Thursday, March 27, 2014

၆၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ - ပြည်မြို့

Leave a Comment

မတ်လ ၂၇ ရက်နေ့ကို အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် ဒီကနေ့ စစ်ဘက်ဆိုင်ရာ အခမ်းအနားတွေကို နေရာအများအပြားမှာ ပြုလုပ်ပါတယ်။

- များစွာသောနိုင်ငံရေးသမားတွေကလည်း ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ထားကြတဲ့အတွက် အစိုးရအစီအစဉ်နဲ့ မတူခြားနားတဲ့ အခမ်းအနားတွေ လုပ်ကြပါတယ်။

အဲဒီထဲက တနေရာကတော့ ပြည်မြို့ ဖြစ်ပါတယ်။

ပြည်မြို့ ဆေးရုံလမ်းသစ်မှာ ဒီမနက် ၆၉ နှစ်မြောက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပါတယ်။

ပြည်ခရိုင်နိုင်ငံရေးအင်အားစုတွေ စုပေါင်း အကောင်အထည်ဖော်တဲ့ အခမ်းအနားပါ။

ပွဲစီစဉ်သူတဦးဖြစ်တဲ့ ကိုဝဏ္ဍကအခုလိုပြောပါတယ်။

“(ဒီကနေ့ဟာ) ဖက်ဆစ်တော်လှန်းရေးနေ့ပါ။ တပ်မ တော်တည်ထောင်တဲ့နေ့ မဟုတ်သလို့ ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း တပ်မတော်တခုတည်းမဟုတ်ပါဘူး။ တနိုင်ငံလုံးက တိုင်းရင်းသား ပြည်သူတွေ ပါတယ်။
အခုဟာက ပြည်သူလူထု ပါဝင်ခဲ့တာကို ဖယ်ပြီး တပ်မတော်ကိုပဲ ဂုဏ်တင်နေတယ်။
သမိုင်းကို ဖျောက်နေတယ်။ သမိုင်းဆိုတာ ဖျောက်လို့မရပါဘူး။ အဲဒါကြောင့် သမိုင်းအမှန်အတိုင်း သိစေချင်လို့ ဒီခေါင်းစဉ်နဲ့ လုပ်တာပါ”

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး တပ်မတော်နေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်အသုံးပြုလာတဲ့ အပေါ်မှာလည်း ပွဲစီစဉ်သူတဦးထဲက ကိုဇော်ဝင်းက အခုလိုပြောပါတယ်။

“တကယ့်တပ်မတော်နေ့ ဖြစ်သင့်တာ ဗိုလ်ချုပ်တို့ ရဲဘော်သုံးချိတ် ဂျပန်ကအပြန် ယိုးဒယားမှာ သွေးသောက်ပြီး (BIA) ဗမာ့လွတ်မြောက်ရေး တပ်မတော်ဖွဲ့ခဲ့တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ကို သတ်မှတ်သင့်တယ်။
အခုဖက်ဆစ်ကို တတိုင်းပြည်လုံး တော်လှန်ခဲ့တဲ့ ပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓါတ်တွေကို ရိုက်ချိုးလိုက်တာပါပဲ။
မြန်မာ့သမိုင်းတလျှောက်လုံး လုပ်ခဲ့သမျှတော်လှန်ရေး ထဲမှာ ပထမဆုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးပါ။
ဒီလိုအောင်မြင်ခဲ့တာ စည်းစည်းလုံးလုံး တိုင်းရင်းသားတွေ လက်တွဲလုပ်ဆောင်ခဲ့လို့ပါ”

တပ်မတော်ကို ဦးစီး တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တပ်မတော်အကြောင်းကိုလည်း သူက ဆက်လက် သုံးသပ်ပြပါတယ်။

“တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်ပြောထားတဲ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ရမယ်။ ပြည်သူဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံသည့်တပ်မတော်ဖြစ်ရမယ်။
နိုင်ငံရေးတွင် ဝင်မစွက်သည့် တပ်မတော်ဖြစ်ရမယ်။ တိုင်းပြည်နဲ့ ပြည်သူအကျိုးကို လိုလားသည့် တပ်မတော်ဖြစ်ရမယ်။
အခုတပ်မတော်က နိုင်ငံရေးထဲမှာလည်းကြည့် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း အခန့်သားရှိနေတာ။ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့စကားကို လုံးလုံးကြီး ဆန့်ကျင်တာပါပဲ”

ဒီကနေ့ အခမ်းအနားကို ပြည်ခရိုင်အတွင်းရှိ မြို့နယ်များက နိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့များမှာ လုပ်ကိုင်နေသူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်မြို့မှာ ဖက်ဆစ်တော်လှန်ရေးနေ့ခေါင်းစဉ်နဲ့ အခမ်းအနား ကျင်းပတာဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ပါပဲ။

အခမ်းအနားအတွက် အာဏာပိုင်တွေဆီကို ခွင့်ပြုမိန့်တောင်းခံခြင်း မလုပ်ခဲ့ဘူး၊ အကြောင်းကြားစာတော့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကောင်းမြတ်မင်း

(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)

0 comments:

Post a Comment

Facebook Like Page