နှစ်ပေါင်း(၁၅၀၀)ခန့်က ဗုဒ္ဓသာသနာထွန်းကားရာ သရေခေတ္တရာမြို့တော်ဟောင်းမှ ဌာနတိုက်ဖုံး ကျောက်ပြား (ခ)
Credit To >> www.http://sriksetraheritagezone.wordpress.com/
ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ ကုလားကန်ရွာ၏ အနောက်တောင်ဘက် (၃)ဖာလုံးခန့်အကွား၊ သရေခေတ္တရာရှေးဟောင်းမြို့၏ တောင်ဘက်ရှိ ဦးခင်ဘပိုင်ဆိုင်သော ယာမြေအတွင်းမှ တူးဖော်ရှိသည်။ ၁၉၂၆-၂၇ ခုနှစ်အတွင်းမှ တူးဖော်ရရှိခြင်းဖြစ်ပြီး၊ အေဒီ (၆)ရာစုခန့်မှ ပျူခေတ်လက်ရာ ပျူခေတ်လက်ရာ ကျောက်ဆစ်လက်ရာတစ်ခု ဖြစ်သည်။ အတိုင်းအတာမှာ အလျား (၅)ပေနှင့် (၈)လက်မ၊ အနံ (၄)ပေနှင့် (၇)လက်မ၊ အထူ (၅)လက်မ ရှိသည့် သဲကျောက်ပြားတစ်ချပ်ဖြစ်သည်။
သဲကျောက်ဖြင့် ပြုလုပ်ထားသည့် ကျောက်ဆစ်လက်ရာ ကျောက်ပြားကြီးပေါ်တွင် အကြွဖော်ထားသော ဌာပနာတိုက်ဖုံးတစ်ချပ်ဖြစ်သည်။ ထိုကျောက်ချပ်ပေါ်တွင်အကြွဖော်ထားသည့် စေတီပုံသဏ္ဍာန်သည် မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ စေတီများအနက် ရှေးအကျဆုံးစေတီ ပုံသဏ္ဍာန်ဖြစ်သည်။ မှောက်ထားသော ပေါင်းချောင်သဏ္ဍာန် ရှိပြီး၊ ပေါင်းချောင်အပေါ်တွင် ဟာမိက (ခေါ်) ဓါတ်တော်တိုက် ရှိသည်။ ဓါတ်တော်တိုက်အပေါ်တွင် အရွက် (၅)ဆင့်ရှိသော ဆတ္တ၀လီ (ခ) ထီးတော်ကို စိုက်ထူထားသည်။ စေတီပုံ၏ အောက်ခြေတွင် မုခ်ပေါက် (၅)ခုအတွင်း၌ ဈာနမုဒြာဟန်ဖြင့် စံပယ်တော်မူနေသော ဘုရား (၅)ဆူကို ဖူးတွေ့နိုင်ပါသည်။
၎င်းဘုရား (၅)ဆူမှာ ပွင့်တော်မူပြီးကုန်သော ဘုရား(၄)ဆူနှင့် ဘဒ္ဒကမ္ဘာ၌ နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား (၁)ဆူအား ရည်ရွယ်၍ ထုလုပ်ပူဇော်ထားသည်။ စေတီ၏ဘေး၌ ဗြဟ္မာက ဘုရားရှင်အား ထီးမိုးပေးထားပြီး၊ ဘေးနှစ်ဘက်၌ အောင်တံခွန်များ ပါရှိသည်။ စေတီ၏ လက်ယာဘက်၌ “နေ” ပုံသဏ္ဍာန်ပါရှိပြီး၊ လက်ဝဲဘက်၌ “လ” ပုံသဏ္ဍာန် ပါရှိသည်။ ယင်းကျောက်ချပ်ရှိ စေတီတော်ပုံစံသည် အိန္ဒိယပြည်၊ ဆာနတ်အရပ်ရှိအသောကမင်းကြီး၏ ကောင်းမှုတော်ဆံချီစေတီစေတော်ပုံစံမှ ပြောင်းလဲလာခြင်းဖြစ်သည်။ သရေခေတ္တရာ မြို့ဟောင်း အပြင်ဘက်ရှိ ဘောဘောကြီးစေတီ၊ ဘုရားကြီးစေတီနှင့် ဘုရားမာစေတီ တို့၏ ပုံစံမှာလည်း ဤကျောက်ချပ်ရှိ စေတီပုံစံမှ ပြောင်းလဲ လာခြင်းဖြစ်သည်ဟု ယုံကြည်နိုင်သည်။

0 comments:
Post a Comment