Wednesday, September 10, 2014

ရိုးရာမပျက်တဲ့ မြေလတ်မိုးနှောင်းပွဲ အမြဲဆင်နွှဲနိုင်ပါစေ

Leave a Comment
သီဟလွင်- ပြည်
(ဆောင်းပါး)
 
နေ့ခင်းကြောင်တောင် ဒိုင်းကနဲမီးရှုးမီးပန်းပစ်ဖောက်သံကြီးနဲ့အတူ သကျမုနိမိုးဃ်းကောင်းဘုရာမုဒ်ဦးကနေ ရတနာဆင်တော်ကြီးက လူအုပ်လှိုင်းလုံးကြီးကြားကို တရွေ့ရွေ့တိုးဝင်လာပြီး ပေါင်းတည်မြို့လယ်သို့ ဦးတည်ရွေ့လျားနေတယ်။

ဆင်တော်ရဲ့အပေါ်မှာတော့ ဗုဒမြတ်စွယ်တော်ကို ပင့်ဆောင်လာတာပါ။ သူ့ရဲရှေ့မှာတော့ ဆင်ပိုင်ရှင် ဖေါင်သူကြီးမျိုးနွယ်စုတို့က ကပ်ရက်အနေအထားနဲ့ပါလာပါတယ်။ ဆင်ရတနာရဲ့ရှေ့မှာတော့ ၀တ်ဖြုစင်ကြယ်ဝတ်ထားသူတွေက ကနက္ကဒါန်ထီးဖြူ ၊ရွှေထီး၊ သိုင်း ၊ကြိုင်း ၊သာသာနာ့အလံတွေ ကိုင်ထားကြတယ်။

နောက်ပြီး ဒေ၀ါဝင်း၊ရာဇာဝင်းလို့ခေါ်တဲ့ နတ်သကြားအပြင် ဘုရင်တွေ ၀န်ကြီးတွေ မူးကြီး မတ်ရာတွေ မူးမတ်အဆောင်အယောင်တွေကို ဆင်ယင်ထားသူတွေလည်းပါဝင်လေရဲ့။

ဒါတွေရဲ့အရှေ့ဆုံးမှာတော့ မဟာစည်တော်ယွန်းသံတခြိမ်းခြိမ်းနဲ့အတူလွန်ခဲ့တဲ့ နှစ်တစ်ရာကျော် လောက်ကတည်းက အစဉ်အလာမပျက် ကျင်းပလာတဲ့ပုံစံအတိုင်း ရိုးရာမပျက် ပေါင်းတည်မြို့လေးကို ဘုရားပွဲ လှည့်နေခြင်းပဲဖြစ်ပါတယ်။

နောက်ထူးခြားတဲ့မြင်ကွင်းတစ်ခုကတော့ ဗုဒ္ဓ၀င်ဇာတ်တော်တွေဖြစ်တဲ့ ငါးရာငါးဆယ်ဇာတ်နိပါတ် တော်တွေထဲက တစ်ချို့ဇာတ်တွေကို လူတွေကိုယ်တိုင် သရုပ်ဖော်ထားတဲ့ လှည်းယဉ်တွေလည်း အမြောက်အများပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးတော့မှ ရပ်ကွက်တွေကထွက်ကြတဲ့ ယိမ်းကား ကြိးတွေက အကယိမ်းတွေ ၊ခေတ်ပေါ်တေးသီးချင်းတွေနဲ့ ဖျော်ဖြေပြီးလိုက်ပါလာကြတာပါ။ ရပ်ကွက် ကျေးရွာအဖွဲစည်းတွေအလိုက် ၀တ်ရွတ်တဲ့အသင်းတွေလည်း ပါပါသေးတယ်။

အဲဒီမြင်ကွင်းတွေကတော့ မြေလတ်ပိုင်ဒေသမှာရှိတဲ့ နှစ်ပေါင်းတစ်ရာကျော်အစဉ်လာမပျက် ပေါင်းတည်မြို့မှာ တော်သလင်းလဆန်း ၁၃ရက်နေ့ (စက်တက်ဘာ ၆ရက်)နေ့ကပြုလုပ်တဲ့ ၁၁၄ ကြိမ်မြောက် ဗုဒွမြတ်စွယ်တော် မြို့တွင်းကိုလှည့်လည် အပူဇော်ခံတဲ့ ပွဲတော်မြင်ကွင်းတွေပါ။

ပေါင်းတည်မြို့ဟာပဲခူးတိုင်းအနောက်ပိုင်းမှာတည်ရှိပြီးရန်ကုန်-ပြည် ကားလမ်းမကြီးဘေးမှာတည်ရှိတဲ့ မြို့လေးတစ်မြို့ပါ။ ရန်ကုန်ကနေကားစီးပြီးလာမယ်ဆိုရင်တော့ ၅နာရီကျော်လောက်ပဲ ကြာပါတယ်။ မြန်မာနိုင်ငံရဲပထမဦးဆုံး မီးရထားလမ်းဖြစ်ခဲ့တဲ့ ရန်ကုန်-ပြည် မီးရာထားလမ်းရှိပါတယ်။ အဲဒီလမ်း ကိုတော့ ၁၈၇၆ မှာ ကိုလိုနီအင်္ဂလိပ်အစိုးရဖောက်လုပ်ပေးခဲ့တာဖြစ်ပြီးတော့ အဲဒီလမ်းကနေ လာမယ်ဆိုရင်တော့ ငါးနာရီမက ပိုကြာပါလိမ်မယ်။ မြို့လေးရဲ့နယ်မြေ တစ်ဝိုက်လုပ်ကိုင်ကြတဲ့ အဓိက စီးပွားရေးကတော့ စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လယ်ယာလုပ်ငန်း၊ ရာသီပေါ်သီးနှံမျိုးစုံ စီပွားဖြစ်တင်ပို့နိုင်ကြတဲ့အထိ လုပ်ကိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာကျင်းပကြတဲ့ ဘုရားပွဲတော်အများစုဟာမိုးအကုန် ပွင်လင်းရာသီ သီးတင်းကျွတ် ပွဲတော် ကနေစပြီး ဆောင်းရာသီတစ်ခုလုံးနဲ့ တပေါင်းပွဲတွေမှတဆင့် သင်္ကြန်မတိုင်ခင်အထိ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အဲဒီမြို့လေးမှာ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ ဘုရားပွဲဟာ မိုးတွေရွာ သွန်းမှု မပြတ်သေးတဲ့ မိုးနှောင်းကာလလို့ခေါ်တဲ့ တော်သလင်းလ (စက်တင်ဘာလ)ထဲမှာ ကျရောက် နေတာပါ။

နောက်တစ်ချက်ထူးခြားတာကတော့ အဲဒီဘုရားပွဲရဲ့အဓိက အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်တဲ့ ဗုဒ္ဓ မြတ်စွယ်တော် လှည့်လည်တဲ့နေရာမှာ လွန်ခဲ့တစ်ပေါင်းတစ်ရာကျော်ကအတိုင်း ဆင်နဲ့လှည့် ဓလေ့ ဟာ ဘုရားပွဲကျင်းပတဲ့ဓလေ့ဟာ အခုလိုဆင်ရှားပါးတဲ့ ယနေ့ခေတ်အထိ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ရိုးရုာမပျက် ကျင်းပလာတဲ့ပွဲကို နောက်မျိုးဆက်တွေမှာ မလုပ်နိုင်မှာကို စိုးရိမ်တကြီးနဲ့ အစဉ် အလာကိုထိမ်းသိမ်းဖို့ ပေါင်းတည်မြို့ခံ လူငယ်တွေအကို ဂေါကပကြီးတစ်ဦးဖြစ်သူ ဦးဝင်းဒင်က အခုလိုဆိုပါတယ်။

“နောက်နှစ်နောက်နှစ်တွေမှာလည်းဆင်နဲ့ပဲ လှည့်မှာပါ နောင်လာမယ့် မျိုးဆက်တွေကျရင်လည်း ကျနော်တို့မြို့လေးရဲ့ ရိုးရာဓလေ့လေးမပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်း ချင်တယ် ”လို့ မြတ်စွယ်တော်အခမ်းအနားစီစဉ်မှုအအဖွဲအတွင်းရေးမူး ဦးဝင်းဒင်က ပြောပါတယ်။

ပေါင်းတည်မြို့ သကျမုနိမိုဃ်းကောင်းဘုရားကြီးသို့ ဗုဒ္ဓ မြတ်စွယ်တော် ရောက်ရှိလာသည်ဟာ ကိုလိုနီခေတ် မြန်မာသက္ကရာဇ် ၁၂၅၉ခုနှစ် တော်သလင်းလဆန်း (၁၃)ရက်နေ့တွင်(ခရစ်နှစ် ၁၈၉၇) က ဖြစ်ပြီးတော့ မြတ်စွယ်တော်ကိုပေါင်းတည်မြို့မီးရထားဘူတာကနေတဆင့်ဘုရားကြီးသို့ ပင့်ဆောင် ရာမှာ ဆင်တွေကို အသုံးပြုပြီးသစ်တောလုပ်ငန်းလုပ်ကိုင်တဲ့ ဖေါင်သူကြီး မျိုးနွယ်စုမှ ဦးစီးကာဆင်နဲ့ ပင့် ဆောင်ပူဇော်ခဲ့ရာမှ စတင်ကာစွယ်တော်အား နှစ်စဉ်နှစ်တိုင်းဆင်နဲ့လှည့်တဲ့ ဓလေ့ဖြစ်ပေါ်လာ ခဲ့တယ်လို့ ဂေါကပအဖွဲ့က ရှင်းပြပါတယ်။

ဒုကမ္ဘာစစ်ကြီးကြောင့် သုံးနှစ်မကျင်းပနိုင်တာကလွဲလို့ ဆွယ်တော်စတင်ရောက်ရှိတဲ့ နှစ်ကနေစပြီး ၁၁၇ နှစ်မှာ ၁၁၄ ကြိမ်မြောက်အထိ ကျင်းပခဲ့တာလို့လည်း သိရပါတယ်။

ဘုရားပွဲတော်ကိုတော့ တောင်သလင်းလဆန်း၁၂ရက်မှလပြည့်ကျော် ၁ရက်အထိ (၅)ရက်ကြာ ကျင်းပတာ ဖြစ် ပြီးတော်သလင်းလဆန်း (၁၂)ရက်ညနေမှာစွယ်တော်ကို စွယ်တော်တိုက်ထဲက ထုတ်ပါတယ်။ လဆန်း(၁၃)ရက်နေ့မှာတော့ မြို့တွင်းမှာလှည့်လည် အပူဇော်ခံတာပါ ။

အဲဒီနေ့ကတော့ ပေါင်းတည်တစ်မြို့လုံးအုံးအုံးကျွတ်ကျွတ်နဲ့ ကြက်ပျံမကစီကားတဲ့နေ့ပါ။ နောက်တစ်နေ့ လဆန်း (၁၄)နေ့မှာတော့ စွယ်တော်ကိုတော် ရတနာစိန်ကျုပ်အတွင်းက ထုတ်ပြီး ပကတိအနေအထားအတိုင်း ဖူးမျှော်နိုင်အောင် ပြသထားပါတယ်။ လပြည့်နေ ည(၁၀)နာရီမှာတော့ စွယ်တော်ကိုစွယ်တော်တိုက်ထဲ ပြန်လည် ကိန်းဝပပ်စံပယ်တော်မူစေမှာဖြစ်ပါတယ်။

ပေါင်းတည်မြို့လေးရဲ့ ဘုရားပွဲမကျင်းပခင် ရက်များစွာအလိုကတည်းက အိမ်တိုင်းအိမ်တိုင်းမှာ ကြက်သားဗူးသီး၊ကြက်သားကျောက်ဖရုံစတဲ့ ဟင်းလျာတွေနဲ့ မြန်မာမုန့်တွေကို ဆင်းရဲချမ်းသာ အလိုက် ချက်ပြုပ်ပြုလုပ်ကြပြိး တစ်နယ်တစ်ကျေးမှာ သွားရောက် အလုပ်လုပ်နေကြတဲ့ အိမ်သူ အိမ်သားဆွေမျိုးတွေနဲ့ လာလည်ကြမယ့် ဧည့်သည်တွေအတွက် ပြင်ဆင်ထားပါတယ်။

“စွယ်တော်ဟေ့ဆိုတာနဲ့ အလုပ်ပြုပ်ချင်ပြုတ် ရာထူးလျောချင်လျော နီးနီးဝေးဝေး ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာရောက်အောင် ပြန်ကြတယ် နယ်ဝေးက အပေါင်းဖော်တွေ ပြန်ဆုံရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြီးအလွမ်း ဖြေရတာဖြစ်လို့ အားလုံးပြန်ဆုံတဲ့ပွဲလို့ ပြောရင်းလည်းမမှားပါဘူး”လို့ ဒေသခံ ဦးမြင့်သန်းက သူတို့ဒေသရဲ့ အစဉ်အလာကို အားတက်သရောရှင်းပြပါတယ်။

အဲဒီဘုရားပွဲကိုတော့ ပဲခူးတိုင်းအနောက်ပိုင်းမှာရှိတဲ့ ပြည်ခရိုင်နဲ့သာယာဝတီခရိုင်ည ဘုရားဖူးတွေ လာကြပါတယ်။ ပွဲတော်ရက်တွေမှာ မီးရထားလိုင်းကာတွေမှာထိုင်စရာနေရာမရအောင် လူများ ပြည့်နက်နေတတ်ပြီးရွာနီးချုပ်စပ်ကလူတွေကတော့ ဆိုင်ကယ် ထော်လာဂျီ ကွန်ဒေါင်းခေါ် ဖောကားစတာတွေနဲ့ မြို့ပေါ်ကိုကလေးရောမကျန် စုပြုံတက်လာကြတာပါတယ်။ ဘာလို့လဲဆိုတော့ တစ်နှစ်တစ်မှာ တစ်ခါကျင်းပတဲ့ ဘုရားပွဲမှာအမိအရပျော်ချင်တာလည်းပါလို့ပါ။ ပေါင်တည်မြို့မှာတော့ သင်္ကြန်တောင် စွယ်တော်လောက်မစီကားဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားပွဲတော်မှာတော့ ဆိုင်ခန်းတွေထောင်နဲ့ချီရှိပြီးသနပ်ခါးသင်ဖျာအစားသောက်တွေနဲ့ ကလေး ကစားစရာပစ္စည်းတွေ နဲ့ကြေးစည် ဘုရားဆင်းတု စတဲ့ဘာသာရေးဆိုင်ရာပစ္စည်းတွေအရောင်းအ၀ယ် ပိုဖြစ်တယ်လို့လည်းသိရပါတယ်။အရင်တုန်းကတော့ ဘုရားပွဲကျင်းပတဲ့ (၅)ရက်လုံးလုံး ခင်ရာဆွေမျိုး အိမ်တွေမှာတည်းခိုကြပြီး မြို့ပေါ်မှာနေကြတာဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန် လာပြီး ထော်လာဂျီကားဆိုင်ကယ်တွေပေါလာတာကြောင့် သွားလိုက်ပြန်လိုက်နဲ့ ပိုမိုအဆင်ပြေ လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စွယ်တော်လှည့်တဲ့အခါ တစ်မြို့လုံးမှာဆင်ရပ်နားခန်း ကိုးခုရှိပြိးတာ့ စခန်တစ်ခုရောက်ရင် ခဏနား နားပြိး ပြန်ထွက်ပါတယ်။ နားတဲ့အချိန်နဲ့ ပြန်ထွက်တဲ့အချိန်ကိုတော့ အဆံမပါပဲအသံပဲမြည်တဲ့ သေနတ်နဲ့ ပစ်ပေါက် အချက်ပေးပါတယ်။ စွယ်တော်လှည့်တဲ့ လူတန်း ဆင်နဲ့ လှည်းတန်းနဲ့ ယိမ်းကား တန်း အရှည်ကြီးဖြစ်လို့ တစ်ဖြတ်တစ်ဖြတ်စီမှာ မီးသတ်တပ်ဖွဲ့တွေက ၀ါးခြမ်းပျားရှည်မှာဝါ စိမ်းနီ အလံတွေ ကိုင်ပြီးအချက်ပြတဲ့စနစ်ကို လုပ်ပါတယ်။ နီဆိုရင် ရပ် ၀ါဆိုရင်ရင် အသင့် အစိမ်းဆိုရင် ထွက်ဆိုပြီး ဝေါ်ကီတော်ကီ(စကား ပြောစက်) တွေရှိပေမယ့် ရှေးနည်းအတိုင်းအသုံးပြုနေတာ ကိုလည်း မြင်တွေ့ရပါတယ်။

လူတိုးမပေါက်အောင်စည်ကားတဲ့အတွက် ရဲဝန်ထမ်းတွေလည်း လုံခြုံရေးအပြင် လမ်းရှင်းတဲ့ တာဝန် ကိုပါ တွဲပြီးယူကြရလို့ အလုပ်တွေရှုတ်နေကြတာတွေ့ရတယ်။ တစ်နှစ်မှာတစ်ခါသာ ကျင်းပတဲ့ပွဲ ဖြစ်တာကြောင့် အစွမ်းကုန်ပြင်ဆင်ပြီးလာကြတဲ့ ကျေးလက် တောသူတို့ အလှကလည်း ပွဲခင်းထဲမှာ ရောင်စုံပန်းခင်းကြီကတစ်ရွေ့ရွေှ့သွားနေသလိုပါပဲ။ မြို့ကြီးတွေမှာလို မလုံမခြုံ ၀တ်စား ယင်မှုတွေ မရှိပဲ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုတွေကို တွေ့မြင်ရတာဟာလည်း ကျေနပ်စရာပါ။ အဲဒီလို လုံလုံခြုံဝတ်စားယင်ထားတာတောင်မှ အချို့အမျိုးသားတွေက လူစီကားတာကို အခွင့် ကောင်းယူပြီး လိင်အသားယူမှုတွေရှိတာကလည်း ရိုးရာဓလေ့ကို အကျည်းတန်စေပါတယ်။

ပွဲခင်းထဲမှာတော့ အရေးပေါ်ကုသပေးမယ့် ကျန်းမာရေးဆေးခန်းနဲ့ ကြက်ခြေနီအချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ ပြည်-ရန်ကုန်ကားတွေဟာ သာမန်အချိန်မှာပေါင်းတည်မြို့ကို (၁၅)မိနစ်သာ ဖြတ်သန်းရပေမယ့် စွယ်တော်လှည့်တဲ့ရက်မှာတော့ တစ်နာရီခွဲထက် မနည်း ကြာတတ်ပါတယ်။

အဲဒီစွယ်တောလှည့်လည်ပွဲမှာတော့ အာဏာပါဝါတွေကို သုံးသုံး ပိုက်ဆံတွေ ဘယ်လောက်ပေးပေး ဆင်တော်ရဲရရှေ့မှာတော့ ဆင်ပိုင်ရှင် ဖေါင်သူကြီးမျိုးနွယ်ကလွဲရင် ဘယ်သူမှလိုက်လို့ မရတာတော့ ဖောင်သူကြီးမျိုးနွယ်တွေရဲ့ ကုသိုလ်ကံလို့ပဲပြောမလား ဆင်တွေကပေး ကံကောင်းခြင်းလို့ပဲ ပြောရ မလား။ ဆင်တွေမှာလည်း ပွဲတော်ရက်ရောက်လျှင် လူတွေတင် မဟုတ်ပဲ ဆင်တွေကပါ ပွဲတော်မှာ ပါဝင်ဆင်နွဲချင်တဲ့ စိက်က အင်မတန်ထူးခြားမှုတစ်ခုလို့ ဒေသခံဦးမြင့်သန်းက သူ့တို့ရဲ့ ယုံကြည်မှုကို ပြောပါတယ်။

“အရင်တုန်းက ချိုဆိုတဲ့ဆင်တစ်ကောင်ရှိတယ် အခုတော့ သေသွားပြီဆွယ်တော်ရက်နီးလာရင် အဲဒီဆင်ကခိုင်းလို့မရတော့ဘူး၊ ဆွယ်တော်မရောက်ချင်တစ်ပတ်လောက်အလိုကတည်းက သူက အလုပ်တွေသိမ်းကြုံးလုပ်တာ ဆွယ်တော်လည်ပြီးရင်တေြာ့ ကိုက်သလောက်ခိုင်းရတယ် ”သူက ရှင်းပြပါတယ်။

ယခင်နှစ်တွေက စွယ်တော်လှည့်ရာမှာ ဆင်နှစ်ကောင် သို့မဟုတ် သုံးကောင်အထိ လှည့်လည် ကျင်း ပခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ဆင်တွေရှားပါလာတာနဲ့တချို့ဆင်တွေဟာခရီးလွန်နေတာဖြစ်လို့ ဆင်တစ်ကောင်နဲ့သာ လှည့်လည်နိုင်ခဲ့တယ် ဂေါပကအဖွဲ့ဝင်တွေက ပြောပါတယ်။

မိုးတွင်းကာလဖြစ်သော်လည်းစွယ်တော်လှည့်တဲ့ရက်မှတော့ မိုးရွာသွန်းခြင်းမရှိပဲ အလွန့်အလွန့် မိုးကောင်းသည့်နှစ်မှသာ မိုးလေးဖွဲဖွဲအနည်းသာကျခြင်း နှင့်ဆွယ်တော်လှည့်ပြီမှသာ မိုးရွာခြင်း စတာတွေကလည်း စွယ်တော်ရဲ့တန်ခိုးကြောင့်လို့ ဒေသခံတွေကယုံကြည်ကြပါတယ်။

ကျေးလက်ဒေသဘုရားပွဲတွေမှာ မပါမဖြစ်ပါဝင်ရတဲ့ ဇာတ်သဘင်တွေရဲ့အခန်ကဏ္ဍဟာလည်း ချန်လှပ်ထားလို့မရတဲ့အတွက် ဒီနှစ်မှာတော့ အခမဲ့ကြည့်ရှု့ခံစားနိုင်အောင် ဗလာပွဲဇာတ်သဘင် သုံးခုကိုစီစဉ်ပေးထားပါသေးတယ်။

ဘုရားပွဲမှာတော့ တရုတ်ပြည်ကနေ ဘုရားပွဲဈေးကွက် ဆယ်နှစ်ပွဲဈေးသည်တွေ လက်ထဲကို ရောက်ရှိလာတဲ့ ပလပ်စတစ် ရောက်စုံကလေးကကစားစရာအရုပ်တွေကြောင့် မြန်မာ့ရိုးရာ လက်မှု ပညာနဲ့ပြုလုပ်ထားတဲ့ ကလေးကစားစရာ အိုးဖုပ် ဂျိုးရုပ် နွားရုပ် တွေကျန်းစစ်သားဦးထုပ် မဟာ ဗန္ဓုလဦးထုပ်လို့ခေါ်တဲ့ မြန့်မာရိုးရာရဲမက်ဦးထုပ်တွေကို တစ်စတစ်ပျောက်ကွယ် သွားတာကတော့ ၀မ်းနည်းစရာ ကောင်းပါတယ်။

ခေတ်မှီဖွင့်ဖြိုးတက်မှုကို အရှိန်ယူနေတဲ့အခုလိုအခြေအနေမှာ အရိုးရာဓလေ့တွေ မပျောက်ကွယ် သေးတဲ့ မြန်မာနိုင်ငံမြေလတ်ဒေသကမိုးနှောင်းပွဲတော် လေး နှောင်နှစ်နောင်နှစ်တွေမှာလည်း ဆင်နဲ့ လှည့် စွယ်တော်လှည့်နိုင်ပါစေ အရင်နှစ်တွေအတိုင်း စီကားပါရင်း ပေါင်းတည်ဒေသံတွေ အရင် အတိုင်း ပွဲတော်ရက်မှာ ပြန်လည်ဆုံတွေနိုင်ပါစေ ရိုးရာဓလေ့တွေ ရှင်သန် နိုင်ပါစေလို့ တောင်းဆု ချွေရင်း …

သီဟလွင်- ပြည်(မြစ်မခ)
Shwe Myitmakha Media Group

0 comments:

Post a Comment

Facebook Like Page