Saturday, August 24, 2013

စစ်ကိုင်း ဆင်များရှင် ကျောက်ဝိုင်းဈေး စည်ကားရန် အတွက် ဈေးသူဈေးသားများက လိုလားလျက်ရှိ

Leave a Comment



စစ်ကိုင်း သြဂုတ် ၂၃

ကျောက်စိမ်းပုတီးစေ့များ အများအပြား ထုတ်လုပ် ရောင်းချရာ စစ်ကိုင်းမြို့တွင် ကျောက်မျက်ရောင်း ဝယ်ရေး လုပ်ငန်းများကို စနစ်တကျ ရောင်းဝယ်လုပ်ကိုင်နိုင်ရေး အတွက် ဆင်များရှင် ကျောက်ဝိုင်းဈေး ကြီးကို ဖွင့်လှစ် ပေးခဲ့သော်လည်း ဈေးဆိုင်ခန်းပိုင်ရှင် တချို့က လာရောက်ရောင်းချခြင်း မရှိသည့် အတွက် ကျောက်ဝိုင်းဈေးကြီး စည်ကားရန် လက်ရှိ ဈေးသည်များက လိုလားလျက် ရှိနေကြောင်း စိန်မြင့်မိုရ် ကျောက်မျက် အရောင်းဆိုင် ပိုင်ရှင် ဒေါ်ခင်နှင်းဝေက ပြောကြားခဲ့သည်။

''ဆင်များရှင် ကျောက်ဝိုင်းဈေးကြီးကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် လာရောက်ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ ဆိုင်ခန်းပေါင်း ၁၃ဝ ရှိပါတယ်။ ဆိုင်ခန်း အားလုံးမှာလည်း ပိုင်ရှင်တွေ ရှိကြတယ်။ ဆိုင်ခန်း ၁ဝဝ လောက်က မဖွင့်ဘူး။ နေ့စဉ် ဆိုင်ခန်း ၃ဝ လောက်ပဲ ပုံမှန်ဖွင့်တယ် ဆိုတော့ ဒီဈေးကြီး စည်ကားဖို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြခဲ့သည်။

နေ့စဉ် စစ်ကိုင်းမြို့သို့ ကျောက်မျက်ဝယ်ရန် လာရောက်သူ အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြ ပြီး ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ကျောက်မျက်ပစ္စည်း အတုအပများ၊ အမှားအယွင်းများ မဖြစ်ပေါ်စေရန် အတွက် အာမခံချက်များ ထားရှိနိုင်သည့် ကျောက်မျက်ဈေးကွက်ကြီး ပီပြင်စွာ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အဆိုပါ ဆင်များရှင် ကျောက်ဝိုင်းဈေးကြီးကို တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''တရုတ်တွေက ကျောက် လာဝယ်တဲ့အခါမှာ ကျောက်ဝိုင်းဈေးထဲကို လာပြီး ဝယ်ယူရမယ် ဆိုရင် ဈေးဆစ်ဖို့ ဆိုတာ လိုတာထက် ပိုပြီးတော့ မဆစ်ရဲတော့ဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျောက်ဝိုင်းဈေး ဆိုတာ အခြေတကျ ဆိုင်ခန်းနဲ့ အခိုင်အမာ ရောင်းဝယ်တာ ဖြစ်တဲ့အတွက် အာမခံချက် အပြည့်အဝ ရှိပါတယ်။ ပျံကျ ကျောက်ဈေးတွေ ဆိုတာကတော့ မကြာခဏလည်း ရောင်းမှားဝယ်မှားတွေ ဖြစ်ကြပါတယ်'' ဟု ကျောက် လုပ်ငန်းရှင် ဦးစောလှနွယ်က ပြောကြားခဲ့သည်။

စစ်ကိုင်းမြို့ကြီး၌ နေ့စဉ် ကျောက်မျက်ရောင်းဝယ်ရာတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးနှင့် အာမခံချက် အပြည့်အဝ ထားရှိနိုင်ရန် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် အညီ ဆင်များရှင်ကျောက် ဝိုင်းဈေးကြီးကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ကျောက်မျက် စီးပွားရေး လုပ်ငန်းရှင် တချို့သည် အဆိုပါ ကျောက်ဝိုင်းဈေးကြီးသို့ လာရောက်ရောင်းချခြင်း မပြုဘဲ ပျံကျ ကျောက်မျက်ဈေးကွက် များသို့ သွားရောက် ရောင်းချနေခြင်းမှာ ဒေသတွင်း အာမခံချက်ရှိသည့် ကျောက်မျက်ဈေးကွက် ပီပြင်စွာ ဖြစ်ပေါ်လာရေး အတွက် များစွာ အနှောင့်အယှက် ဖြစ်ပေါ်နေရကြောင်း စစ်ကိုင်း ကျောက်မျက် လုပ်ငန်းရှင်ကြီးများ အသင်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

''ပြည်တွင်း၊ ပြည်ပ ကျောက်မျက် ဝယ်ယူသူတွေကို အာမခံချက် အပြည့်အဝ ပေးနိုင်တာက ဆင်များရှင် ကျောက်ဝိုင်းဈေးပဲ ဖြစ်ပါတယ်။ ဒီ ကျောက်ဝိုင်းဈေးကြီး စည်ပင်ဖွံ့ဖြိုးဖို့ ဆိုရင် အခွန်ရှောင် ပျံကျကျောက် ဝိုင်းဈေးတွေကို သက်ဆိုင်ရာမှ တားမြစ်ပြီး သူတို့အားလုံးကို တရားဝင် ကျောက်ဝိုင်းဈေး အတွင်း အရောက် ပို့ပေးသင့်ပါတယ်'' ဟု KSM ကျောက်မျက် လုပ်ငန်းရှင် ဦးဆန်းဝင်းမိုးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Facebook Like Page