Wednesday, February 24, 2016

ဖိုးဦးတောင်စေတီသို့ အလှူလာလုပ်သည့် မှန်လုံယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးသေဆုံး ကျန်လူများ ဒဏ်ရာအသီးသီးရရှိခဲ့

Leave a Comment




ဖိုးဦးတောင်စေတီသို့ အလှူလာလုပ်သည့် မှန်လုံယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးသေဆုံး ကျန်လူများ ဒဏ်ရာအသီးသီးရရှိခဲ့



ပြည်၊ဖေဖော်ဝါရီ၊၂၄





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စုအတွင်းရှိ ဖိုးဦတောင်စေတီတော်မြတ်ကြီးသို့ ရန်ကုန်မြို့မှာနေထိုင်သည့် ဘိုးတော်အောင်မောင်း ဦးစီးလိုက်ပါလာသော HYUNDAR COUNTY MINI BUS အမျိုးအစား အစိမ်းရောင်  မှန်လုံယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၄-ရက်နေ့ နံနက်စောစော ၁၂း၃၀ ချိန်ခန့်က ဖိုးဦးတောင်မှ အလှူလုပ်ပြီးအပြန် ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်းသိရသည်။



အဆိုပါ ဘိုးတော်အောင်မောင်း ဦးစီးလိုက်ပါလာသည့် ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွေမှာ လာရောက်၍ ဘုရားဖူးလာပြည်သူများအား ထမင်းဟင်းကြွေးခြင်းများပြုလုပ်ခဲ့ကြတာဖြစ်ပြီး တပို့တွဲလပြည့်ည ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁၁း၃၀ အချိန်ခန့်မှ ဖိုးဦးတောင်ပေါ်မှ အဆိုပါကားဖြင့် ပြန်လည်ဆင်းသွားရာ ကားဘရိတ်ပေါက်၍ ထိုနေ့ည  ၁၂-ကျော်အချိန်ခန့်မှာ ယခုလိုချောက်ထဲထိုးကျခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးသေးဆုံး၍ ကျန်လူများဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းသိရသည်။



“  ကျွန်တော်တို့ကတပို့တွဲလပြည့်နေ့ ဖိုးဦးတောင်ပေါ်မှာ  မှော်ဘီအဘဖြူနဲ့ထမင်းနဲလှူပြီး ညပိုင်းပုတီးစိတ်ဗေဒင်တွက်နေတုန်း ကျွန်တော်တို့နားက အဲဒိအဖွဲ့တောင်အောက်ဆင်းသွားတာ။အချိန်က ည ၁၁း၃၀လောက်ရှိပြီး နာရီဝက်လောက်ကြာတော့ တောင်ပေါ်ကိုဖုန်းဝင်လာတယ်။ဘိုးတော်အောင်မောင်းဦးစီးပါလာတဲ့ ကားချောက်ထဲကျတယ်။ကယ်မယ့်သူမရှိဘူးလို့ ချောက်ထဲထိုးကျသွားတဲ့ ကားပေါ်ပါသွားပြီးနည်းနည်းသက်သာတဲ့သူက ဖုန်းလှမ်းဆက်တာနဲ့ ကျွန်တော်တို့တောင်အောက်ကိုအပြေးအလွှားဆင်းသွားတယ်။ တောင်အောက်ရောက်တော့ ဖိုးဦးတောင်အကွေ့မှာ ကားကြီးက ချောက်ထဲထိုးကျနေတာတွေ့ရတယ်။ကယ်ပါ။ကယ်ကြပါနဲ့အားလုံးအော်ဟစ်အကူအညီတောင်းနေသံကြားရတယ်။ကားချောက်ထဲထိုးကျသွားတဲ့နေရာအနီးမှာရှိတဲ့ ရွာသစ်ကရွာသားတွေနဲ့ကျွန်တော်တို့တွေ လူတွေကယ်ထုတ်ကြတယ်။ခြေကွဲဒူးပြဲ လက်ကွဲတွေအများကြီးဖြစ်နေတာတွေလည်းရှိတယ်။ အမျိုးသမီးနှစ်ယောက်လောက်က သတိလစ်သလိုဖြစ်နေတယ်။ဆယ်မိနစ်လောက်အကြာမှာ ရွာသစ်ကလူတွေရယ်၊ရွာသာယာနဲ့ စစ်တ၀င်းကဒေသခံတွေလာလို့ ပိုမိုမြန်ဆန်စွာ ကယ်ထုတ်နိုင်တယ်။နောက်ဆုံးဆံတော်မီးသတ်ရဲဘော်တွေနဲ့ မီးသတ်ကားရောက်လာတယ်။ ရဲတပ်သားနှစ်ယောက်လောက်ထပ်ရောက်လာတယ်။အဲဒိချောက်ထဲကနေ ကယ်တင်ပြီး သရက်တောဘုန်းကြီးကျောင်းနားကို သယ်ယူနေချိန်မှာ အမျိုးသမီးတစ်ဦးဆုံးသွားတာသိလိုက်ရတယ်။” ဟု ကားပေါ်မှလူနာများအား ကူညီကယ်တင်ပေးခဲ့သူ ကိုမျိုးကြည် ကပြောသည်။



အဆိုပါ ချောက်ထဲထိုးကျသည့် မှန်လုံယဉ်ပေါ်တွင် လိုက်ပါစီးနှင်းလာသူ ၃၀-ခန့်ပါရှိခဲ့ပြီး ချောက်ထဲထိုးကျမှုကြောင့် ဦးခေါင်း၊ခြေ၊လက်တို့တွင် ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြကာ မဥမ္မာနိုင် ဆိုသည့်အမျိုးသမီးတစ်ဦးမှာ သရက်တောဘုန်းတော်ကြီးကျောင်းအနီးတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။



“ကားက ဖိုးဦးတောင်ကွေ့မှာချောက်ထဲကျခဲ့တာ။ ဘရိတ်ပေါက်တယ်လို့တော့ပြောသံကြားတယ်။အမျိုးသမီးတစ်ဦး တောင်ခြေကိုပြန်သယ်ယူအပြီးမှာဆုံးသွားတယ်လို့သိရတယ်။ကားအောက်မှာရောက်နေတဲ့ လူသုံးဦးလောက်ကိုတော့ မနည်းကယ်တင်ခဲ့ရတယ်။ကျွန်တော်တို့လည်း ကားမှောက်လို့ ကယ်ပါလို့အော်သံတွေကြားတာနဲ့အပြေးအလွှားသွားကယ်ကြတာ။ကလေးတွေလည်းပါတယ်။ ကလေးတွေကတော့ ဘာမှထိခိုက်ဒဏ်ရာမတွေ့ရဘူး။တော်တော်များများကားပေါ်ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာပေါက်ပြဲတာတွေမြင်ခဲ့ရတယ်။ကံကောင်းတာက ချောက်ထဲက ကုန်းအပုလေးပေါ်မှာကားထိုးကျပြီးတင်နေခဲ့တာ။နည်းနည်းလေးဒီထက်အရှိန်ပြင်းတာနဲ့ မြစ်ထဲအထိချောက်ကတန်းနေအောင်ကျသွားနိုင်တယ်။” ရွာသစ်ဒေသခံ လူနာများအားသွားရောက်ကယ်တင်ခဲ့သူ တစ်ဦးကပြောသည်။



အဆိုပါ ယာဉ်ပေါ်တွင်ပါရှိလာသူသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ပြည်မြို့ဆေးရုံးကြီးသို့ အရေးပေါ်လူနာယဉ်များဖြင့်ပို့ဆောင်လာခဲ့ကြပြီး အဆိုပါယာဉ်ချောက်ထဲထိုးကျမှုနှင့်ပတ်သက်ပြီး HYUNDAR COUNTY MINI BUS အမျိုးအစား အစိမ်းရောင်   YGN-5K/7453 မှန်လုံယာဉ်ကား ယဉ်မောင်း ကိုမောင်ဇော် လူသေဆုံး၊ဒဏ်ရာရရှိခဲ့ကြသဖြင့် ယာဉ်မအားမဆင်မခြင်မောင်းနှင်ပြီးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်နေမှုများကြောင့် ဥပဒေအရအရေးယူရန် အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ်ကျော်စိုးဦး က တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်းသိရပြီး ယာဉ်မောင်း မောင်ဇော်အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများ ဆက်လက်စုံစမ်းရှာဖွေစစ်ဆေးလျှက်ရှိနေပြီး အဆိုပါယာဉ်မောင်းအား ယာဉ်(ပ) ၉/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ တို့ဖြင့် ပန်းတောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းတောင်းမြို့မရဲစခန်း တာဝန်ရှိသူများထံကသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019





0 comments:

Post a Comment

Facebook Like Page