Saturday, December 5, 2015

လော့သော်ချောင်း ပြန်လည်တူးဖော်ရာ လုပ်ငန်းဧရိယာမလွတ်၍ ကျူးကျော်တဲ အလုံး ၂၀ခန့် အား ၂ရက်အတွင်း ဖယ်ရှားခိုင်း

Leave a Comment



လော့သော်ချောင်း ပြန်လည်တူးဖော်ရာ လုပ်ငန်းဧရိယာမလွတ်၍ ကျူးကျော်တဲ အလုံး ၂၀ခန့် အား ၂ရက်အတွင်း ဖယ်ရှားခိုင်း



ပြည်၊ဒီဇင်ဘာ၊၅





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း လော့သော်ချောင်း ပြန်လည်တူးဖော်ခြင်း နှင့် ဘောင်တင်ခြင်းလုပ်ငန်းများ  လုပ်ဆောင်ရာတွင် ထန်းပေါက်အုပ်စု လော့သော်ချောင်း ဘောင်အပေါ်တွင် ကျူးကျော်၍ တဲထိုးနေထိုင်သူ တဲပေါင်း အလုံး ၂၀ခန့်အား မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူတို့က  ၂ ရက် အတွင်းနေအိမ်များဖယ်ရှားပေးရန် ကျူးကျော်တဲဆောက်နေထိုင်သူတို့အား နူတ်ဖြင့် တောင်းဆိုလိုက်ကြောင်းသိရသည်။ ပြည်မြို့ ဆည်မြောင်းဦးစီးဌာန(ထိန်းသိမ်းရေး) မှ လော့သော်ချောင်း ပြန်လည်တူးဖော်ခြင်း နှင့် ဘောင်တင်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၅ ရက်နေ့မှစတင်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။



“ဒီနားမှာ တဲပေါင်း အလုံး ၂၀ ခန့်ရှိတယ်။ ကျွန်မတို့ ကျူးကျော်ပြီးနေထိုင်တာမှန်ပါတယ်။ဆည်မြောင်းက ဆရာတွေ အိမ်လာပြီး ၂ ရက်အတွင်းတဲတွေဖျက်ပုံခိုင်းထားတယ်။စားစရာတောင်အနိုင်နိုင်ရှာဖွေစားသောက်နေရတဲ့သူတွေပါ။တခြားနေရာမှာ အိမ်ငှားပြီး နေဖို့ဘာပိုက်ဆံမှမရှိဘူး။ တဲကိုဖျက်ပုံမယ်ဆိုလည်း အရှေ့မှာချောင်း အနောက်မှာ လယ်တွေနဲ့ပါ။လယ်တွေထဲ တဲကိုဖျက်ပုံ ထားရင် လယ်ပိုင်ရှင်တွေနဲ့တစ်ခါ ထပ်ရှင်းနေရအုံးမယ်။ကျွန်မတို့ ဒီမှာ မုဆိုးမတွေပဲအနေများပါတယ်။သားလေးတွေသမီးလေးတွေနဲ့ ကျွန်မတို့ ဘယ်လိုဖျက်ပေးရမှာလည်း။ပြောင်းရွေ့ပေးဖို့က အခက်ခဲတွေရှိနေတယ်။ ပြောင်းရွေ့စရိတ်လေးရရင်လည်း အဆင်ပြေပါတယ်။” ဟု ထန်းပေါက်အုပ်စု လော့သော်ချောင်းဘောင်ပေါ်တွင် နေထိုင်သည့် မတင်မာလေး က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။



အဆိုပါကျူးကျော်တဲများသည် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်လောက်မှ စတင်တည်ဆောက်လာခဲ့တာဖြစ်ကြောင်းသိရသည်။ ယခုလို တဲများဖျက်ပုံပြီး မြို့နယ်ဆည်မြောင်းမှ လုပ်ငန်းများ လုပ်ဆောင်ပြီးပါက ပြန်နေလိုက နေနိုင်ကြောင်းပြောကြားခဲ့သော်လည်း လုပ်ငန်းများ လုပ်ဆောင်နေစဉ် နေထိုင်စရာမရှိသည့် အခက်ခဲများအား ဆင်းရဲချို့တဲ့သူများဖြစ်၍ ပြန်လည်တဲထိုးတည်ဆောက်ရန်၊ နေရာပြောင်းရွေ့ရန်၊ လုပ်ငန်းများလုပ်ဆောင်နေစဉ် နေထိုင်စရာမရှိသည့် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။





“ရွေ့ပြောင်းစရိတ်ပေးဖို့ စီမံချက်ထဲမှာလည်းမပါဘူး။ ပြီးခဲ့တဲ့ ရေးကြီးမှုကြောင့်ရယ် ချောင်းကောနေမှုတွေကြောင့် ပြန်လည်တူးဖော်ပြီး ဘောင်တင်တာတွေလုပ်နေတာပါ။ လုပ်ငန်းဧရိယာ မလွတ်လို့ ပြောင်းရွေ့ပေးဖို့ ကျူးကျော်တဲ ပိုင်ရှင်တွေကို ဆန္ဒတောင်းခံပြီး လက်မှတ်ထိုးခိုင်းမှာပါ။ ဒါတွေ ပြန်လည်တူးဖော်မှ ရေကြီးရေလျှံမှုတွေ သက်သာမှာပါ။ချောင်းက နဂိုကတည်းက နယ်နမိတ်ရှိပြီးသားပါ။ ကျူးကျော်တွေတော့ရှိပါတယ်။ ပြည်ထောင်စု ဘားချတ် သိန်းနှစ်ထောင်ခန့် နဲ့လုပ်ဆောင်နေတာပါ။” ဟု မြို့နယ်ဆည်မြောင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြည် က ပဲခူးက၀ိဂျာနယ်သို့ ပြောသည်။



အဆိုပါလော့်သော်ချောင်း ပြန်လည်တူးဖော်ခြင်း နှင့် ဘောင်တင်ခြင်းလုပ်ငန်းများအား ပြည်ထောင်စု ဘာ့ချတ်ငွေ သိန်း ၂ထောင် ခန့်ရရှိခဲ့တာဖြစ်ပြီး အလျား ၁၆၃၀၀-ပေ၊ထိပ်အကျယ် ၇၀-ပေ၊အောက်ခြေအကျယ် ၄၀-ပေ၊အနက် ၁၀-ခန့်ထပ်မံတူးဖော် ဘောင်တင်ခြင်းများပြုလုပ်သွား မှာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့မှ ဒီဇင်ဘာ လကုန်အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ကျူးကျော်တဲများကို ယနေ့အချိန်ထိ ရွေ့ပြောင်းစရိတ်ပေးသွားမည်မဟုတ်ဘူးလို့သိရသည်။



ခေတ္တရာမောင်(ပြည်) ပဲခူးကဝိဂျာနယ်
ပြည်သတင်း
www.facebook.com/pyaynews



0 comments:

Post a Comment

Facebook Like Page