Thursday, July 3, 2014

ရေခဲ(ပြည်​) ​ရွှေ​တောင်​မြို့နယ်​သတင်း

Leave a Comment
ပြည်၊ ဇူလိုင် ၃
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာနေ တောင်သူများစိုက်ပျိုး နေသော ကျွန်းမြေပြိုကျမှုများသည် မြစ်အတွင်း လုပ်ကိုင်နေသည့် ကျောက်စရစ်စုပ်လုပ်ငန်းများကြောင့် ဟုတ်မဟုတ်ကို တာဝန်ရှိသူတို့နှင့်ပူးပေါင်းကာကွင်းဆင်းစစ်ဆေးသွားမည်ဟု ရွှေတောင်မြို့နယ်၊ ပဲခူး တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတင်မောင်မြင့် ကပြောသည်။
“အုပ်ချုပ်ရေးလည်းပါမယ်၊ လုပ်ငန်းလိုင်စင်နဲ့ ပတ်သက်တဲ့ဌာနတွေပါမယ်၊ ကွင်းဆင်းစစ်ဖို့ရှိတယ်၊ ရက် တော့မသတ်မှတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။ သရက်တစ်ပင်ကျေးရွာသားတို့ကမူ ၎င်းတို့စိုက်ပျိုးလုပ် ကိုင်နေသည့် ကျေးရွာအနောက်ဘက်ကွင်း အမှတ် ၄၅၀ ကျွန်းကြီး တစ်ပတ်အတွင်းပြိုကျခဲ့မှုသည် ဧရာဝ တီမြစ်အတွင်း လုပ်ဆောင်နေသည့် ကျောက်စုပ်လုပ်ငန်းများကြောင့်ဟု ပြောသည်။
ကျွန်းမြေပြိုကျမှုကြောင့် မြေဧက ၂၀ခန့် ပြိုကျ၍ စိုက်ပျိုးထားသည့် သီးနှံများဆုံးရှုံးခဲ့ရသည်ဟု ရွာသား တို့က ဆိုသည်။ လွှတ်တော်အမတ်ကမူ ကျောက်စုပ် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုနိုင်သည့် အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနနှင့် လိုင်စစ်ထုတ်ပေးသည့် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနတို့တွင် တာဝန်ရှိသည်ဟု ပြောသည်။
“ရေအရင်းအမြစ်မှာတာဝန်ရှိတယ်၊ သူက ကန့်ကွက်တယ်ဆိုမရဘူး၊ လိုင်စင်ပေးတဲ့အခါ ကျေးရွာအုပ်စု တွေရဲ့ သဘောထားရယူပြီး ဆွေးနွေးရမယ်၊ ဘာလို့ လိုင်စင်ပေးတယ်ဆိုတာ ပြည်သူတွေမြင်သာအောင် ရှင်းပြရမယ်”ဟု တိုင်းအမတ် ဦးတင်မောင်မြင့်က မှတ်ချက်ပြုသည်။ ထိုနေရာတွင် တရားဝင် ခွင့်ပြုချက်ရ ရှိထားသော ကျောက်စုပ်လုပ်ငန်းရှင်များက မော်တော် ၃၄ စင်း၊ ကျောက်တင်သင်္ဘောနှစ်စင်းတို့ဖြင့် ဇွန် ၂၂ရက်မှစတင်ကာ လာရောက်လုပ်ကိုင်နေသည်ဟု ရပ်မိရပ်ဖအဖွဲ့ဝင် ဦးလှကြိုင်ကပြောသည်။
“ကျွန်းထိပ်တည့်တည့်မှာ မော်တော်တွေနဲ လာစုပ်နေတာ၊ ကျွန်းပြိုတော့ စိုက်ထားတာတွေကုန်ရောဆက် စုပ်နေရင် ကျွန်းကြီးတစ်ခုလုံးပြိုမယ်၊ ရွာလည်းထိခိုက်လာမယ်” ဟု ၎င်းကသုံးသပ်သည်။ ယင်းကိစ္စကိုဖြေ ရှင်းပေးရန် ဇွန် ၂၃ရက်၌ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းခြင်း၊ ဇွန် ၂၅ ရက်တွင် သရက်သုံးပင်ကျေးရွာ အိမ် ထောင်စုအားလုံး၏ လက်မှတ်ဖြင့် ရွှေတောင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာလွှတ်တော်အမတ် များထံ တင်ပြခြင်းတို့ ဆောင်ရွက်ထားသည် ဟု ဦးလှကြိုင်က ပြောသည်။
ထို့နောက် ဇူလိုင် ၁ရက်တွင် ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်အမတ်အချို့ မြေပြင်အခြေအ နေလာရောက်ကြည့်ရှုခဲ့သော်လည်း ကျောက်စုပ်လုပ်ငန်းများရပ်တန့်ခြင်းမရှိသေး၍ ဒေသခံတို့က စိုးရိမ် နေကြခြင်းဖြစ်သည်။ ကျေးရွာသားတို့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြရန်နှင့် လိုအပ်ပါကဆန္ဒ ပြရန် စီစဉ်နေသည်။ သက်ဆိုင်ရာ အစိုးရ ဌာနများနှင့် လုပ်ငန်းရှင်တို့ထံ မဇ္ဈိမက ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းသော်လည်း မရခဲ့ပေ။

ရေခဲ(ပြည်​)


တင်​ဆက်​သူ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page