သစ်ကိုင်းနှင့်လူ" (တောကျောင်းဘုန်းကြီး)
"သစ်ကိုင်းနှင့်လူ" (တောကျောင်းဘုန်းကြီး)
=======================
၂၊ ၅၊ ၂၀၀၈ မှာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးနဲ့ ပတ်သက်ပြီး
စာနယ်ဇင်းတွေမှာရေးသားခဲ့ကြတဲ့ ခံစားမှုစာတွေကို
ပေါင်းစည်းထားတဲ့စာအုပ်တစ်အုပ် ထွက်လာပါတယ်။ မုန်တိုင်းနှင့်လူ။
စာရေးဆရာပေါင်းလေးဆယ်ရဲ့ စာတွေပါဝင်တယ်။ နှင်းဝေနေဝင်းစာပေက ထုတ်ဝေတယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ စာရေးဆရာတွေက စာမူခလုံးဝမယူကြဘူး။ ထုတ်ဝေသူဖြစ်တဲ့ ကိုနေဝင်းအောင်(ဂရပ်ဖစ်)နဲ့ ဆရာမနှင်းဝေငြိမ်းတို့အဖွဲ့က မတည်ငွေအတော်များများထည့်ဝင်တဲ့အပြင် စာအုပ်ဖြစ်မြောက်ရေးအတွက် အပင်ပန်းခံကြိုးစားဆောင်ရွက်ခဲ့ကြတယ်။
စက္ကူဖိုး၊ ဖလင်ရိုက်ခ၊ မျက်နှာဖုံးနဲ့အတွင်းပုံနှိပ်၊ စာအုပ်ချုပ်၊
ဖြန့်ချိရေး စတဲ့ကိစ္စတွေမှာလည်း ဈေးလျှော့ယူကြ၊ အခမဲ့ဆောင်ရွက်ပေးကြနဲ့
အားတက်သရော ကူညီကြပါတယ်။
ဒါကြောင့် ဒီစာအုပ်ဟာ အခုလိုသပ်ရပ်ခံ့ညားစွာ
ထုတ်ဝေနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ စာအုပ်ရောင်းရငွေအားလုံး (အရင်းရော အမြတ်ပါ)
နာဂစ်လေဘေးဒဏ်သင့်ခဲ့သူတွေကို ကူညီထောက်ပံ့သွားမယ်လို့လည် သိရပါတယ်။
* * *
နာဂစ်ပြီးခါစမှာပဲ မုန်တိုင်းနဲ့ ပတ်သက်တဲ့အတွေးအမြင်လေးတွေကို အလင်းတန်းဂျာနယ်မှာ ခြောက်ပတ်ဆက်တိုက်ရေးဖြစ်ခဲ့ပါတယ်။ အဲဒီစာတွေကို လူသိထင်ရှားရှိခဲ့ပြီးဖြစ်တဲ့ကလောင်နာမည်ကို မသုံးဘဲ တက္ကသိုလ်မှာတုန်းက ကဗျာတွေရေးရာမှာ အသုံးပြုခဲ့တဲ့ 'တောကျောင်းဘုန်းကြီး'ဆိုတဲ့ အမည်ကိုပဲ သုံးခဲ့ပါတယ်။
အကြောင်းကတော့ ကိုယ့်ကလောင်နာမည်ကို တချို့က ဟာသ၊ သရော်စာနဲ့တွဲပြိး
အသိအမှတ်ပြုထားကြတယ်။ ကိုယ်ရေးရင် ရယ်ရမှာပဲလို့မျှော်လင့်ထားကြမှာစိုးတယ်။
ကိုယ်ကလည်း နည်းနည်းဖြစ်ဖြစ် ဖောက်လိုက်ရမှ ကျေနပ်တာကိုး။ ပြီးတော့လည်း
အဲဒီအချိန်ပိုင်းတုန်းက ပေါက်ကရတွေလျှောက်ရေးနေမိတော့ တကယ်အတည်ရေးတဲ့အခါ
မယုံရင်ခက်မယ်။ ဒါ့အပြင် လေဘေးကယ်ဆယ်ရေးနဲ့ပက်သက်ပြီး အရေးပါတဲ့အခန်းက
ပါဝင်ဆောင်ရွက်ခဲ့တဲ့ သံဃာတော်တွေကိုဂုဏ်ပြုချင်တာကလည်း တစ်ကြောင်းပေါ့။
မုန်တိုင်းနှင့်လူ စာအုပ်မိတ်ဆက်ခြင်းနဲ့စာမူရှင်တွေကိုဂုဏ်ပြုခြင်းအမှတ်တရပွဲကို မစ္စတာဘရောင်းမှာ ၂၇၊ ၁၂၊ ၂၀၀၈ နေ့က ကျင်းပခဲ့တယ်။ ကိုယ်လည်း စာမူအလှူရှင်တစ်ယောက်အနေနဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်မှာကိုယ့်စာမူခြောက်ပုဒ်ပါတယ်။
စာမူအရေအတွက်ရော စာမျက်နှာရော အများဆုံးပဲလို့ ဂုဏ်ယူစရာပဲ။
တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ကိုယ်ဟာ လေအများဆုံး။
ကိုယ့်ဟာကိုယ်ထွင်ထားတဲ့စကားလုံးအရဆိုရင် NIB SERVICE (ကလောင်လောကွတ်)အများဆုံးလူဖြစ်နေတာပေါ့။
ဟုတ်လည်းဟုတ်ပါရဲ့။ လေဘေးကယ်ဆယ်ရေးနဲ့ပတ်သက်ရင် ကိုယ်ဟာ ဆော်ဩသူသက်သက်ပါပဲ။ အလှူပစ္စည်းတွေလက်ခံထိန်းသိမ်းပေးရုံ၊ လှူမယ့်သူနဲ့ သွားပို့ပေးမယ့်လူကိုဆက်သွယ်ပေးရုံ၊ ကိုယ်တိုင်သွားလှူချင်တဲ့သူကို လမ်းကြောင်းချိတ်ဆက်ပေးရုံလောက်ကလွဲပြီး ဘာမှ ထိထိရောက်ရောက် ကူညီနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒီစာမူလေးခြောက်ပိုင်းသာမယ်မယ်ရရရှိခဲ့တာပါ။
တုတ်ဝေတုန်းက ဘယ်ချောင်ရောက်နေမှန်းမသိဘဲ မုန့်ဝေတော့မှ ရှေ့ဆုံးမှာလာတန်းစီတဲ့လူမျိုးဆိုရင် ကိုယ်ကသိပ်ကြည့်လို့ရတာမဟုတ်ဘူး။
သရော်လှောင်ပြောင်ချင်တယ်။ ကိုယ်တိုင်လည်း ဒါမျိုးဖြစ်မှာစိုးလို့
နောက်ဆုံးခုံတန်းမှာပဲ စာရေးဆရာတချို့နဲ့အတူ
ခပ်ကုပ်ကုပ်ဝင်ထိုင်နေလိုက်တယ်။
ဒီစာအုပ်ထဲမှာ
စာမူအများဆုံးပါတဲ့လူမို့လို့ အမှတ်တရစကားပြောသင့်တယ်လို့ နှင်းဝေငြိမ်းက
လာပြီးတိုက်တွန်းတော့လည်း 'မပြောဘူး'လို့ငြင်းလွှတ်လိုက်တယ်။
ဒါပေမယ့် အခမ်းအနားမှူးလုပ်တဲ့ ဆရာဆောင်းဖြူက
ကိုယ့်နာမည်ကိုကြေညာလိုက်တော့ မပြောဘဲနေလို့မရတော့ဘူး။ ဘာပြောမယ်လို့
ကြိုတင်စဉ်းစားထားတာလည်းမရှိတော့ စိတ်ထဲခံစားမိတာလေးကိုပဲ ငါးမိနစ်လောက်အကျဉ်းချုံးပြောလိုက်ရတယ်။ (ကိုယ့်ရုပ်နဲ့ကိုယ့်အသံကိုလည်း ကိုယ့်ဘာသာ သိပ်သဘောမတွေ့လို့ စင်ပေါ်တက် စကားမပြောဖြစ်ခဲ့တာ ကြာပါပြီ။)
* * *
ပွဲလေးကတော်တော်လှပါတယ်။ တက်ရောက်လာတဲ့ စာပေသမားတွေအားလုံး
အခမ်းအနားအပေါ်တလေးတစားနဲ့ သေသေဝပ်ဝပ်ရှိကြပါတယ်။ ပွဲစီစဉ်သူတွေဖြစ်ကြတဲ့
နေဝင်းအောင်၊ နှင်းဝေငြိမ်း၊ ကိုရွှေအောင်သင်း၊ လွမ်းဝေခိုင်၊ သျှီသူအောင်၊
ဆောင်းဖြူ စတဲ့အဖွဲ့သားတွေလည်း ကျေနပ်ပီတိတွေဖြာနေတဲ့မျက်နှာတွေနဲ့။ နေဝင်းအောင်နဲ့ နှင်းဝေငြိမ်းတို့လင်မယားတက်ကြွနေပုံများ ဒုတိယအကြိမ်မင်္ဂလာဧည့်ခံပွဲကျင်းပနေသလားထင်ရတယ်။
ဒီပွဲမှာထူးခြားပြီး အလွန်လှပတဲ့စိတ်ကူးလေးတစ်ခုကိုလည်း
အကောင်အထည်ဖော်ခဲ့ကြတယ်။ စာမူအလှူရှင်စာရေးဆရာတွေကို အမှတ်တရ
ဂုဏ်ပြုလက်ဆောင်အဖြစ် ရွှေရောင်ဆေးသုတ်ထားတဲ့ သစ်ကိုင်းခြောက်ကလေးတွေ
ပေးအပ်ချီးမြှင့်ခဲ့ခြင်းပါပဲ။
သစ်ကိုင်းခြောက်ဆိုလို့ နှယ်နှယ်ရရတော့မမှတ်လိုက်ကြနဲ့။ ရန်ကုန်မြို့တက္ကသိုလ်ကျောင်းဝင်းထဲက နာဂစ်ဒဏ်ကြောင့် လဲပြိုခဲ့ရတဲ့ သစ်ပင်တွေရဲ့ အကိုင်းအခက်တွေကို အပင်ပန်းခံစုဆောင်းထားခဲ့ရတာတဲ့။ ဒီအချက်ကိုက တန်ဖိုးကို ထိုးတက်သွားစေခဲ့ပါတယ်။
သစ်ကိုင်းလေးတွေဟာ တစ်ခုနဲ့တစ်ခုပုံစံမတူကြဘူး။ ဒါဟာ သိပ်သဘာဝကျပါတယ်။ တက်ရောက်လာတဲ့စာရေးဆရာတွေဟာလည်းတစ်ယောက်နဲ့ တစ်ယောက် အယူအဆချင်းမတူနိုင်ကြဘူးလေ။ ဒါပေမယ့် လူသားချင်းစာနာတတ်တဲ့စိတ်ဓာတ်ချင်းတော့ တစ်ထပ်တည်းပဲဆိုတာ မုန်တိုင်းနဲ့လူ စာအုပ်ကို သက်သေပြနိုင်ခဲ့ပါပြီ။
စာပေသမားတွေဟာ အမှတ်တရဂုဏ်ပြုလက်ဆောင်လေးတွေကို
အကယ်ဒမီရွှေစင်ရုပ်တုလိုပဲ တန်ဖိုးထားကြတယ်။ (ဒီလိုအကယ်ဒမီမျိုးကိုတော့
နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းမယူပါရစေနဲ့လို့ ကြိတ်ပြီးဆုတောင်းမိတာလည်း
အမှန်ပါပဲ။)
ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ သူတို့ဟာ
ရွှေဝါရောင်သစ်ကိုင်းလေးတွေကို အမြတ်တနိုး တယုတယပွေ့ပိုက်ထားကြတယ်။
သူတို့ကို ကြည့်ရတာ အောင်ပွဲရဘောလုံးသမားတွေ
လည်မှာဆွဲထားတဲ့ဆုတံဆိပ်လေးတွေကို အရိပ်တကြည့်ကြည့်ရှိနေပုံနဲ့ သိပ်တူတာပဲ။
အမှန်စင်စစ်တော့ ဒါဟာ ချန်ပီယံဆုမဟုတ်ပါဘူး။ 'အသန့်ရှင်းဆုံးဆု'သာဖြစ်ပါတယ်။
အပ္ပမာဒေန၊ သမ္ပာဒေထ
မမေ့လျော့ မပေါ့ဆကြကုန်နှင့်။
-----------------------------
တောကျောင်းဘုန်းကြီး
၅-၁-၂၀၀၉၊
အလင်းတန်းဂျာနယ်
0 comments:
Post a Comment