ကျနော်တို့ ပုသိမ်မြို့ အမှတ် - (၇) ရပ်ကွက် (ဧရာမင်း ရာမညရပ်ကွက်) က မှာ
ဖြစ်နေတဲ့အခြေအနေတွေကို ရင်ဖွင့် ပြောကြားပါရစေ။
ကျနော်တို့ရာမညရပ်ကွက်၊ လမ်းမကြီး (၃) လမ်း၊ လမ်းသွယ် (၇) ထဲမှာ
လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတည်းက ရပ်ကွက်သားတွေအသုံးပြုနေတဲ့
ထရန်စဖော်မာတလုံး ရှိပါတယ်။ အဲဒီထရန်စဖော်မာကို အသုံးပြုနေတဲ့
မီတာအသုံးပြုသူ (၅၀၃) ဦးရှိပြီးတော့ ထရန်စဖော်မာကို လူမနေတဲ့မြေကွက်ထဲမှာ
သီးသန့်ထားရှိခဲ့တဲ့အတွက် ရပ်ကွက်သားများ လျှပ်စစ်အန္တရာယ် မစိုးရိမ်ခဲ့ရပါ။
ယခုအခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
ရပ်ကွက်မီးလင်းရေးကော်မတီတို့ဟာ အမှတ် (၇) ရပ်ကွက်နဲ့သက်ဆိုင်တဲ့
မြို့နယ်လျှပ်စစ်ဓာတ်အားပေးဌာနက နယ်မြေတာဝန်ခံ ၀န်ထမ်းများနဲ့
ပူးပေါင်းပြီးတော့ သီးသန့်မြေကွက်နဲ့ထားတဲ့ ထရန်စဖော်မာကို
လူသွားလူလာများတဲ့ လမ်းမကြီး (၃) လမ်းနဲ့ လမ်းသွယ် (၇) လမ်းထောင့်ကို
ရွှေ့ပြောင်း ပစ်ခဲ့ပါတယ်။
အဲဒီလိုရွှေ့ပြောင်းဖို့ကို
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲကပြည်သူများကို
အသိအပေးအကြောင်းကြားခြင်း၊ သဘောထားဆန္ဒတောင်းခံခြင်း လုံးဝမရှိဘဲ
သူ့သဘောနဲ့သူ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။
ထရန်စဖော်မာရွှေ့ဖို့အတွက်လည်း မီတာအသုံးပြုနေသူ (၅၀၃) ဦးဆီကနေ
တအိမ်ထောင်ကို ငွေကျပ် (၂၀၀၀) နှုန်း ကောက်ခံပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မထည့်ဝင်နိုင်တဲ့လူတွေကို
“တိုင်ကြားသူရှိတဲ့အတွက် လာရောက်ဖြေရှင်းပါရန်” ဆိုတဲ့ စာပို့ပြီး
ရပ်ကွက်ရုံးကိုစာနဲ့ဆင့်ခေါ်ပြီးတော့ တာဝန်ကျရဲဝန်ထမ်း၊
အရံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး အာဏာနဲ့ခြိမ်းခြောက်ပြီး
ငွေကောက်ပါတယ်။
အခုဆိုရင် လျှပ်စစ်ဗို့အားများတဲ့
ထရန်စဖော်မာဟာ လူသွားလူလာများတဲ့ လမ်းဆုံ လမ်းခွမှာ တည်ရှိနေတာကြောင့်
ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ ကျောင်းသား ကျောင်းသူတွေ
လျှပ်စစ်အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေရပါတယ်။
မြေနေရာမရှိလို့ လမ်းဘေးမှာထားရတယ်ဆိုရင် ကျနော်တို့လက်ခံနိုင်ပါတယ်။
အခုဟာက သူ့ဘာသာ သီးသန့်မြေကွက်နဲ့ထားတဲ့ ထရန်စဖော်မာကို မဆီမဆိုင်
လမ်းဆုံလမ်းခွကို အုပ်ချုပ်ရေးမှူးက ရွှေ့ပစ်လိုက်တာကို ကျနော်တို့
မကျေနပ်ပါဘူး။
သီးသန့်မြေကွက်ထဲက ထရန်စဖော်မာကို
ရွှေ့ပြောင်းရတာဟာ တကယ်တော့ အဲဒီမြေကွက်ကို တနည်းနည်းနဲ့ကိုယ်ကျိုးရှာ
အမြတ်ထုတ်ဖို့ရည်ရွယ်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဘာလို့ဆိုတော့
တခြားရပ်ကွက်တွေမှာ လွတ်နေတဲ့ရပ်ကွက်ပိုင်မြေတွေကို အုပ်ချုပ်ရေးမှူးတွေက
ရောင်းစားပြီး ကိုယ်ကျိုးရှာခဲ့တဲ့သာဓကတွေ ရှိပါတယ်။
ဒါကြောင့် အများပြည်သူနဲ့သက်ဆိုင်တဲ့ ထရန်စဖော်မာကို ကိုယ့်သဘောနဲ့ကိုယ်
လမ်းဘေးကို ရွှေ့ပြစ်ခြင်း၊ ထရန်စဖော်မာရွှေ့ဖို့အတွက်
အာဏာအလွဲသုံးစားပြုလုပ် ခြိမ်းခြောက်ပြီး
ငွေကြေးကောက်ခံခြင်းများပြုလုပ်ခဲ့တဲ့ အမှတ် (၇)
ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာကနေ လိုအပ်သလိုအရေးယူပေးပါရန်
တင်ပြတိုင်ကြားအပ်ပါတယ်။
အမှတ် (၇) ရာမညရပ်ကွက်သားများ
ပုသိမ်မြို့။
0 comments:
Post a Comment