Monday, November 30, 2015

ရွှေတောင်မြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ သစ်တောဦးစီးဌာနက CF လုပ်စားပိုင်ခွင့် ပေးသည့်အပေါ်ကျေးရွာအုပ်စုများ ကြေနပ်မှုမရှိ

Leave a Comment

ရွှေတောင်မြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ သစ်တောဦးစီးဌာနက CF လုပ်စားပိုင်ခွင့် ပေးသည့်အပေါ်ကျေးရွာအုပ်စုများ ကြေနပ်မှုမရှိ



ပြည်၊နိုဝင်ဘာ၊၃၀



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကွင်းလျားကြီး၊တဘူစား၊ကျွဲတလင်း စသည့်အုပ်စုများအတွင်းရှိ လသာကုန်း၊သာယာကုန်း၊ဖောင်းဖြူ၊အင်ဂူ၊တဘူစား၊အုတ်ဖို စသည့်ကျေးရွာများတွင် CF လုပ်ကိုင်ခွင့်ပေးခြင်းအား သစ်တောဦးစီးဌာန ခရိုင် နှင့် မြို့နယ်တို့မှ မှုလ လုပ်ကိုင်ခဲ့ကြသည့်ဒေသခံတောင်သူများအား လုပ်ကိုင်ခွင့်ပေးထားခြင်းမရှိပဲ လာဘ်ပေးလာသူများကိုသာ လယ် နှင့် ယာ များ လုပ်ကိုင်ခွင့်ပေးထားခြင်းအပေါ် မှုလ လုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူများမှ ကြေနပ်မှုမရှိကြောင်းသိရသည်။



“ နှစ် နှစ်ဆယ်လောက်ရှိပြီ အသိမ်းခံထားရတာ။ သစ်တောခေါင်းတွေက သူတို့ နဲ့ သင့်မြတ်တဲ့ ကျွန်တော်တို့ရွာက ဒေသခံတွေကို လယ်ယာတွေပေးတယ်။ မှုလလုပ်ခဲ့ကြတဲ့ တောင်သူတွေကိုပြန်မပေးဘူး။အခုရွာမှာ တစ်ရွာတည်း လူနှစ်စုကွဲကုန်ပြီ။မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။လာစစ်ဆေးကြပြီး ခုထိကျွန်တော်တို့ကို ပြန်မပေးဘူး။လယ်ယာမြေပဲဖြစ် ဖြစ် မြေပဲခင်းပဲဖြစ်ဖြစ်ပြန်လိုချင်ပါတယ်။ သူတို့နဲ့အဆင်ပြေတဲ့ ရွာကလူတွေကို တစ်ဧက တစ်သောင်းလောက်ပေးပြီး ချထားပေးခဲ့ကြတာပါ။” ဟု တဘူစားအုပ်စု  အင်ဂူကျေးရွာ ဦးမြင့်ဦး ကပြောသည်။



ယင်းကိစ္စများ နှင့် ပတ်သက်၍ လယ် နှင့် ယာ ဧကပေါင်း ၉၀ ကျော်ဆုံးရှုံးလိုက်ရသည့် ဒေသခံတောင်သူ ၄၁ ဦး မှ နိုင်ငံတော် သမ္မတ အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာန ၂၁ ဌာနအား ပြီးခဲ့သည့် ၁၁.၅.၂၀၁၅ ရက်နေ့က လက်မှတ်ရေးထိုး တိုင်ကြားတင်ပြထားခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးကြောင်းသိရသည်။



“ကျွန်တော်တို့ သိမ်းထားတာ တစ်ခုပဲရှိပါတယ်။ သိမ်းတယ်ဆိုရင် သိမ်းထားတဲ့အထောက်ထားပြ ဆိုတော့ သူတို့မပြနိုင်ဘူး။ ရုံးစာရင်းဇယားမှာလည်း သိမ်းထားတာမရှိဘူး။ CF ဖွဲ့ပေးတာက လုပ်စားခွင့်ပေးထားတာ ပိုင်ဆိုင်ခွင့်တစ်ယောက်မှမပေးဘူး။ နှစ် ၃၀ ဂရံပုံစံမျိုးလုပ်စားခွင့်ပေးခဲ့တာပါ။ဌာန ငါးခု သွားရောက်စဉ်ကလည်း ကန့်ကွက်တာတွေဘာတွေ ဘာမှမလုပ်ခဲ့ဘူး။တိကျတဲ့အဖြေသူတို့ ဘာတစ်ခုမှမပေးဘူး။ စာရင်းကောက်စဉ်က ကန့်ကွက်လို့ရတယ်။ CF ဖွဲ့စဉ်က ကန့်ကွက်လို့ရတယ်။အားလုံးပြီးမှသူတို့က ကန့်ကွက်ပြီး တိုင်စာတွေပို့ကြတယ်။ဒီကြိုးဝိုင်းက သီပေါမင်းလက်ထက် မတိုင်ခင်ကတည်းက တရုတ်မှော်ကြိုးဝိုင်း ဆိုပြီးရှိနေခဲ့တာပါ။ အခုပေးထားတာကလည်း သစ်ပင်လည်း စိုက် တောင်သူလည်း လုပ်စား အဲလိုပေးထားတာပါ။” ဟု ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦး ကပြောသည်။



အဆိုပါကိစ္စများ နှင့်ပတ်သက်ပြီး ကွင်းယားကြီးအုပ်စု ဖောင်ဖြူရွာမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ၂၀၁၅ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ကြောင်းသိရသည်။ ၁၉၉၃ ခုနှစ်မှာ သက်ဆိုင်ရာ နယ်မြေခံ တောအုပ်ခေါင်း မှ သစ်တောစိမ်းလန်းဆိုပြေရေး အတွက် ဟူ၍ လယ် နှင့် ယာ တစ်ချို့အား သိမ်းယူခဲ့တာဖြစ်ပြီး ယင်းကိစ္စများနှင့်ပတ်သက်၍ ပြည်ရိုင် သစ်တောရုံး၊လ၀က ရုံး၊မြေစာရင်း၊စိုက်ပျိုးရေး မှတာဝန်ရှိသူများ၊မြို့နယ် ထွေ/အုပ် စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများ တိုင်ကြားထားမှုကို ဒေသခံတောင်သူ များနှင့် တွေ့ဆုံကွင်းဆင်းစစ်ဆေးခဲ့ကြသော်လည်း ယနေ့အထိ ပြေလည်မှုမရရှိသေးကြောင်းသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page