Friday, January 3, 2014

ပြည်မြို့ ပြန်/ဆက်ပိုင်ဆိုင်ခန်းများ အသစ်ဆောက်ပြီး ကာလပေါက်ဈေးဖြင့် မူလနေထိုင်သူများကို ပြန်ငှားမည်

Leave a Comment

ပြည်မြို့ ညဈေးတန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပိုင် ဆိုင်ခန်းများကို ၂၀၁၄ ခုနှစ် မတ်လအကုန် ဖယ်ရှားပေးရန် ဌာနက ထုတ်ပြန်ထားသော်လည်း ဇန်န၀ါရီလ ၂ ရက်တွင် ဆိုင်ခန်းရှင် များနှင့် ဌာနအကြား ဆွေးနွေးညှိနှိုင်းကာ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်း ခရိုင် ပြန်ဆက်ဦးစီးအရာရှိ ဦးလှမျိုးအောင်က ပြောသည်။ ဇန်န၀ါရီလ၂ ရက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်ဖေ ဦး ဆောင်သောအဖွဲ့နှင့် ဆိုင်ခန်းရှင် ၁၀ ဦး ပြည်ခရိုင် ပြန်ဆက်ရုံး၌ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီ ချက် ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာတွင် နှစ်ထပ်အဆောက်အအုံ Elibrary ကို ပြန်ဆက်ဌာနက ဆောက်လုပ်မည်ဖြစ်သည်။ ဆောက်လုပ်နေစဉ်ကာလတွင် ဆိုင်ခန်းရှင်များ ဖယ်ရှားပေးရမည်ဖြစ်ပြီး ဆောက်လုပ်ပြီးပါက ကာလ ပေါက်ဈေးဖြင့် ဆိုင်ခန်းရှင်များကို ပြန်လည် ငှားရမ်းပေးရမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ဆက်ဦးစီးအရာရှိ ဦးလှမျိုးအောင်က ပြောသည်။ “Elibrary အဆောက်အအုံက တင်ထားရုံဘဲ ရှိသေးတယ်။ ကျလို့ရှိရင် နိုင်ငံတော်က တို့ဌာနကို ဆောင် ရွက်ပါဆိုရင် သူတို့ (ဆိုင်ခန်းရှင်) ကို ကြိုတင်အကြောင်းကြားမယ်”ဟု ၎င်းက ပြောပါသည်။ Elibrary အဆောက်အအုံစီမံကိန်းအတွက် အထက်သို့ တင်ပြထားပြီး အဆောက်အအုံ ဆောက်လုပ်ချိန် တွင် ဆိုင်ခန်းရှင်များ ရွှေ့ပြောင်းမှုများ အဆင်ပြေရန်အတွက် ဌာနက ကြိုတင်အကြောင်းကြားမည်ဟု သိရသည်။ ညဈေးတန်းရှိ ပြန်ဆက်ပိုင်ဆိုင်ခန်း ၁၅ ခန်းတွင် ဆိုင်ခန်းရှင် ၁၀ ဦးသည် ငှားရမ်းလုပ်ကိုင်လာသည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ကြောင်း အတွင်းဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၁၄၀၀၀၊ အပြင်ဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် နိုင်ငံတော်သို့ လစဉ် ပေးသွင်းရကြောင်း သိရပါသည်။ သို့သော် ဆိုင်ခန်းရှင်များက တစ်သိန်းအောက်သာ သတ်မှတ်လိုကြကြောင်း ဆိုင်ခန်းရှင်တစ်ဦးဖြစ်သူ က ပြောသည်။

ရေခဲ (ပြည်) မဇ္ဈိမ

0 comments:

Post a Comment

Facebook Like Page