုနဲ့ ကျောင်းလေးကို မြန်မြန်ဆောက်ပြီး ကျောင်းပြီးပြီးချင်းပဲ စာစသင်တယ်။ စသင်တဲ့ နေ့မှာ သူငယ်တန်းကျောင်းသားလေးတွေကို စာစသင်ရတာပေါ့။ရွာမှာက သူငယ်တန်းကို စတက်မှပဲ သင်ပုန်းကြီးကိုစသင်ရတာပေါ့။မြို့တွေမှာလို မူကြိုတို့ဘာတို့တက်ရတာမဟုတ်ဘူး။ ဒါကြောင့် ထုံးစံအတိုင်းဝလုံးကနေစသင်ရတာပေါ့။ဆရာရှားတဲ့ ရွာလေးမှာ စာသင်ပေးရတဲ့ အတွက် ဆရာကလည်း စေတနာအပြည့်နဲ့သင်ပေးပါတယ်။ကျောင်းသားလေးတွေကလည်း တက်တက်ကြွကြွ သင်ယူကြပါတယ်။
တနေ့တော့ ၀လုံးကနေ သင်ပုန်းကြီးအစဖြစ်တဲ့ ကကြီးခခွေးစသင်တဲ့နေ့ကျမှ ပြဿနာ စတက်တော့တာပဲ။ဖြစ်ပုံက ဆရာကနေ ရှေ့က ကကြီးဆိုတိုင်ပေးရင် နောက်ကကျောင်းသား တွေက ကကြီးလိုက်ဆိုပေါ့။ဒီလိုနဲ့…
“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”…..။စသည်ဖြင့်ပေါ့။သင်လိုက်တာ ဒဒွေး အထိဘာပြဿနာမှ မဖြစ်သေးဘူး။အဲ..
“ဓ”ဒေါက်ချိုက်ရောက်မှပြဿနာတက်တော့တာ။အဲဒီမှာ ဆရာက ရှေ့ကတိုင်ပေးတယ်။
“ဒေါက်ရှိုက်”ဆိုပြီးဆရာကရှေ့ကတိုင်ပေးတော့ နောက်ကကျောင်းသားလေးတွေက
“ဒေါက်ရှိုက်”ဆိုပြီးလိုက်ဆိုတယ်။အဲဒီတော့ဆရာက..“ဟာ.မဟုတ်သေးဘူးလေ။ ငါရှိုသလိုမရှိုနဲ့။နင်တို့ ရှိုတတ်သလိုရှို။” လို့ဆိုပြီးပြောတယ်။ဒါပေမယ့် ရွာမှာက မြို့တွေမှာလို မူကြိုတက်ထားတဲ့ သူငယ်တန်းကလေးတွေမဟုတ်ဘူးလေ။အခုမှ သင်ပုန်းကြီးကိုစသင်တဲ့ ကလေးတွေဆိုတော့ ဆရာ ပြောင်းဆို ဆိုပေမယ့် ဘယ်ပြောင်းဆိုတတ်မလည်း။ ဒါနဲ့ဆရာကဆက်ပြီး..
ကဲ.ပြန်ဆိုမယ်နော် “ဒေါက်ရှိုက်”ဆိုပြီးတိုင်ပြန်တော့ ကလေးတွေကလည်း“ ဒေါက်ရှိုက်” ပဲ။ ဘယ်ပြောင်းဆိုတတ်မလည်း။ဒီလိုနဲ့ ဆရာက ဒေါက်ရှိုက်လိုက် တပည့်က လိုက်ပြီးဒေါက်ရှိုက် လိုက်နဲ့ သံသရာလည်နေတော့တာပေါ့။ခက်တာက ဆရာက ချင်းတိုင်းရင်းသားဆိုတော့ “ချ” နဲ့ “ရှ”ကိုမကွဲဘူး။ငယ်ငယ်ထဲက ဒီလိုပဲပြောခဲ့တာဆိုတော့ ဆရာကလည်း ပြောင်းပြီး အသံ မထွက်တတ်ဘူးဖြစ်နေတယ်။အဲဒီလိုနဲ့ အခက်ကြုံနေတုန်း မြို့ကျောင်းမှာ အလယ်တန်းအဆင့် လောက်သင်ဘူးတဲ့ လူငယ်လေးတစ်ယောက် ဖြတ်သွားတာ ကြုံတာနဲ့ အဲဒီလူငယ်လေးကို အကူအညီတောင်းတော့မှ အဲဒီပြဿနာ ပြေလည်သွားတော့တယ်။
ဒီအဖြစ်အပျက်လေးကို အစတုန်းကတော့ ရီစရာအဖြစ်တစ်ခုအဖြစ်နဲ့ပဲ မြင်ထားခဲ့တာပါ။ ဒါပေမယ့် အသေအချာစဉ်းစားကြည့်မှ အဲဒီကျောင်းဆရာလေးရဲ့ လေးစားလောက်တဲ့စိတ်ဓါတ် ကိုတွေ့လိုက်ရတယ်။ ကလေးတွေဆိုတာ တကယ်တော့ အသိဥာဏ်နုနယ်သေးတဲ့ လူတွေ အတွေ့အကြုံမရှိသေးတဲ့ လူတွေပါ။အဲဒီအချိန်မှာ ဆရာလုပ်တဲ့လူက သူ့လောက်ပညာ အရည်အချင်း မပြည့်စုံလို့ဆိုပြီး ဖြတ်သွားတဲ့ လူငယ်လေးကို အကူအညီမတောင်းမိရင် သင်ယူနေတဲ့ ကလေးတွေရဲ့ အသိထဲမှာ တစ်သက်လုံး “ဒေါက်ရှိုက်”ကိုပဲ အမှန်ထင် တော့မယ်။လူဆိုတာ အလုံးစုံ အပြစ်အနာအဆာ မကင်းနှိုင်သလို နေရာတကာမှာ လုံးဝပြီးပြည့်စုံမနေနှိုင်ပါဘူး။ပြီးတော့ ကိုယ်မစွမ်းတဲ့ အရာတွေမှာ ကိုယ့်နေရာကနေ အစားထိုးဖြေရှင်းပေးနှိုင်မယ့် လူဖြစ်ဖြစ် အရာတစ်ခုခုဖြစ်ဖြစ် မှန်ကန်စွာအစားထိုးတတ်ဖို့ လိုပါလိမ့်မယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အရာရာကိုပြီးပြည့်စုံနေပြီလို့ ကိုယ့်ကိုယ်ကို အထင်ရောက်နေသူတချို့က ၀န်ကြီးဋ္ဌာန အသီးသီးမှာ ညွှန်ကြားစေခိုင်းရတဲ့ နေရာတွေမှာ ခပ်တည်တည် နေရာဝင်ယူနေတာက တကယ်တမ်းအလုပ်နေတဲ့လူတွေအတွက် အခက်တွေ့စေပါတယ်။ပြီးတော့ ဒီအဖြစ်အပျက်ထဲကဆရာလိုပဲ ကိုယ့်ရဲ့လိုအပ်ချက် အမှားကို ကိုယ် ကိုယ်တိုင်သိပြီး အမှန်ကိုရောက်နှိုင်မယ့် အမှန်ကိုလုပ်နှိုင်တဲ့ လူကို တကယ့်စိတ်ရင်း စေတနာ ပါပါနဲ့ အစားထိုးတတ်ဖို့လိုပါလိမ့်မယ်။
အခုလက်ရှိမြန်မာနိုင်ငံမှာ ဆယ်နှစ်ဆယ်မိုးအချိန်အကုန်ခံပြီးရေးဆွဲလိုက်တဲ့ ယခု လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တကယ့်ကိုစေတနာမှန်မှန်နဲ့ ရေးဆွဲပြဋ္ဌာန်းထားတာကော ဟုတ်ပါရဲ့လား။ တကယ့်ကိုစေတနာမှန်မှန်နဲ့ ရေးဆွဲခဲ့တာပါ ဆိုရင် အခုအချိန်မှာ တတ်သိပညာရှင်တွေ က ထောက်ပြထားတဲ့အချက်တွေပေါ်မှာကော အခုအချိန်ထိ လက်မခံနှိုင်တာက လိပ်ပြာသန့်သန့်နဲ့ တိုင်းပြည်အပေါ်စေတနာထားပြီး တိုင်းပြည်ချောက်ထဲကျမှစိုးလို့ ငြင်းပယ်နေရတာလားဆိုတာ ပြည်သူလူထုတွေရဲ့ မျက်နှာကိုကြည့်ပြီး သေသေချာချာ စဉ်းစားရမယ့် အချိန်ဖြစ်နေပါပြီ။
လက်ရှိအနေအထားအရ လယ်ပိုင်ရှင်တွေလက်ထဲကို လယ်တွေပြန်မပေးနှိုင်သေးတာ ဆန္ဒထုတ်ဖေါ်တဲ့လယ်သမားတွေကို ထောင်သွင်းအကျဉ်းချနေတာ။မီဒီယာတွေကို မီဒီယာ ဥပဒေတွေ တရားဝင်ထုတ်ပြန်ထားပါရက်နဲ့ မီဒီယာဥပဒေနဲ့ အရေးမယူပဲ လိုအပ်သလို အရေးယူဆောင်ရွက်နေတာ။ဒါတွေဟာ လက်ရှိအစိုးရတစ်ရပ်အနေနဲ့စေတနာပါပါနဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေ ဟုတ်ပါရဲ့လား ဆိုတာ ပြည်သူတွေအနေနဲ့ မေးခွန်းထုတ်စရာ တွေဖြစ်နေပါတယ်။
ဒီလိုမျိုးဖြစ်စဉ်တွေကို ပြေလည်အောင်မဖြေရှင်းနှိုင်ခင်မှာပဲ လွှတ်တော်မှ PR စံနစ်ကို အဆိုတင်သွင်း လက်ခံဆွေးနွေးတာတွေကကော ပြည်သူလူထုတွေက ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ကိုရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေကြောင့် ရွေးချယ်ရခြင်းလား မိမိရဲ့ အတ္တကြောင့်လားဆိုတာ ကိုယ့်ကိုယ်ကိုမလိမ်မညာပဲ မိမိဖာသာတစ်ယောက်ထဲ ရဲရဲတင်းတင်းဖြေကြည့်ကြစမ်းပါ။ တကယ်တော့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ အခု PR စံနစ်တို့ဆိုတာ ချင်းတိုင်းရင်းသားကျောင်းဆရာလေးရဲ့ အရိုးစွဲတဲ့ “ချ”နဲ့ “ရှ” မကွဲခြင်းကြောင့်ဖြစ်ခဲ့ရတဲ့ “ဒေါက်ရှိုက်” လိုပါပဲ။အရင်စစ်အစိုးရလက်ထက်က အရိုးစွဲခဲ့တဲ့ စိတ်ဓါတ်တွေကနေ ဆင်းသက်ခဲ့ရတဲ့ စံနစ်တွေပါ။အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာလည်း ကျွန်တော်တို့ ရွာကမူလတန်းကျောင်းသားလေးတွေလိုပါပဲ။အရမ်းကိုနုနယ်ပြီး အသိမကြွယ်သေးတဲ့ပြည်သူ တွေအပေါ်မှာ ဘာကြောင့် မှားယွင်းမှုတွေသာချချကျွေးချင်နေရတာလည်း။မြန်မာနိုင်ငံရဲ့ ပြည်သူတွေဟာ ဒီလိုလိုအပ်ချက်တွေနဲ့ စနစ်ဆိုးတွေအောက်မှာ ကျောကော့နေအောင် ခံခဲ့ရပြီး နှစ်ပေါင်း(၅၀)ကျော်လောက်မှာ မြန်မာပြည်သူတွေ လူမွှေးလူတောင်မပြောင်အောင် ဖြစ်ခဲ့ရတာတွေဟာလည်း မိမိအတ္တကိုသာရှေ့တန်းတင်နေတဲ့ စနစ်ဆိုးတွေကြောင့်ဆိုတာ အခုဆို ပြည်သူအများလည်းသိနေကြပါပြီ။
အခုအချိန်အထိ မြန်မာနိုင်ငံရဲ့ ပညာရေးအစိတ်အပိုင်းကိုပဲ ကြည့်ဦးမလား။ ဒီနိုင်ငံကနေ အခြားတိုင်းပြည်တစ်ပြည်ကိုသွားရောက်ကြည့်တဲ့အခါ ဒီမှာရထားတဲ့ဘွဲ့တွေ ဘွဲ့လွန်တွေက အခြားသောတိုင်းပြည်က တန်းပြီးလက်ခံနှိုင်တဲ့အနေအထားရှိရဲ့လားဆိုတာက မိမိတိုင်းပြည် ရဲ့ ပညာရေးစနစ်ကို သိသာပေါ်လွင်စေပါတယ်။တရားရေးမဏ္ဍိုင်တွေမှာကော လဘ်ပေးလဘ်ယူနဲ့ အဂတိလိုက်စားမှုတွေ သိသိသာသာလျှော့ကျသွားပြီလား။တရားရုံးကို ရောက်လာတဲ့ နှစ်လုံးသုံးလုံးလောင်းကစားမှုတွေမှာ ဖမ်းလို့မိတဲ့ ဒိုင်တွေဆီကသိမ်းဆည်းငွေ တွေဟာ အနိမ့်စားသောင်းဂဏန်းအဆင့်လောက်တွေသာတွေ့ရတာများပြီး သိန်းဂဏန်း အထက်ပိုတဲ့ဒိုင်တွေကို ဖမ်းဆီးမိတာမရှိသလောက်ရှားနေတာက လောင်းကစားမှာ ဆင်းရဲသားတွေပဲလုပ်ပြီး အကြီးအကျယ်လုပ်တဲ့ဒိုင်ကြီးတွေမရှိဘူးလို့ ဆိုလိုချင်နေတာလား ဆိုတာစဉ်းစားစရာပါ။ဒီလိုအဖြစ်မျိုးဟာ ဧရာဝတီမြစ်ထဲမှာ မော်တော်တွေ အစင်းလိုက်မြုပ်ပြီး နှစ်စဉ်လူတွေသေနေတာကိုအပြစ်မမြင်ကြပဲ (၃)နှစ်လောက်နေမှ ရေဆင်းဆော့တဲ့ ကလေးတစ်ယောက်လောက်သေတဲ့ ရေကန်လေးကို ဒီကန်က လူစားတယ် ဆိုတာမျိုးဖြစ် နေပါတယ်။သန့်ရှင်းတဲ့အစိုးရ၊ကောင်းမွန်တဲ့အစိုးရဆိုပြီးကြွေးကြော်နေပြီး ဆင်းရဲသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အနိမ့်ဆုံးလုပ်ခလစာ တိုးတက်မှုမရှိပဲ အမြင့်ဆုံးပင်ဆင်လစာ သိန်း(၁၀၀)ဖြစ်နေတာတေ၊ွ ၀န်ကြီးဝန်ကလေးများရဲ့သားသမီးတွေ ခရိုနီကြီးများရဲ့ သားသမီး တွေရဲ့တစ်နေ့တာမုန့်ဖိုး(၂၀၀၀၀)လောက် စားသောက်နှိုင်တဲ့အချိန်မှာ အခြေခံလူတန်းစားများ ကျတော့(၂၀၀၀)နဲ့ လောက်အောင်သုံးဆိုတဲ့ စကားပြောဆိုတာတွေ၊တစ်နှစ်တစ်နှစ် ရာသီဥတုနဲ့ အကြောင်းအမျိုးမျိုးကြောင့် သီးနှံအောင်မြင်မယ်မအောင်မြင်ဘူးဆိုတာ မသေချာလှပေမယ့် ပင်ပန်းမှာတော့သေချာနေတဲ့ လယ်သမားတွေကို ထမင်းတစ်နပ် လျှော့စားခိုင်းတာတွေဟာ ကောင်းမွန်တဲ့အစိုးရပါလို့ ကြွေးကြော်သူများအတွက် ဘေးလူကြားရင်ရီစရာကွယ် ဖြစ်နေပါလိမ့်မယ်။
ပြောရရင် ကုန်နိုင်ဖွယ်မရှိပါဘူး။တကယ်တော့ ဒါတွေဟာ အဓိကပြင်သင့်တဲ့အရာတွေ မဟုတ်ဘူးလား။ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပြင်သင့်တဲ့အချက်တွေ တကယ်ကို မရှိဘူးလား။ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပါတီများနဲ့ ပြည်သူလူထုက ပြင်သင့်တယ် ဆိုပြီး တခဲနက်တင်ပြမှုတွေအပေါ်မှာတော့ တီကောင်ကိုဆားနဲ့တို့သလို မထိဝံ့မကိုင်ဝံ့နဲ့ ဖြစ်နေသလောက် အခုPR ဆိုတဲ့စံနစ်ကိုကျတော့ မြန်နှုံးမြင့်နဲ့ အကောင်အထည်ဖေါ်နေ တာကတော့ ထူးထွေတည့် အံ့ရာသော်ဖြစ်နေပါရောလား။
တကယ်တမ်းဒီ PR စံနစ်ကြီးကို အသေအချာလေ့လာကြည့်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံနဲ ကိုက်ညီတယ်ဆိုတာ မှန်ပါရဲ့လား။ဆရာထင်လင်းဦးရေးထားတဲ့ သူတစ်လူငါတစ်မင်း လွှတ်တော်တွင်းဗလောင်ဆူစေမယ့် PR စံနစ်ဆိုတဲ့ ဆောင်းပါးမှာ ကမ္ဘာ့ နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေတဲ့ PR(Proportional Representation) အချိုးကျ ကိုယ်စားပြုစံနစ်အမျိုးအစား(၄)မျိုးကို ချပြထားပါတယ်။
၁။Party List System (ပါတီကိုသာမဲပေးရွေးချယ်ရသောစံနစ်)
၂။Mixed Member Proportional System(ကိုယ်စားလှယ်လောင်းအားတစ်ကြီမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသောစံနစ်)
၃။Mixed Member Majoritarian System(ကိုယ်စားလှယ်လောင်းအားတစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်သည်။သို့သော် လူပုဂ္ဂိုလ်အားနေရာအများစုပေးသောစံနစ်)
၎။Single Transferable Vote System(အမတ်လောင်းများအနက်မှ မိမိတို့ နှစ်သက်မှုအရ စာပေးနံပါတ်စဉ် ၁၊၂၊၃၊၄၊ တပ်ပြီးရွေးချယ်သောစံနစ် တို့ဖြစ်ကြသည်။
ဒီစံနစ်(၄)မျိုးထဲမှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘယ်စံနစ်ကို ရွေးချယ်ပြီး အသုံးပြုကြမှာ ပါလည်း။ကျွန်တော်တို့ နိုင်ငံရဲ့ လွှတ်တော်ထဲမှာ နဂိုကတည်းကမှ ရှိနှင့်ပြီးဖြစ်သည့် တပ်မတော်ကိုယ်စားပြု လွှတ်တော်အမတ်(၂၅%)နှင့် ယခု ငြိမ်းချမ်းရေးနှင့် လက်နက်လဲလှယ်ပြီး ကိုယ်စားပြုပါတီများအနေဖြင့် ၀င်လာမည့် တိုင်းရင်းသားပါတီများ လွှတ်တော်အတွင်း နိုင်ငံရေးအခြေအနေတွေ ဘယ်လိုဖြစ်မည်ဆိုသည်ကို ထည့်တွက်ထားကြပါသလား။ကျွန်တော့်ဥာဏ်သေးသေးလေးအမြင်ဖြင့် ပြောပါဆိုရင်တော့ ဂျာအေးဘုန်းတော်ကြီးကျောင်းက ကြေးစည်ကြီးထုသလို မထင်ဟုပင်ဖြစ်သည်။
ဘာကြောင့် ဒီလိုပြောရသလည်းဆိုရင် ဒီစံနစ်ကို ကျင့်သုံးနေတဲ့ ဒီမိုကရေစီ ရင့်ကျက်သော နိုင်ငံကြီးများတွင်တောင်မှ လွှတ်တော်အတွင်း မတည်ငြိမ်မှုတွေကြောင့် မကြာခဏဆိုသလို လွှတ်တော်ကိုယ်စားလှယ်များ အပြောင်းအလဲလုပ်နေရသောကြောင့်ပင်။
ကျွန်တော်တို့ ရဲ့လူကြီးများက လှည့်စားအာရုံပြောင်းမှုများတွင် အင်မတန်တော်ကြသည်။
PR စံနစ်ကြီးကို လွှတ်တော်အတွင်း တင်ပြီးလို့မှ မကြာသေး ငဇင်ကာ၏ခေါင်းလောင်းကြီး သတင်းက တစ်မဟုတ်ခြင်း ပျံ့နှံ့လာသည်။တူးဖေါ်မှုတွေလုပ်လို့မှမကြာသေး တွေ့ပြီဟုဆိုသူကဆို ခေါင်းလောင်းကြီးကို ရွှေရောင်နဂါးကြီးက မီးပူဇော်နေလို့ မဆယ်နှိုင်သေးဟု ပြောသူကပြော။ဖေ့စ်ဘွတ်တွေပေါ်မှာ ဒီခေါင်းလောင်းကြီးနဲ့ ပါတ်သက်လို့ ဘက်(၂)ဘက် ရန်ဖြစ်လိုဖြစ်ကြ။ဒီလိုနဲ့ နေမြင့်လေ အရူးရင့်လေဖြစ်လာတော့ စိတ်ဝင်စားသူတွေလည်း တစ်စတစ်စ လျှော့နည်းလာခဲ့။သူတို့အချင်းချင်း အယုံအကြည်မရှိ တော့ ပြန်တဲ့လူကပြန်။အဲဒီလို ပြန်ကာမှ ဆလုံလူမျိုးတွေ ရေလာငုတ်တယ်ဆိုတဲ့ သတင်းက တည့်တည့်ကြီးကို လွဲချော်ခဲ့ရ။အခုတော့ ဆယ်ယူမယ့် သင်္ဘောကြီးလည်းပြန်ပြီ။ကိုစံလင်း တစ်ယောက်လည်း ဘယ်ဆီဘယ်ဝယ်ရောက်လို့ရောက်မှန်းမသိ။အဲဒီတော့မှ လူကြီးတွေရဲ့ ဘော်လီဘောပွဲကြီး လှလှပပ ကျင်းပခဲ့ကြပြီ။ကဲ နောက်ထပ် ဘာပွဲတွေများကြည့်ရဦးမှာ လည်းဆိုတာ ငွေရောင်ပိတ်ကားပေါ်ဆက်ကြည့်ကြပေါ့ဗျာ။အဲ..၂၀၁၅ မတိုင်ခင်နော်။
တကယ့်ကို တိုင်းပြည်နဲ့လူမျိုးကိုစေတနာအပြည့်အ၀နဲ့ သာယာဝပြောနေစေချင်ရင် မူမကောင်းရင် မူကိုရဲရဲကြီးပြောင်းရပါလိမ့်မယ်။လူမကောင်းရင် လူကိုရဲရဲကြီးပြောင်းရပါလိမ့် မယ်။တောကကျောင်းဆရာလေးရဲ့ ကိုယ့်အမှားကို ကိုယ်သိသလို မှားနေတာကိုအမှန်ပြင်ပေး နိုင်မယ့် လူရဲ့လက်ထဲတာဝန်လွှဲပေးရဲတဲ့သတ္တိမျိုး အမှန်တကယ်ရှိဖို့ အမှန်တကယ်ထားဖို့ တကယ့်ကို လိုအပ်နေပါပြီ။ဒါမှမဟုတ်ပဲ ကိုယ့်အမှားကို ကိုယ်မသိတာ(ဒါမှမဟုတ်) မသိချင်ယောင်ဆောင်နေတာမျိုး မိမိအတ္တကိုသာရှေ့တန်းတင်တာမျိုးဆိုရင်တော့ ပြည်သူတွေရဲ့ ဘ၀ဟာ တစ်သက်လုံး“ဒေါက်ရှိုက်”ဘ၀နဲ့ပဲ နေသွားဖို့ရှိနေပါတော့တယ်။
မင်းယွန်း(ခေတ္တရာ)





ပြည်သတင်းလူငယ်






0 comments:

Post a Comment

Facebook Like Page