Sunday, August 31, 2014

မြစ်ကမ်းပါးပြိုမှုကြောင့် ကားလမ်းနှင့် တံတားပြိုကျမည်ကို စိုးရိမ်နေရ

Leave a Comment
မြစ်ကမ်းပါးပြိုမှုကြောင့် ကားလမ်းနှင့် တံတားပြိုကျမည်ကို စိုးရိမ်နေရ





ပဲခူးတိုင်းအနောက်ပိုင်း၊ ဧရာဝတီမြစ်ကမ်းနဘေးတွင်တည်ရှိသော ပန်းတောင်းမြို့ရှိ မြစ်ကမ်းပါးပြိုကျမှုမှာ တဖြည်းဖြည်းဆိုးဝါးလာပြီး ပန်းတောင်း-ဥသျှစ်ကားလမ်းနှင့်(၁)ပေခန့်အကွာသို့ ရောက်ရှိနေသဖြင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

“အဓိကတော့ ဒီကမ်းပါးအထက်နားမှာလာပြီး ကျောက်စရစ်စုပ်တဲ့ မော်တော်တွေကြောင့် ရေလမ်းကြောင်း ပြောင်းပြီး ရေစူးက ဒီဘက်ထိုးလာတော့ မြစ်ကမ်းပါးတွေက ပိုပြီးတော့ ပြိုလာတာ။ ရေကထပ်တက်လာမယ် ဆိုရင်တော့ ကားလမ်းပါ ပြိုသွားနိုင်တယ်။ ကမ်းပါးပြိုတာတွေကို ကာကွယ်ဖို့ ခိုင်မာတဲ့ ကျောက်စီနံရံတစ်ခုတော့ လုပ်ပေးစေချင်တယ်”ဟု စည်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်က ပြောသည်။

ကမ်းပါးပြိုကျမှုသည် မြစ်ကမ်းပါးအနီးရှိ ရပ်ကွက်တချို့မှ နေအိမ်များ ရွှေ့ပြောင်းနေရပြီး ပန်းတောင်း -ဥသျှစ် ကားလမ်းအပြင် အဆိုပါ ကားလမ်းပေါ်ရှိ ဒီးဒုတ်ချောင်းတံတားအနီးသို့ပါ တဖြည်းဖြည်း နီးကပ်လာသော ကြောင့် တံးတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မည့် အခြေအနေကို စိုးရိမ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကမ်းပါးက တစ်အိအိနဲ့ပြိုကျတာ။ အိမ်ကိုဆွဲဖျက်ပြီး ကလေးတွေအရင်ပြေးခိုင်းရတယ်။ နေစရာမရှိတော့ အမျိုးအိမ်မှာကပ်နေရတာ။ ပြီးတော့ လူကြီးတွေက သစ်တောရုံးဝင်းထဲမှာနေရာပြန်လုပ်ပေးတယ်။ အဲဒါလည်း သီတင်းကျွတ် တန်ဆောင်မုန်းလောက်ဆို ပြန်ဖယ်ပေးရမယ်လို့ပြောတယ်။”ဟု မြစ်ကမ်းပါပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေခဲ့ရသူ ဒေါ်မိချိုက ပြောသည်။

၂၀၁၂ ခုနှစ်မှ စတင်ကာ ပန်းတောင်းမြို့ စည်သာရပ်ကွက်တွင် မြစ်ကမ်းပါးပြိုမှုကြောင့် လူနေအိမ်များ ရွှေ့ပြောင်းခဲ့ရသဖြင့် သက်ဆိုင်ရာဌာနအသီးသီးသို့ ဒေသခံများက အကြိမ်ကြိမ်စာတင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် သက်ဆိုင်ရာဌာနက မြစ်ကမ်းပါးပြိုကျသည့် နေရာများတွင် သဲအိတ်ချခြင်းနှင့် မြစ်ကမ်းပါး ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့သော်လည်း မြစ်ကမ်းပါပြိုမှုမှာ ရပ်တန့်ခြင်းမရှိသေးဟု ၎င်းကဆိုသည်။

“ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းလည်း သေချာလာကြည့်သွားတယ်။ တိုင်းဆောက်လုပ်ရေးက အင်ဂျင်နီယာလည်းပါတယ်။ တံတားကို ကျွန်တော်တို့ သေသချာချာသွားကြည့်ခဲ့တယ်။ တတ်နိုင်သမျှတော့ ကမ်းပါးကို မပဲ့ဖို့ မြေထိန်းတမံတုတ်တယ်။ မရဘူးဆိုရင်တော့ ဒုတိယအစီအစဉ်အနေနဲ့ ရေလမ်းကြောင်း ပြောင်းအောင် လုပ်မယ်လို့စီစဉ်ခဲ့တယ်။”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေးက ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း မေလမှ စတင်ကာ ကမ်းပါးပြိုသောနေအိမ်များနှင့် ကမ်းပါးပြိုနိုင်သည့် နေရာများမှ နေအိမ် အလုံး(၃၀)ခန့်အား ဌာနဆိုင်ရာက ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

 30 August 2014 By သီဟလွင် - ပြည် (မြစ်မခ)



0 comments:

Post a Comment

Facebook Like Page