Monday, January 18, 2016

ဖုန်းတိုင်စိုက်ထူမည့်ဘေးအနီးအနားတွင်နေထိုင်သည့်သူများက ဖုန်းတိုင်မစိုက်ထူးရန်ကန့်ကွက် ဆက်လက်လုပ်ကိုင်နေပါက ဆန္ဒထုတ်ဖော်သွားမည်ဟုဆို

Leave a Comment

ဖုန်းတိုင်စိုက်ထူမည့်ဘေးအနီးအနားတွင်နေထိုင်သည့်သူများက ဖုန်းတိုင်မစိုက်ထူးရန်ကန့်ကွက် ဆက်လက်လုပ်ကိုင်နေပါက ဆန္ဒထုတ်ဖော်သွားမည်ဟုဆို



ပန်းတောင်း ဇန်န၀ါရီ ၁၈



ကျေးရွာအတွင်းဖုန်းတိုင်စိုက်ထူးမည်ဖြစ်သောကြောင့် ကျေးရွာအတွင်းနေထိုင်သူများ နှင့် ဖုန်းတိုင်စိုက်ထူမည့်ဘေးအနီးအနားတွင်နေထိုင်သည့်သူများက ဖုန်းတိုင်မစိုက်ထူးရန်ကန့်ကွက်နေမှုကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကရင်စု ကျေးရွာမှာဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။



အဆိုပါဖုန်းတိုင်စိုက်ထူရန်အတွက် ၂၀၁၆ နှစ်စပိုင်းရက်တွေမှာစတင်ခဲ့တာဖြစ်ပြီး  ဇန်န၀ါရီ ၁၂ ရက်မှာ ဒေသခံ ၅၀-ခန့်လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအထိ တိုင်ကြားစာပေးပို့ခဲ့ကြောင်းသိရသည်။



“ဦးလေးမှာ နှလုံးရောဂါ နဲ့ သွေးတိုးရောဂါတွေရှိတယ်။ တစ်လတစ်ခါ ပြည်မြို့က ပါရမီရှင်ဆေးရုံကြီးမှာ ဆေးတွေသွားယူနေရတယ်။ ဖုန်းတိုင်းစိုက်ထူးမဲ့ နေရာနဲ့ ဒုတိယအနီးဆုံးလူက ဦးလေးတို့မိသားစုနေတဲ့နေရာ။ကျန်းမာရေးလဲမကောင်းဘူး။ ကလေးတွေအတွက်စိုးရိမ်တယ်။ပိုက်ဆံမရလို့မဟုတ်ပါဘူး။ကျန်းမာရေးအရကန့်ကွက်တာပါ။ဖုန်းတိုင်စိုက်ထူမယ့်ကိစ္စကို ခြံရှင်နဲ့ ဖုန်းတိုင်စိုက်မယ့်သူတွေ သူတို့ဘာသာသူတို့စီစဉ်ကြတာ။ အနီးအနားနေသူတွေကို ဘာမှအသိပေးလက်မှတ်ရေးထိုးခိုင်းတာမရှိပါဘူး။” ဟု ကရင်စုကျေးရွာနေထိုင်သူ ဦးရွှေကြီးကပြောသည်။



အဆိုပါဖုန်းတိုင်စိုက်ထူရန်အတွက် ပထမအကြိမ် ကုပ္ပဏီတစ်ခုမှကြိုးစားခဲ့သော်လဲ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းတိုင်စိုက်ထူရန် ရပ်တံ့ခဲ့ရပြီး ယခုဒုတိယအကြိမ်မှာတော့ နောက်ထပ်ကုပ္ပဏီတစ်ခုမှ တာဝန်ယူတည်ဆောက်သွားမှာဖြစ်ပြီး စက်ယန္တရားများအသုံးပြုကာ ဖုန်းတိုင်စိုက်ထူရန် ဖောင်ဒေးရှင်း(မြေကျွင်းအကြီး)တူးနေလျှက်ရှိကြောင်းသိရသည်။



“ဘာဖုန်းတိုင်စိုက်မလဲတော့မသိပါဘူး။ကျွန်တော်တို့က သတ်မှတ်ထားတဲ့စည်းကမ်းတွေချိုးဖောက်ရင်တော့ ချိုးဖောက်သလိုဆောင်ရွက်သွားမှာပါ။တိုင်ကြားလာတဲ့နေရာတွေကိုတော့ ပြန်လည်စီစစ်ရတော့မှာပေါ့။ဖုန်းတိုင်စိုက်ထူမယ့်နေရာအနီးအနားနေထိုင်သူတွေ လက်ခံရင် ကျွန်တော်တို့က ကန့်ကွက်ရန်ပါဘူးလို့တင်ပြတယ်။ ဖုန်းတိုင်အနီးအနားနေထိုင်သူတွေက လက်မခံရင်တော့ ကန့်ကွက်တယ်လို့ အထက်ဌာနတွေကိုတင်ပြပေးရပါတယ်။ တားမြစ်ပိုင်ခွင့် ပိတ်ပင်ပိုင်ခွင့်မရှိပါဘူး။ကျန်းမာရေးဌာနတွေနဲ့တော့ သဘောထားမှတ်ချက်ယူရတာပေါ့။အဓိက ဖုန်းတိုင်နားနေထိုင်မည့်သူတွေအဆင်ပြေရင် လက်ခံတယ်။အဆင်မပြေရင်လက်မခံဘူး။”ဟု ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဌေး ကပြောသည်။



အဆိုပါ ပန်းတောင်းမြို့နယ် ခတ္ထိယအုပ်စု ကရင်စုကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ယခုလိုဖုန်းတိုင်စိုက်ထူရန် မြေကျွင်းတူးဖော်နေမှုကို ဖုန်းတိုင်အနီးနာနေထိုင်သည့်ဒေသခံများက ဖုန်းတိုင်ဖြစ်ပေါ်လာပါက နေ့စဉ်ကျန်းရေးထိခိုက်တယ်ဟူ၍  ၀ိုင်းဝန်းကန့်ကွက်ခဲ့ရာ ဖုန်းတိုင်စိုက်ထူရန်ကိစ္စများ ရပ်နားပေးခဲ့ကြရပြီး ယခုအခါတွင် မိမိတို့ကျေးရွာအတွင်းလာရောက်၍ ဖုန်းတိုင်စိုက်ထူရန် မြေကျွင်းများတူးဖော်နေမှုအား နေ့စဉ်ကျန်းမာရေးအရ ကန့်ကွက်လျှက်ရှိရာ သက်ဆိုင်ရာဌာနများသို့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကတိုင်ကြားထားခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေမှုများရှိနေပြီး ယခုတစ်ကြိမ် မီဒီယာများထံမှတဆင့် နိုင်ငံတော်အကြီးအကဲများထံသို့ ကန့်ကွက်ကြောင်းပြောကြားထားမှုကို ဆက်လက်လုပ်ဆောင်နေပါက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ


0 comments:

Post a Comment

Facebook Like Page