Dr . ဦးသန်းထွန်း ၏ လူမျိုးခြား ရာဇဝင်ဆရာများ အပေါ်သုံးသပ်ချက်အကျဉ်း(၁)
August 11, 2013 at 6:03am
မြန်မာရာဇဝင်ကို ရေးရာ၌ မျိုးချစ်စိတ်က ဆွဲဆောင်သဖြင့် မိမိ အမျိုးကို အမွှန်းတင် ၍ ရေးသား တတ်ကြ
သဖြင့် ယထာဘူတ ကျအောင်ရေးလိုသော ရာဇဝင်ဆရာသည် ထိုအစွဲကို ဖျောက်သင့်ကြောင်း(၂၁ နိုဝင်
ဘာ ၁၉၆၂ ) ထွန်းနေ့စဉ်၌ တစ်ခါရေး ဖူးပါသည် ။ ထိုသို့ရေးသားစဉ် မြန်မာရာဇဝင်ကျမ်း များစွာ၏ ချွတ်
ယွင်းချက် များနှင့်ထူးခြား ကောင်းမွန်ချက်တို့ကို နှစ်မျိုး စလုံးပေါ်အောင် ဖော်ပြခဲ့သည်။ ထို့ပြင် အမျိုးသား
စိတ် (သို့ ) မျိုးချစ်စိတ်ကြောင့် ရာဇဝင် ဆရာများ မှားတတ်ပုံကိုလည်း ဖော်ထုတ် ခဲ့သည်။ နေရှင်နယ်ဒေး
ဟု အခေါ်များသော အမျိုးသားနေ့ စတင်ပေါ်ပေါက်လာသည့် ၁၂၈၂ (၁၉၂၀)နှစ်ကစ၍ မြန်မာ အမျိုးသား
စိတ်နိုးကြား လာခဲ့ကြခြင်း ကိုအများ သိပြီး ဖြစ်ပါသည် ။ ထိုနိုးကြားလာသော အမျိုးသား စိတ်ကြောင့် မြန်
မာ တို့၏ ရာဇဝင် အရေးအသား တွင် မည်သို့ ပြုပြင် တိုးတက်လာ သည်ကို ယခု စာတန်းတွင် စိစစ် လိုပါ
သည် ။ မိမိ တို့၏ အမျိုးသား ရာဇဝင်ကို နိုင်ငံခြားသား ကရေးလျှင် မနှစ်သက် ကြောင်း တွေ့ရ၏ ။ မနှစ်
သက်စရာလည်း အကြောင်းခိုင်လုံအောင် ရှိပါသည် ။ မြန်မာရာဇဝင်ကို အင်္ဂလိပ် ၊ ပြင်သစ် ၊ အမေရိကန်၊
ရုရှား ၊ ကုလား နှင့် တရုတ်တို့ ရေးသားကြသည် ။ ထင်ရှားသည်ကား ဆာအာသာပါဗီဖယ်ယာ ဆိုသူက
၁၈၈၃ ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် မြန်မာရာဇဝင် တစ်အုပ် ရေးသားခဲ့သည် ။ ထို စာအုပ်ကို မြင်ဖူးသူ
မြန်မာများပင် ရှားချေမည်။ ငါတို့ အမျိုး ကို နှိမ်၍ ရေးလေသည်ဟု စိတ်ဆိုး စရာလည်း မပါလှပါဟု ဆိုနိုင်
ပါသည် ။ အဘယ်ကြောင့် ဆိုသော် မြန်မာရာဇဝင် ကို လေ့လာ ၍ ဖယ်ရာ ဆိုသူက အင်္ဂလိပ် အရာရှိများ၊
မြန်မာနိုင်ငံသို့ လာ၍ အုပ်ချုပ်လျှင် ရာဇဝင်နှင့်ယဉ်ကျေးမှု အတိမ်အနက်ကို သိကြပါစေဟု ရေးသားခြင်း
ဖြစ်၏ ။ အလွယ်အားဖြင့်မြန်မာတို့ ပြောသမျှကို အင်္ဂလိပ်တို့ သိရှိစေရန် တစ်ဆင့် ပြန်ပြောခြင်းသာ ဖြစ်၍
ဝေဖန် ကဲ့ရဲ့ ချီးမွန်းခြင်းနည်းကာ ဇာတ်ကြောင်းပြန် သက်သက်ဖြစ် သောကြောင့်တည်း ။ ထိုမှတဖန် မစ္စ
တာအိခ်ျပါကာ ဆိုသူက တရုတ် မှတ်တမ်းကို ဖတ်၍ ရေးသား ထားသော မြန်မာရာဇဝင် နှင့် ညှိနှိုင်း ရေး
သားပြန် သည်ကို မြန်မာတို့ သတိမထား လိုက်ကြချေ ။ ထို့နောက် အင်္ဂလိပ်အစိုးရက နိုင်ငံတော်ဝါဒ ခေါ်
အင်ပီရီရယ်လစ်ဇမ်း ကို စာသင်ကျောင်းများ၌ တစ်နည်း မဟုတ် တစ်နည်း ထည့်သွင်း သင်ကြား ရမည်
ဟု ညွှန်ကြားလျှင် အင်္ဂလိပ် ဖတ် စာအုပ်၌ အင်္ဂလိပ် ဘုရင် ၏ ဘုန်း ကျက်သရေ ကြီးပုံ ၊ မြန်မာဖတ်စာ ၌
ဂျော့ဘုရင် ဘွဲ့ရတု ၊ ပထဝီဝင် ၌ ဗြိတိသျှ အင်ပါယာ ကြီးကျယ်ပုံ နှင့် ဗြိတိသျှ ရာဇဝင်၌ အင်္ဂလိပ် တို့၏
အစွမ်းကို အားပါးတရ ပြောလာသည် ။ မြန်မာရာဇဝင် ကိုပင် ပညာဝန် မစ္စတာစီ ဗလူကောက် က အင်္ဂ-
လိပ် လို ရေး၍ ကျောင်းများ ၌ သင်လာသည် ။ ယင်းသို့  မြန်မာရာဇဝင်ကို ကျောင်းသုံး ရေးရာ၌ ထင်ရှား
အောင်ရေးသည့် အထူး အချက်ကား (၁) မြန်မာမင်းများ ရက်စက်ပုံနှင့် (၂) အင်္ဂလိပ် တို့က တရားသဖြင့်
အုပ်ချုပ် သဖြင့် မြန်မာ တို့ ကြီးပွား တိုးတက် အေးချမ်း သာယာ ရှိပုံတို့ ဖြစ်ပါသည် ။ သဘောမှာ- မြန်မာ
ကလေးများ မိမိ အမျိုးသား အုပ်ချုပ်ရေးကိုမုန်းကာ အင်္ဂလိပ်ကိုအားကိုးအောင် သွန်သင်ခြင်းဖြစ်ပါသည်။
ထိုသို့ သွင်းပေးသော အဆိပ် ယခုတိုင် မပြေသေးကြောင်းက အသက်လေးဆယ်ကျော်နှင့် ခြောက်ဆယ်
ကျော် လူရွယ် လူကြီး တို့နှင့် စကားပြောလျှင် အမှတ်တမဲ့ ပါလာကြောင်း တွေ့ရပါသည် ။
ဇာတ်လောက၌ ဇာတ်ခင်းလျှင် ရှင်ဘုရင်က လူစွမ်းကောင်း ကို သတ်ပုံ ၊ ရှင်ဘုရင်က သူများ သား မယား
ကို အတင်း သိမ်းယူ ပုံဖြင့် လွမ်းကွက် ဖော်ကြသဖြင့် အင်ပီရီရယ်လစ်ဇမ်း ကို ဝိုင်း၍ ထောက်ခံ ကူညီကြ
သည်ဟု ထင်စရာ ရှိပါသည် ။ ထိုဇာတ်အိမ် ဇာတ်လမ်းမျိုး ယနေ့တိုင် ကပြဆဲ ဖြစ်ပါသည် ။ မြန်မာ - အုပ်
ချုပ်ရေး စနစ်ကို မုန်း၍ အင်္ဂလိပ် အုပ်ချုပ်ရေး စနစ်ကိုသာ ယုံကြည် အားကိုး ကာ အထင်ကြီး လေအောင်
နောက်ဆက်တွဲ အားဖြင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခဒီဂျီအီး ဟော က ၁၉၂၂ - ခု ၌ ကမ္ဘာ တွင် ပေါ်
လာသမျှ အင်ပီရီရယ်လစ်ဇမ်း အမျိုးမျိုးကို နှိုင်းယှဉ်လျက် ခြောက်ကြိမ်မျှ ဟောပြောကာ စုပေါင်း ၍ စာ
တစ်အုပ်ရိုက်ထုတ်သည် ။ ထိုစာအုပ်၌ သူ တစ်ပါး နိုင်ငံတွင် သွား ၍ အုပ်ချုပ်ပြီး နောက် စီးပွား ဥစ္စာ ရသ
လောက်ညှစ်ယူသော အင်ပီရီရယ်လစ်ဇမ်း ကား လက်အောက်ခံ ကို အစွမ်းကုန် ညှာတာ လျက် ကိုယ်ပိုင်
အုပ်ချုပ်ရေး အတွက် ပြင်ဆင်ပေးနေပါပြီဟု ဆိုလိုက်၏ ။
ယင်းနောက် မစ္စတာဂျီအီ ဟာဗေး က ၁၉၂၆ -ခုတွင် မြန်မာရာဇဝင် စာအုပ် တစ်အုပ် ရေး၏ ။ မြန်မာ အ
မျိုး၏ ညံ့ဖျင်း သမျှကို ထင်ရှားစေလျက် သတိပေး သလိုလို ကဲ့ရဲ့သလိုလို နှင့် မြန်မာ့ ဂုဏ်သိက္ခာ ကို တ
နည်းအားဖြင့် မှတ်ကျောက်တင်၍ ကြည့်ပါသည်။ မှန်သလိုလိုနှင့် အထက်စီး အဆုံးအဖြတ် ပေးပုံမျိုးတွေ့
ရ၏ ။ တစ်ဖက်တွင် အမျိုးသားစိတ် နိုးကြားနေပြီ ဖြစ်၍ မြန်မာတို့ အလွန်စိတ်ဆိုးကြသည် ။ ဟာဗေး ၏
စာအုပ်ကို အကျဉ်းရေး၍ ကျောင်းသုံး ဖြစ်လာသောအခါ ပိုစိတ်ဆိုးကြ ပြန်သည် ။ ထိုအခါ ယခု ထွန်း နေ့
စဉ် အယ်ဒီတာ ဦးထွန်းဖေ က မြန်မာရာဇဝင် မှ ဇာတိသွေး ဇာတိမာန် ကို မြှင့်တင် ပေးနိုင် သည့် ဇာတ်
ကွက် တို့ကို အသားပေးလျက် ရာဇဝင် စာအုပ် ဖြစ်စေ ၊ ရာဇဝင် နောက်ခံထားသည့် ဝတ္ထုစာအုပ် ဖြစ်စေ၊
စာရေး ဆရာများက ရေးသားကြ ရန် လှုံ့ဆော်သည် ။ ဆရာဖီ ၊ ဆရာသိန်း ( မှော်ဘီ ဆရာသိန်း ) ဆရာ
ဘကျော် တို့က နိဒါန်း စကားတွင် မြန်မာရာဇဝင် ရေးသားသော အင်္ဂလိပ် တို့ကို မကျေနပ် ကြောင်းဖော်
ပြလျက် သုသောဓိတရာဇဝင် ကို ပြုစုကြ၏ ။ ခြောက်တွဲ ဖြစ်၍ ကျောင်းသုံး ဖြစ်ရန် ခက်ခဲ သောကြောင့်
ဦးဘသန်း က ကျောင်းသုံး ရာဇဝင် ကိုရေးသားသည် ။ ဦးဖိုးကျား က ခေတ်မှီ ရာဇဝင် အကျဉ်း နှင့် မြန်
မာ့ဂုဏ်ရည် တို့ကို သီကုံးသည် ။ ဦးအုန်းမောင်က ကျောင်းသုံး မြန်မာ ရာဇဝင်သစ် သုံးတွဲကို ပြုစုသည်။
သခင်ကိုယ်တော်မှိုင်း က မှန်နန်း ရာဇဝင်သစ် ကို တင်ပြသည် ။ ဦးဖေ က ပုဂံရာဇဝင် ကိုရေးသည် ။
ရာဇဝင် နောက်ခံ ထား၍ မြန်မာ့ ယဉ်ကျေးမှုကို ဖော်လျက် လယ်တီပဏ္ဍိတဦးမောင်ကြီး က တပင်ရွှေထီး
ဝတ္ထု လေးတွဲကို ဖွဲ့နွဲ့သည် ။ သတင်းစာ ဆရာ ဦးသိမ်းမောင်က မင်းရဲကျော်စွာ၊ ဘုရင့်နောင် ၊ ဗန္ဓုလနှင့်
အလောင်းဘုရား ဟူ၍ မြန်မာ သူရဲကောင်း လေးဦး အကြောင်းကို ထုတ်ဖော်သည် ။ ယနေ့တိုင် နှစ်သက်
စွာ ဖတ်လျက် ရှိသော ရဲမြန်မာ ၊ ရန်ကြီးအောင် ၊ နာခံတော် ၊ ကုန်းဘောင် ပြင်သစ် ၊ စစ်ထွက်သူ စသော
ဦးသိမ်းမောင် ၊ ရွှေဥဒေါင်း ၊ ရွှေစကြာ ၊ မဟာဆွေ တို့၏ ရာဇဝင်ဝတ္ထုများ ပေါ်လောပါသည် ။ ယင်းသို့ရေး
သားကြ ရာ၌ အချုပ် သဘောမှာ အင်္ဂလိပ် က အင်ပီရီရယ် လစ်ဇမ်း ကို လက်ခံ အောင် စာသင် ကျောင်း
တွင် အင်္ဂလိပ် အုပ်ချုပ်ရေးကို အမွှန်းတင်၍ မြန်မာ ဘုရင် စနစ်ကို တစ်စက် ကလေး မျှ မကောင်း အောင်
သရုပ်ဖော် သည်ကို တန်ပြန် သဘောဖြင့် မြန်မာလူစွမ်းကောင်း တို့ကို တန်းစီ၍ ပြခြင်း ဖြစ်ပါသည် ။ တန်
ပြန်လက်နက်ဖြစ်၏ ။ မြန်မာကလေးများ မျိုးချစ်စိတ် ပို၍ ထန်သန် လာသည်ကို တွေ့ရ၏ ။ ကျွန်တော်တို့
ပင် မြန်မာ့ဂုဏ်ရည် ဖတ်၍ ကြီးပြင်းခဲ့သည် ။ ရဲမြန်မာ ဖတ်၍ လက်သီးဆန့်ခဲ့သည် ။ သို့သော်လည်း အင်္ဂ
လိပ် လက်နက်ကို ယင်း စာအုပ် မျှဖြင့် မဖြို နိုင်ကြောင်း တွေ့ ရသည် ။ မြန်မာ ဘုရင် စနစ် ၏ အပြစ် ကို
အင်္ဂလိပ် ကပြလျှင် မြန်မာ့ အုပ်ချုပ်ရေး စနစ်ကား မည်မျှ အခြေခံ ကြီးမား ၍ မည်သည့် အချက်များ ကား
ပဓာန ဖြစ်သည် ။ မည်သည့် အချက်များ ကား ချီးမွန်းဖွယ် ဖြစ်သည် ဟု လက်ဆုပ် လက်ကိုင် ဖော်နိုင်သူ
မပေါ်ခဲ့ချေ ။ ကံဆိုးသည်မှာ ပုဂံ ဦးတင် ပြုစုသော မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း ငါးတွဲ ပင်လျှင် အင်္ဂလိပ်
က အင်ပီရီရယ် လစ်ဇမ်း ကို လက်ခံအောင် ဆွယ်စပ်၍ ရေးခိုင်းသော စီမံကိန်းဝင် စာတန်းကြီး ဖြစ်ရခြင်း
ပင်။ စာအုပ် ငါးတွဲ စလုံးကို ဖတ်လျှင် မြန်မာ မင်း အုပ်ချုပ်ပုံ နှင့် အင်္ဂလိပ် မင်း အုပ်ချုပ်ပုံ နှိုင်းယှဉ် လျက်
အင်္ဂလိပ်က သာကြောင်းကို သိသိသာသာ တစ် မျိုး ၊ မသိမသာ တစ်ဖုံ ရေးသားထားသည်ကို မကြာခဏ
တွေ့ရချေမည် ။ ထို့ကြောင့် မြန်မာဘက်မှ ဦးဖိုးကျား လို ရှေ့နေ မလိုက်လိုက နေပါ ။ သို့သော် သရုပ်မှန် ကို မြင်သာအောင် ဖော်ထုတ်၍ မြန်မာ့ အုပ်ချုပ်ရေး ကို လေ့လာသော ကျမ်းမျိုး အထင်အရှား မပေါ် ခဲ့ဖူး
သည်မှာ မြန်မာ့ တို့အတွက် အထူး ဝမ်းနည်း ဖွယ်ပင်ဖြစ်သည် ။ ဒေါ်မြစိန် က မြန်မာ့ အုပ်ချုပ်ရေးကို အင်္ဂ
လိပ် ဘာသာဖြင့် စာအုပ် တစ်အုပ် ပြုစု ဖူး၏ ။ မြင်ဖူး လိုက်သူ ပင် ရှားမည် ထင်၏ ။ သရုပ်မှန်ကို မြင်သာ
အောင် ဖြည့်စွက်ရန် လိုနေ ပါသေး သဖြင့် ပြင်ဆင်ပါဟု ဆရာမကြီး ကို ကျွန်တော် တောင်းပန်နှိုးဆော်ဖူး
ပါသည်။ တစ်နေ့လုပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ဆဲပင် ဖြစ်ပါသည်။
ဤတွင် ဦးဖိုးကျား တို့က မြန်မာ့ဟေ့ ဟု လက်သီး လက်မောင်း တန်းကာ ဟစ်ကြွေး စရာတွေ သာ ရွေး၍
ဖော်ထုတ် ခဲ့သည်ကို ကျွန်တော် အပြင်တင် နေခြင်းမဟုတ် ။ သူတို့ နည်းနှင့် သူတို့ မြန်မာ့ လွတ်လပ်ရေး
စစ်ပွဲ တွင် ပြောင်မြောက်အောင် ပါဝင် ဆင်နွှဲ သူများ ဖြစ်၍ မလစ်ရ အောင် အမှုထမ်း သည် ဟူ၍သာ ချီး
မွမ်းရချေမည် ။ သူတို့ ခြေရာ နင်း၍ တစ်ခေတ် ပြောင်း လျှင် တစ်ခါ ဆို သလို ရည်ရွယ်ချက် တစ်ခု ကို မူ
တည်လျက် ရာဇဝင်စာအုပ်များ ရေးသားခဲ့ကြသည် ။ ရှေ့ကိုလည်း ရေးကြ ပေဦးမည် ။ ရည်ရွယ်ချက် ကို
ဖြစ်အောင် ပို့နိုင်လျှင် သူတို့ တာဝန်ကျေ၏ ။ ဦးဖိုးကျား တို့ ရည်ရွယ်ချက် ကား မျိုးချစ်စိတ်ကို အခေါင်အ
ထွဋ်သို့ ပို့ခြင်း ဖြစ်သည် ။ ရည်ရွယ်ချက် အောင်မြင် ပါ၏ ။ရောင်ခြည်ဖြာ နေသော ပြသာဒ် စုလစ်မွန်းချွန်
ရှေ့ တွင် မြန်မာ ၊ ရှမ်း ၊ ကရင် ၊ ချင်းစသော လူမျိုး တို့ လက်သီး ဆန့် ၍ အော်နေပုံ နှင့် အောက်မှ "တစ်
သွေး တစ်သံ တစ်မိန့် " ဟူသော စာတန်းရေး လျက် ပါမောက္ခ ဦးဘညွန့် ၏ မြန်မာနိုင်ငံသမိုင်း အခြေပြ
ဂျပန်ခေတ် က ပေါ်လာသည် ။ ခေတ် ကြေးမုံ ဟု ဆိုရလောက်အောင် ဂျပန်ကြိုက် အာဏာရှင် သဘော
ကို ကျောင်းသားများ လက်ခံလာအောင် ကြိုးစားခြင်းပင် ဖြစ်ပါသည် ။ ဒုတိယ ကမ္ဘာစစ် ပြီး စက ဗိုလ်ဘ
ရှင်၏ ( မြန်မာ နိုင်ငံတော်သမိုင်း ) ထွက် လာသည် ။ ရာဇဝင် ဟူသော စကားလုံးသည် နယ်ကျဉ်း သဖြင့်
သမိုင်း ဟူသော စကားလုံး ကို အစားထည့် ၍ သုံးခဲ့ သည်မှာ ဦးဘညွန့်က စ ခဲ့ပေသည် ။ ဗိုလ်ဘရှင် က
လည်း ဦးဘညွန့် နှင့် တစ်သဘောတည်း ဖြစ်ချေ၏ ။ စင်စစ် ဦးဖေမောင်တင် ၏ မြန်မာ စာပေသမိုင်း က
ရာဇဝင်ကို ရာဇဝင် မခေါ်ပဲ သမိုင်း ဟုခေါ်ရန် တော်လှန် သည်ဟု ထင်မိပါသည် ။ သို့သော် သမိုင်းဟု အ
ခေါ် အပြော ကိုကြားလျှင် ရွှေနတ်တောင် သမိုင်း ၊ ကျိုးထီးရိုး သမိုင်း စသောနတ် သမိုင်း ၊ သိုက် သမိုင်း၊
ဘုရား သမိုင်း များ ကို ဆက်စပ် ၍ သတိရ မိသဖြင့် ကျွန်တော် တို့ မကြိုက် ဟု ပြောသူ လည်း ရှိသည်။
ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ၊ မြန်မာရာဇဝင် အခေါ်မှ ဗမာနိုင်ငံသမိုင်း ၊ ယင်းမှ မြန်မာနိုင်ငံ
သမိုင်း ဟု အခေါ် အပြော ပြောင်းခဲ့ ၏ ။ အခေါ် အဝေါ် ပြောင်း သည် သာမက ယခင်က ပုဂံ မင်းဆက်၊
ကုန်းဘောင် မင်းဆက် ဟု အခန်းဖွဲ့ ရေးရာမှ ဗမာနိုင်ငံသမိုင်း တွင် သွေးနှော ခေတ်ဟု အခန်းတစ်ခု အ
ဆန်း ပါလာပါသည် ။ ရှမ်း - ဗမာ ရော၍ အားသစ် အင်သစ် လူမျိုးသစ် ဖြစ်လာလျက် ပေါင်းစပ် ရောနှော
ခြင်း၏ အားကို ဖော်ထုတ်သည် ။ ထိုမှ တစ်ဖန် မြန်မာနိုင်ငံသမိုင်း တွင် - (၁) ရှေးဟောင်းခေတ် ၊ (၂) မြို့
စားရွာစား ဘုရင်ခေတ် (၃) အရင်းရှင် စနစ်ခေတ်နှင့် (၄) ပြည်ထောင်စုခေတ်ဟု တွေ့ရ၏ ။
ယင်း တို့ကို မြင်ရ သဖြင့် ဆိုဗီယက်ယူနီယံ က ရေးသော ရာဇဝင် စာအုပ်မျိုး ဖြစ်လေမည့်ဟန် ရှိပါသည်။
ဗန်းမော်တင်အောင် က မြန်မာနိုင်ငံတော်သမိုင်း ဟူ၍ ဗိုလ်ဘရှင် နှင့် အမည်တူ စာအုပ် တစ်အုပ် မကြာမီ
က ရေးပါ သည် ။ သူ လည်း ကွန်မြူနစ် အမြင် နှင့် ရေးလေ မည်လားဟု စောင့်၍ ဖတ်မိသည် ။ မျှော်လင့်
သလို ရုပ် ဝါဒ ရာဇဝင် အကြောင်း နှင့် မဟပ်လှ ။ လွတ်လပ်ရေး ရပြီး နောက် ပြည်ထောင်စု ခေတ် တွင်
အိမ်နီးချင်းများ နှင့် ဆက်ဆံ လာ ရပြီး ဖြစ်သည့် အတိုင်း တရုတ် - မြန်မာ ချစ်ကြည်ရေး အတွက် ဟံသာ
ဝတီ ဦးဘရင်က တရုတ် - မြန်မာ အရေးတော်ပုံကို ရေးသား၏ ။ ရည်ရွယ်ချက်နှင့် အမည်မျှဖြင့် ကျေနပ်ရ
သော စာအုပ်မျိုး ဟု ဆိုချင် ပါသည် ။ ပြင်းထန်သော မျိုးချစ်စိတ် ၏ ပေါက်ကွဲခြင်း ဖြစ်သည် ဟု ယူဆ ရန်
ဖြစ်သော ငါးသိုင်းချောင်း မောင်မောင် ၏ နယ်ချဲ့ မြန်မာ အရေးတော်ပုံ ကို လည်းဖတ် လိုက် ရသည် ။ ထို့
နောက် စာသင်သား နှင့် ကျောင်းသားသူငယ် ကို တိုက်ရိုက် ပညာ ပေးရန် ပြည်ထောင်စုကို ချစ်သောစိတ်
ကို လှုံ့ဆော် သည့် ရာဇဝင် စာအုပ်များ ပေါ်လာ ပါသည် ။ သုတေသန လက်ရာ ပါသည် ။ ပြည်ထောင်စု
နိုင်ငံ ချစ် စိတ်ဓါတ် ကို ရည်ရွယ်သည့် အတိုင်းပေးနိုင် လိမ့်မည်ဟု ယုံကြည် သည် ။ ယင်း တို့ကား ဦးသိန်း
ဟန် ( ဆရာဇော်ဂျီ ) ၏ တို့ ပြည်ထောင်စု သမိုင်း ပုံပြင်များ ၂ တွဲ နှင့် ပြည်ထောင်စု သမိုင်း မှတ်တိုင် များ
ဖြစ်ပါသည် ။ အားလုံး မူလတန်း အတွက် ဖြစ်သောကြောင့် အလယ်တန်းကျောင်းသုံး အလို့ငှာ ဦးဘဖေက
အလယ်တန်း မြန်မာ့သမိုင်း အကျဉ်းချုပ်ဟူ၍ တွေ့ရပြန်ပါသည် ။ အထက်တန်းအတွက် ဦးကွန်း ၏ ခေတ်
မီ အထက်တန်း မြန်မာရာဇဝင်နှင့် ဒေါက်တာကျော်သက် ၏ အထက်တန်း ပြည်ထောင်စု မြန်မာနိုင်ငံတော်
သမိုင်း တို့ ဆင့်ကဲ ဆင့်ကဲ ထွက်လာ ကြ၏ ။ အင်္ဂလိပ် ဘာသာဖြင့် ဂျွန် ခရစ်စယန် ၊ ဟော ၊ ကေဒီ ၊ ဒေ
ဆိုင်း တို့၏ မြန်မာရာဇဝင် များကို တွေ့ရပါသည် ။ အားလုံးခြုံ ၍ ပြောရလျှင် ပြင်းထန်သော မျိုးချစ်စိတ်နှင့်
ရေးသည့် စာအုပ် မျိုးကား သိသိ သာသာ လျော့နည်း သွား ၍ ပညာ ကို ပဓာန ထားလျက် ပြည်ထောင်စု
စိတ်ကို သွင်း ပေးရန် ရေးသော စာအုပ်များ ပေါ်ပေါက် လာခြင်း ကား ကောင်းသော တိုးတက်မှု ပင် ဖြစ် ပါ
သည်။ ရုပ်ဝါဒဖြင့် အကဲဖြတ်သော စာအုပ်ကား မပေါ်သေးဟု ဆိုရ ချေမည် ။ ဤတွင် အင်ပီရီရယ်လစ်ဇမ်း
ကို လက်ခံ ရေးသားသော ရာဇဝင် စာအုပ် ၊ မြန်မာ့မျိုး ချစ်စိတ် ကို လှုံ့ဆော်ရန် ရေးသော ရာဇဝင် စာအုပ်၊
တစ်သွေး တစ်သံ တစ်မိန့်ကို လက်ခံအောင် ရေးသော ရာဇဝင် စာအုပ် ၊ အမျိုးမျိုး ရှိသည် ။
ထို့ထက် ကျောင်းသုံးဖြစ် ရန်သာ အဓိကထား၍ ရေးလိုက်သော စာအုပ်များလည်း ရှိနေပါသည် ။ ခေတ်အ
ခါ လိုက်၍ တွင်ကျယ် ကြပါသည် ။ သို့သော် လူတစ်မျိုး ၏ ကောင်းသော အရည်အချင်း ကို အကဲခတ်ကာ
အပိုမပါဘဲ အမှန်ကို မြင် လာအောင် သုတေသနပြု ၍ တင်ဆက် နိုင်လျှင် ပင် ထို လူမျိုး ကို အမွှန်းတင်ရာ
ဂုဏ်ပြုရာ ရောက်သဖြင့် ထိုနည်း ကိုသာလျှင် ကျွန်တော် ကြိုက်ပါသည် ။ တစ်ခါက ရိုင်းစိုင်း ခဲ့သည်။ ယခု
ယဉ်လာသည် ။ အောင်မြင် သည့် အခါလည်း ရှိသည် ။ မအောင်မြင် သည့် အခါလည်း ရှိသည် ။ မရှု မလှ
နိမ့်ကျ သည့် အခါ လည်း ရှိသည် ။ အောင်မြင်ပုံ ကို ကြည့် ၍ ရှေ့တွင် ထို့ထက် အောင်မြင် လာအောင် ၊
တစ်ဆင့် လှမ်း ရပေ မည် ။ နိမ့်ကျ ပုံကို ကြည့်၍ လည်း တစ်ကြိမ် တစ်ဖန် ပြန် မနိမ့်ကျ သွားအောင် သင်
ခန်းစာ ယူနိုင် ကြလျှင် ရာဇဝင် တန်ဖိုး ပြီး ၏ ဟု ထင် ပါသည် ။ အပို စကားဖြင့် အနိမ့် ကို ပို၍ နိမ့်အောင်
သို့မဟုတ် အမြင့် ကို ပို၍ မြင့်အောင် မလှည့်စား သင့် ဟု ဆိုလိုသည် ။
မြန်မာ ရာဇဝင် ကိုရေးသော အင်္ဂလိပ် ရာဇဝင်ဆရာ တို့သည် (၁) မြန်မာဘုရင် ရက်စက် ပုံကို အကျယ်ချဲ့
၍ ရွံ့မုန်းအောင် တစ်ဖက်က ရေးသလို ၊ (၂) အင်္ဂလိပ် အုပ်ချုပ်ရေး ကောင်းပုံ ကို ရှေ့နေ လိုက်ကြသည်။
ယထာဘူတ ကျအောင် အမှန်ကို ရသလောက် ရှာဖွေ၍ တင်ပြ ရမည် ဟူသော ရာဇဝင် ဆရာတို့ လိုက်နာ
ရမည့် ဥပဒေကို လိုက်နာ ပါသည်ဟု တစ်ဖက်က ပြောသော်လည်း မကောင်း သမျှ ကို ရှာ၍ ပုံကြီးချဲ့ လာ
သောအခါ၌ သူတို့၏ စိတ်စေတနာကို မသင်္ကာစရာဖြစ်မိသည်။ ထင်ရှားသော ပုံစံတစ်ခုကို ပြပါမည်။
သံအမတ် အဖြစ်ဖြင့် ၁၈၂၆ - ခု စက်တင်ဘာလ ၁ - ရက် မှစ၍ ၁၈၂၇ - ခု ၊ ဇန်နဝါရီလ ၅ - ရက်နေ့
အထိ မြန်မာနိုင်ငံ၌ ရောက်ရှိ နေသော ဂျွန်ခရောဖို့က ယင်း၏ နေ့စဉ် မှတ်တမ်းတွင် နိုဝင်ဘာလ၂၇
ရက်နေ့ အဖို့ မှတ်တမ်း တင်ရာ၌ မြန်မာများ လက်ရုံးချင်း ပြိုင်၍ ပထမ စစ်ပွဲကို ရှုံးသော်လည်း မာန်
မလျော့ချေ ဟု ရယ်ဖွယ် ပျက်လုံး တစ်ခု ကို ထွင်ထည့် သည် ။ ယင်းကို မှန် - မမှန် ၊ ယုတ္တိ ရှိ - မရှိ
စစ်ဆေးခြင်း မရှိဘဲ ပါမောက္ခ ဒီဂျီအီးဟော က ဥရောပ - မြန်မာ အမည်ရှိ ရာဇဝင်ကျမ်း တွင် ယူ၍
ရေးပြန်သည် ။ ခရောဖို့ က မြန်မာ့ အသရေ ညှိုးအောင် ထွင်သည်ကို ဆရာ ဟော က မစစ် မဆေး
ဘဲ သုံးသော စာပိုဒ် မြန်မာပြန် မှာ ဤသို့တည်း ။
သက္ကရာဇ် ( ၁၁၈၆ - ၈၇ )ခုနှစ်များက တိုင်းတစ်ပါးသား အနောက်နိုင်ငံနေ ကုလားဖြူတို့က ဘုန်း
တော် အလွန်တရာ ကြီးမြတ် တော်မူ လှသော ဘဝ အရှင် ရွှေနန်း သခင် ၏ နိုင်ငံတော် ကို ထိပါး
ရိုင်းပြ လာသည် ။ ရန်ကုန်တွင်သင်္ဘောဆိုက်၍ ရန်ကုန် ကို၎င်း ၊ ပြည်မြို့ ကို၎င်း သိမ်းယူကြသည်။
ရန္တပိုအထိ လက်နက် လူသူ အများနှင့် ကျူးကျော်မိ သည့် တိုင်အောင် စော်ကားခွင့် ရကြ သည်မှာ
သတ္တဝါတို့ အသက်ကို မင်းတရားကြီး ၏ နှမြော စုံမက်ခြင်း နှင့် ကြင်နာ သနားခြင်းတို့ကြောင့်ဖြစ်
ချေမည် ။ လူမျိုးခြား ကုလားတို့ ထိုမျှ ချီတက် လာမိသဖြင့် ငွေကြေး ကြီးစွာ ကုန်ဆုံး လျှက် ရန္တပို
အရောက် တွင် မျိုး ရိက္ခာ ပြတ်လပ် ၍ ဒုက္ခ လှလှကြီး တွေ့ ကြရကား ဘဝ ရှင် မင်းတရားကြီး ထံ
အသနားတော်မြတ် ခံကြသည့် အလျောက် သည်းခံတော်မူလျက် အပြစ်မယူ ၊ ငွေတော်အမြောက်
အမြားပေး၍ လိုရာ အရပ်သို့ ထွက်ခွာ ပြန်သွားခွင့် ပြုလိုက်သည် ။
ယင်းသို့ ဆရာ ဟော က တိုက်ရိုက် ယူ၍ သူရေးသော ကျမ်း တွင် ထည့် လိုက်သည့် အပြင် ထို ကျမ်း
ကိုရေးသား ပုံနှိပ်သော ၁၉၄၅ - ခုနှစ်က တစ် ကမ္ဘာလုံး နာဇီ ဖက်ဆစ် ကို မုန်းတီး ကြလျက် ဟစ်တ
လာ ၏ လက်ရုံးတစ်ဆူ ဖြစ်သော နာဇီဝါဒ ဖြန့်ရာတွင် ပါရဂူ ဖြစ်သည့် ဂိုးဘဲ ၏ အမည်ကိုပင် ဆွဲယူ၍
ဒေါက်တာ ဂိုးဘဲ ပင် ယခု ထက်ပို၍ ပြောင်မြောက်အောင် လိမ် နိုင်မည် မဟုတ်ချေ ဟု မှတ်ချက် ပင်
ထည့်လိုက်သေး၏ ။
မမှန် သတင်း ရေးသူ အင်္ဂလိပ် ဖြစ်ကာ ၊ ခုံသမာဓိ အင်္ဂလိပ်က ယင်းကိုပင် အမှန်ယူ၍ မြန်မာကို ဖက်ဆစ်လူ
လိမ် ဂိုးဘဲ နှင့် နှိုင်းလိုက် သေးသည် ။ တတ်နိုင် ကြပါဘိ ။ ထို့ကြောင့် ၁၉၅၆ - ခု ဘိလပ် ရွှေ မြို့တော် တွင်
ကျင်းပသော အာရှ ရာဇဝင် ဆရာများ ညီလာခံ တွင် မြန်မာ ဟူ၍ မုံရွာသား ဦးတက်ထွတ် နှင့် ရန်ကုန် တက္က
သိုလ် ရာဇဝင်ဋ္ဌာန မှ ဆရာဦးတင်အုန်း တို့တက်ခွင့် ရလျှင် ဦးတက်ထွတ် က ယင်းအမှား ကို အချက် ကျကျ
ချေပပြင်ဆင်ခဲ့ပါသည်။ ဦးတက်ထွတ် ချေပချက်ကား ဤသို့ ဖြစ်၏ ။
မင်း မိန့်နှင့် ရေးသော ရာဇဝင်ကား မှန်နန်းရာဇဝင် ဖြစ်သည် ။ ခရောဖို့ အဆိုအရ မြန်မာ ရာဇဝင်
ဆရာက ပထမ စစ်တွင် မြန်မာတို့ ရှုံး၍ စစ်လျော်ကြေး ပေးရသည်ကိုပင် မဟုတ်မမှန် ပြောင်းပြန်
ဖြစ်အောင် ရေးချေသည် ဟုဆိုလျှင် ထိုအချက် မှန်နန်း တွင်ပါရမည် ။ ခရောဖို့ မှတ်တမ်း၌ ရက်စွဲ
အားဖြင့် ၁၈၂၆ - ခုနှစ်နိုဝင်ဘာလ ၂ - ရက်နေ့တွင် ဤသို့ မြန်မာရာဇဝင်ဆရာက မှတ်တမ်းတင်
သည်ဟု ဆိုသည် ။ စင်စစ် -မှန်နန်း ကို ၁၈၂၉ - ခုနှစ်တွင် မှ ရေးကြသည် ။ ရေးကြသော အခါ၌
ကမ္ဘာ တည် သည်မှ ၁၈၂၀ - ခု အထိသာ ရေး သဖြင့် အင်္ဂလိပ် - မြန်မာ စစ် အကြောင်း တစ်လုံး
တစ်ပါဒ မျှ မပါချေ ။ နောင် မင်းတုန်းမင်း ၏ လက်ထက် ၁၈၆၇ - ခုနှစ် တွင်မှ ဒုတိယမှန်နန်း အ
မည်ဖြင့် ၁၈၂၀ - မှ ၁၈၆၀ ထိ အဖြစ် အပျက်များကို မှတ်တမ်း တင်သော အခါ၌ အင်္ဂလိပ် - မြန်
မာ ပထမ စစ်တွင် မြန်မာ ရှုံး၍ စစ်လျှော်ကြေး ပေးရသည် ဟု မကွယ်မဝှက် မကြွားမဝါ အမှန်အ
တိုင်း ရေးခဲ့သည်။
ဤ အချက်ကို ဦးတင်ထွတ်က တင်ပြခဲ့၏ ။ ဤကဲ့သို့ ဦးတက်ထွတ်က ဖော်ထုတ်လိုက်ရာ ထင်ရှားကြီးကျယ်
သာ အချက် တစ်ချက် ပေါ်လာ၏ ။ ထို အချက်ကို အရှေ့တိုင်း ရာဇဝင် တို့၏ ရာဇဝင်တွင် အလွန် အရေးကြီး
သော အချက် တစ်ချက် ဖြစ်သည်ဟု မှတ်တမ်းတင် ကြရသည် ။ ယင်းအချက်ကား မြန်မာ ရာဇဝင်ကို မြန်မာ
စာမတတ် ၊ မြန်မာ ရာဇဝင် အထောက် အထား နှင့် မညှိ ၊ တစ်ဖက် စကား တစ်ဖက် နား နှင့် ရေးသား ပြော
ဆိုသည်မှာ ရှက်ဖွယ် ဖြစ် ၍ ယင်း သို့ ရေးသားချက် များကို ပြန်လှန် စစ်ဆေးချိန် တန်ပြီဟု မီးနီပြ လိုက်ခြင်း
ပင် ဖြစ်ပါသည် ။ တစ်ဖက် စကား ၊ တစ်ဖက် နားသာ အရေး ယူသည် ကို သုတေသန မခေါ် ၊ ပြင်းစွာ သော
မျိုးချစ်စိတ် ကို ဦးစားပေး ၍ တစ်ဖက်သတ် ရေးသည် ကို ရာဇဝင် မခေါ် ဟူ၍ ပါမောက္ခ ဒီဂျီအီး ဟော ပင်
ကျွန်တော့်ကို အလီလီ သင်ကြား လိုက်ဖူးပါသည် ။ သို့သော် ရာဇဝင် ဆွေးနွေးပွဲတွင် ဆယ်မင်နာ များ၌ အင်္ဂ
လိပ် ဂုဏ်သိက္ခာကို ထိလာလျှင် ပြေပျောက်အောင် ဆရာဟော ရှေ့နေ လိုက်ဟန်ကို ယခုတိုင် မြင်ယောင်မိ
သေးသည် ။ ကျွန်တော်တို့ ဝိဇ္ဇာတန်း မှာ ရာဇဝင် သင်ကြရ စဉ်က ၁၇၇၆ ခုနှစ်တွင် အမေရိကန် နိုင်ငံတော်
ကြီး ကို အင်္ဂလိပ် လက်လွှတ်ရခြင်း ကား စင်စစ် ဝမ်းနည်း စရာ နှမြောစရာ မဟုတ် ။ ယင်းသို့ တစ်ဖက် တွင်
တာဝန် ပေါ့သွား သဖြင့်သာ အရှေ့ဘက်တွင် လာ၍ အိန္ဒိယ လက်နက် နိုင်ငံကြီးကို စနစ်တကျ ထူထောင်နိုင်
ပါသည်ဟု အရှက်ပြေ ထည့်သွင်း ရေးသား လေ့ရှိပုံ အတော် များများ တွေ့ရသည် ကို အမှတ်ပြု မိပါသည်။
ဒုတိယ ကမ္ဘာစစ် အစက မြန်မာနိုင်ငံ ကို ထားရစ် ၍ အင်္ဂလိပ်တို့ အသက် လုကာ ကုလား နိုင်ငံသို့ အရောက်
ပြေးကြ ရစဉ်က အောင်မြင်စွာ ဆုတ်ခွာခြင်း ( Glorious Retreat ) ဟု မှတ်တမ်း တင်၏ ။ မြန်မာ စကား
တွင် ထိုးမည့် ဆင် နောက်ဆုတ်သည် ဟူသော အပြော မျိုးဖြင့် ဂျင်နရယ်-စလင်း ကရှုံးလို့ သာနိုင်သည် -
( Defeat into Victory ) ဟူသော စာအုပ် တစ်အုပ် ရေးပါသေးသည် ။ ဂျင်နရယ် -စလင်း ကိုခြေလွတ်
လက်လွတ် ကြွား သည်ဟု မဆို သာချေ ။ အဘယ်ကြောင့် ဆိုသော် သူတို့ ဂျပန်ကို နောက်ဆုံး နိုင်ခဲ့ သော
ကြောင့်ပင် ဖြစ်ပါသည်။ သို့သော် သူရေးသော ကျမ်းကို အမည် မှည့်ခေါ် ရာ၌ ရှုံး၍သာ နိုင်သည် ဟု အရှုံးကို
ပင် လက်ခမောင်း ခတ် နေသောကြောင့် ကြွားစရာ ရှား သလားဟု မေးချင် စိတ်ပင် ပေါက်မိ ပါသည်။ သူရေး
သော စာအုပ်ကား စင်စစ် အလွန်မှန်ကန်တိကျ ကောင်းမွန်အောင် ရေးသား ထားကြောင်း သက်သေခံလျက်
ရှိပါသည် ။
ဒုတိယ ပိုင်းသို့ - ဆက်ရန် ။
0 comments:
Post a Comment