Sunday, June 15, 2014
လက္ခုပ္ပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြုတ်ချလိုသူများ ဒုတိယအကြိမ် ထပ်မံဆန္ဒပြ ပြည့်သဲမောင်(ပြည်)
လက္ခုပ္ပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြုတ်ချလိုသူများ ဒုတိယအကြိမ် ထပ်မံဆန္ဒပြ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ လက္ခုပ္ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းသည် ပညာအရည်အချင်းနိမ့်ကျပြီး စားကျက်မြေများကို အကွက်ရိုက်ရောင်းစားနေသည်ဟုဆိုကာ ကျေးရွာသူကျေးရွာသားနှစ်ဆယ်ကျော်က ဇွန်လ၁၅ရက်တွင် ဒုတိယအကြိမ် လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့သည်။ မေလ၁၂ ရက်တွင် လက္ခုပ္ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုဖြုတ်ချပေးလိုကြောင်း ပထမအကြိမ်ဆန္ဒပြခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုထောက်ခံသူများက ဆန္ဒပြသူများကိုထိရောက်စွာအရေးယူပေးရန် ဇွန်လ၃ ရက်တွင် အပြန်အလှန် ဆန္ဒပြခဲ့သည်။
"စားကျက်မြေကို အကွက်ရိုက်ရောင်းစားရင် ခြောက်တစ်နဲ့ အရေးယူရမယ်။ သူတို့တွေကို အရေးယူလို့ရအောင်ဖိအားပေးရမယ်။ ဖိအားပေးမှလည်း အစိုးရကအလုပ်လုပ်မှာ" ဟုဦးဆောင်ဆန္ဒပြသူကိုဝင်းလှိုင်ကပြောသည်။ စားကျက်မြေများ အကွက်ရိုက်ရောင်းစားမှု နှင့် ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းက "စားကျက်မြေဆိုတာမရှိပါဘူး။ လယ်ယာမြေတော့ရှိတယ်။ သူတို့ရဲ့လယ်ယာမြေတွေကို လယ်မြေအနေနဲ့ဘဲရောင်းတာ။ လယ်သမားကလည်း ရောင်းတယ်။ အခုအစိုးရဥပဒေကလည်း ရောင်းပိုင်ခွင့်ရှိနေတော့ ကျွန်တော်ကလည်းသွားတားလို့မရဘူး"ဟုဆိုသည်။
"ကျွန်တော်တို့ အဖွဲ့ကမှန်လား သူတို့အဖွဲ့ကမှန်လားဆိုတာ ဒုတိယအကြိမ်ထပ်မံဆန္ဒဖော်ထုတ်တာ။ ဆန္ဒဖော်ထုတ်မှလည်း အစိုးရတာဝန်ရှိသူတွေက လာစစ်မှာ" ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်ကပြောသည်။ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သတ်ပြီး လက္ခုပ္ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းက "မင်းတို့ရဲ့လိုအပ်ချက်ကိုလည်းပြော အကယ်၍အပြစ်ရှိခဲ့ရင်လည်းတိုင်ကြားပါ။ ကျွန်တော်တို့ သက်သေအထောက်အထားနဲ့ လိုက်လံရှင်းလင်းမယ်။ လို့စည်းရုံးသော်လည်းမရဘူး။ ဒါသူတို့ဆန္ဒအရ သွားနေတော့ ကျွန်တော်တို့ကလည်းဥပဒေအရဘဲသွားရတော့မှာဘဲ" ဟုပြောသည်။
ထိုနေ့မနက်၉နာရီတွင် ဆန္ဒပြသူများသည် လက္ခုပ္ပင်ကျေးရွာထိပ်မှ စတင်ထွက်ခွာကာ မြိုတွင်းလမ်းများအတိုင်းချီတက်၍ မြို့နယ်မြေစာရင်းရုံးရှေ့ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ရှေ့များသို့သွားရောက်ဆန္ဒပြခဲ့သည်။ ထို့နောက် လက္ခုပ္ပင်ကျေးရွာကျေးရွာသို့ ပြန်လည်ထွက်ခွာကာ ဆန္ဒဖော်ထုတ်မှုကိုရပ်နားခဲ့သည်။ ဆန္ဒပြရာတွင် " ပညာအရည်အချင်း နှစ်တန်းသာရှိသော အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းဖြုတ်ချပေးရေး ဒို့အရေး ဒို့အရေး" "ပြည်သူပိုင်စားကျက်မြေများကို အကွက်ရိုက်ရောင်းစားနေသော အုပ်ချုပ်ရေးမှူးဖြုတ်ချပေးရေး ဒို့အရေး ဒို့အရေး " "နိုင်ငံတော်အစိုးရတာဝန်ရှိသူများ အမြန်ဆုံး လာရောက်ဖြေရှင်းပေးရေး ဒို့အရေး ဒို့အရေး " စသည့်စာသားပါ ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။
သတင်းဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment