ပြည်၊ အောက်တိုဘာ ၆
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်းရှိ သရေခေတ္တရာမြို့ဟောင်းတွင်းရှိ နေအိမ်ဖျက်သိမ်းရွှေ့နေရသူများအား စဉ်းစားပေးရန် ယဉ်ကျေးမှုဝန်ကြီးဌာနဒုဝန်ကြီးဒေါ်စန္ဒာခင်နှင့် ယူနက်စကိုမှပညာရှင်များအား ရွေ့ပြောင်းနေရသည့်ကာယကံရှင်များက တွေ့ဆုံတောင်းဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၆ ရက်နေ့က ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်မတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ အမွေ့အနှစ်ပျူရှေးဟောင်းမြို့များစီမံခန့်ခွဲမှု အစီစဉ်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ယဉ်ကျေးမှုဒုဝန်ကြီးနှင့် ယူနက်စကိုမှပညာရှင်များ ဌာနဆိုင်အကြီးကဲများကြားတွင် ဒေသခံများကလာ ရောက်တွေ့ဆုံတောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့ဆရာမကြီးဒေါ်စန္ဒခင်ပထမအခေါက်လာစဉ်တုန်းက လယ်ယာမြေပေါ်မှာတည်ဆောက် ပြီးသား သူများကို လောလောဆယ်ဖယ်ရှားခြင်းပြုမှာမဟုတ်ပါဘူး စိတ်အေးလက်အေးနေကြပါလို့ပြောသွားတယ် ဆရာမကြီးပြန်သွားပြီးရှစ်လပိုင်းလည်းကျရော စာတွေထုတ်တယ်အပြီးဖယ်ရမယ်ဆိုတော့ ကြောက်တာပေါ့ အခြားနေရာကိုပြောင်းစရာလည်းမရှိဘူးလေ ပထမရောင်းတဲ့သူတွေကလည်းလလုံးဝ စိုက်ပျိုးလို့မရတဲ့မြေတွေ အကွက်လေးတွေကလည်း ဘာမှဖြစ်ဖြစ်မြောက်မြောက်စိုက်မရပါဘူး ဆရာမကြီကငြိမ်းချမ်းစွာနဲ့နေပါဆိုလည်း ဥပုဉ်ကျောင်းတောင် ဖြောင့်ဖြောင်မသွားနိုင်ပါဘူး ရပ်ကွက်ထဲမှာလည်း ဘယ်နေ့ဘယ်ရက်ဘယ်သူ လာမယ်ဟေ့ဆိုရင်အသည်းတထိတ်ထိတ်နေရတယ် ပြောင်းစရာလည်းမရှိဘူး နေစရာလည်းမရှိပါဘူး တဲတောင်မှအခင်းခင်းစရာမရှိဘူး အကာလေးနဲ့နေရတယ် ” ဟု သရေခေတ္တရာမြို့ဟောင်းတွင်း၊ ရွှေတံခါးရပ်ကွက်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ယင်းဆွေးနွေးပွဲသို့ နေအိမ်ဖယ်ရှားပေးရမည့်ဒေသခံများနှင့် လက်ရှိဖျက်သိမ်းရွှေ့ပြောင်းနေရသည့် ဒေသခံမိသားစု ဆယ်ဦးခန့်တက်ရောက်ခဲ့တာဖြစ်ပြီး ၀န်ကြီးလာမည့်ဆိုသည်ကိုကြားသိရ၍ မိမိတို့အစီစဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်နိုင်မည်ဆိုပါက၀န်ကြီးတစ်ဦးအနေဖြင့် အခြားနည်းလမ်းများဖြင့် ဒေသခံများကိုစဉ်းစားပေးစေချင်ကြောင်း တက်ရောက်လာသူများကပြောသည်။
“သူတို့တွေကအိမ်ကိုဖျက်ပေးရမယ် ဖျက်မပေးဘူးဆိုရင်ရဲစခန်းကိုလာခဲ့ပါ ထောင်ငါးနှစ်ကျမယ်တဲ့ ဖျက်ပေးပြီးရင်ဘယ်မှာနေရမလဲလို့မေးတော့ စခန်းကသူတို့မသိဘူးတဲ့ ရှေးဟောင်းသုတေသနကိုပဲမေးတဲ့ သူတို့ခိုင်းလို့လုပ်ရတာတဲ့ ကျွန်မတို့မှာနေစရာမရှိဘူးရှိစုမဲ့စုလေးနဲ့ဆောက်ထားရတာ ကျွန်မတို့ကဖျက်ပေးရဖို့လားဘာလား ကြောက်နေရတာပေါ့ အသက်ကိုးဆယ်ကျော်အဘွားကြီးရှိတယ် အဲစိတ်နဲ့သေနိုင်တယ် ကျွန်မတို့ရောက်တာငါးနှစ်ရှိပြီ နှစ်ထောင့်ဆယ့်တစ်မှာဆောက်တဲ့ဝါးအိမ်လေးက ယိုယွင်းနေလိှု့နှစ်ထောင်ဆယ့်တစ်မှာပြန်ပြင်ဆောက်လိုက်တာပေါ့ ကျွန်မတို့အိမ်နားမှာဆိုရင်ဒီနှစ်ထဲမှာမှ ဆောက်တဲ့တိုက်တွေအိမ်တွေရှိတယ်” ဟု ရွှေတံခါးအပိုင်း(၂) မှဒေါ်ခင်ဖြူကပြောသည်။
၂၀၁၂ခုနှစ်နောက်ပိုင်းကောက်ယူရရှိသည့်စာရင်းများအရ ကျူးကျော်နှင့်တိုးချဲ့၊ အခြားနည်းအသုံးပြုထားသူ နေအိမ်၁၀၇ အိမ်ရှိကာ ကျူးကျော်ထဲမှာပါပါက ရှေးဟောင်းဥပဒေအရအရေးယူခံရမည်ဖြစ်ပြီး လယ်ယာမြေကို အခြားနည်းနဲ့အသုံးချထားပါကလည်းဥပဒေပြဌာန်းပြီးဖြစ်ကြောင်း လတ်တလောဖယ်ရှားမှုကို ပြုလုပ်မည်မဟုတ်ကြောင်း ရှေးဟောင်းဌာနမှာလည်း အာဏာသုံးဖယ်ရှားခွင့်ရှိသည့်ဌာနမဟုတ်ပဲ ခရိုင်အုပ်ချုပ်ရေးဌာနသို့ တင်ပြကာတားမြစ်ခဲ့ပြီး တရားဥပဒေအရလုပ်ဆောင်ပါဆို၍ ပြုလုပ်ရကြောင်း တက်ရောက်လာသည့် သက်ဆိုင်ရာဌာနအကြီးကဲများက ပြန်လည်ဖြေကြားခဲ့သည်။
သရေခေတ္တရာပျူမြို့ဟောင်းအတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်များထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်ထားသူ ခုနှစ်ဦးရှိပြီး အမခံမရရှိပဲ ဖမ်းဆီးချုပ်နှောင်မည်ကို စိုးရိမ်သောကြောင့် အောက်တိုဘာလ ၅ ရက်နေ့ကနေအိမ်ဖျက်သိမ်းရွေ့ပြောင်းနေသူများလည်း ရှိကြောင်းသိရသည်။
ဝေလင်း(ပြည်)
0 comments:
Post a Comment