Monday, October 5, 2015

သရေခေတ္တရာဇုံအတွင်းရှိ နေအိမ် ၇ လုံးအား အောက်တိုဘာ ၅ ရက်နေ့နောက်ဆုံးထားဖျက်သိမ်းခိုင်း

Leave a Comment

                သရေခေတ္တရာဇုံအတွင်းရှိ နေအိမ်တချို့အား ဖျက်သိမ်းနေစဉ်( ဓါတ်ပုံ- K3(pyay)

ပြည် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ သရေခေတ္တရာရှေးဟောင်းဇုံအတွင်း ဆောက်လုပ်ထားသည်ဟုဆိုကာ နေအိမ် ၈၀ ကျော်ရှိအနက် နေအိမ် ၇ လုံးအား အောက်တိုဘာ ၅ ရက်နေ့တွင်နောက်ဆုံးထားဖျက်သိမ်းရလျှက်ရှိကြောင်းသိရသည်။

အဆိုပါနေအိမ် ၈၀ ကျော်ထဲမှ ၁၇.၇.၂၀၁၅ ခုနှစ်မှစတင်ကာ ယဉ်ကျေးမှုကာကွယ် ထိန်းသိမ်းရေးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် နေအိမ် ၄ လုံးအား သရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေမှူး ဦးဇော်မျိုးကျော်က တရားလိုလုပ်အမှုဖွင့်၍ ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်ရှိနေအိမ်အား ဖျက်သိမ်းလျှက်ရှိသည့် ရွှေတံခါးအပိုင်း(၂) ပျားဂေဟာလမ်းတွင်နေထိုင်သူ မခင်မာအေးက “ ဒီအိမ်ကို ဒီနေ့နောက်ဆုံးထားဖျက်ခိုင်းတယ်။ ဒီနေ့မဖယ်ဘူးဆိုရင် ထောင် ၅ နှစ်အထိအမိန့်ချပစ်လို့ရတယ်လို့ အမှတ်၃ ရဲစခန်းက အရာရှိတွေပြာတယ်။ ကျွန်မဒီအိမ်ကိုဖျက်ပြီး ဘယ်နေရာသွားနေရမှာလည်း။ မိသားစုနေထိုင်ရေးအပြင် စားဝတ်နေရေးတွေပါ အကုန်ဒုက္ခရောက်ကုန်တာပေါ့။ မြေနေရာလည်းမပေးဘူး။ ဒီနားမှာအိမ်တွေအများကြီးရှိနေတာ အဲဒိအထဲက အိမ်တွေရဲ့ကြားထဲရောက်နေတဲ့ ကျွန်မအိမ်ကိုမှ ရွေးဖျက်ခိုင်းတာ။ လုံးဝမတရားဘူး။ အိမ်ငှားနေဖို့ဆိုတာ မလွယ်ပါဘူး။ ဟု၎င်းကဆိုသည်။

အဆိုပါ သရေခေတ္တရာရှေးဟောင်းယဉ်ကျေးမှုဇုံအတွင်းရှိ နေအိမ် ၃လုံးအား မှုလ အဖွင့်တိုင်ကြားထားသည့်အတိုင်း ၁၄.၉.၂၀၁၅ ရက်နေ့တွင် ထပ်မံ၍တိုင်ကြားထားမှုကြောင့် စုစုပေါင်း လက်ရှိနေအိမ် ၇ လုံးအား အောက်တိုဘာ ၅ ရက်နေ့နောက်ဆုံးထားဖျက်ခိုင်းပြီး ဖျက်ပြီးသည့်နေအိမ်များအား ဓါတ်ပုံရိုက်၍ ပြည် အမှတ်(၃)နယ်မြေရဲစခန်းသို့ လာရောက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

၎င်းအောက်တိုဘာ ၅ ရက်နေ့နောက်ဆုံးထား ဖျက်သိမ်းစေခိုင်းသည့် နေအိမ်ကိစ္စများနှင့် ပတ်သက်ပြီး ပြည်မြို့အမှတ်(၃)နယ်မြေခံရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက “အခုဆို ၇ အိမ်ရှိနေပြီ လာပြီးအမှုဖွင့်နေတာ။ ယဉ်ကျေးမှုကာကွယ်ထိန်းသိမ်းမှု ဥပဒေပုဒ်မ ၂၄ ကျူးလွန်အနေနဲ့ သရေခေတ္တရာဌာနစု ဒုညွှန်ကြားရေးမှူး ကအမှုဖွင့်လာရောက်တိုင်ကြားခဲ့တာပါ။ အားလုံး ၇ ဦး ၇ မှု့ပါ။ အခုက စစ်ချက်တွေစယူနေပါပြီ။ ဖျက်တဲ့အိမ်တွေလည်းဖျက်နေကြပြီ။ ဒါတွေက အိမ်ကိစ္စပါ နောက်ပိုင်းမြေဖယ်ခိုင်းမှုတွေပါလာရင် ဒီပြဿနာကအရှည်ကြီးရှင်းရအုံးမယ်။” ဟု၎င်းကဆိုသည်။

အဆိုပါ ယဉ်ကျေးမှု့ကာကွယ်ထိန်းသိမ်းမှု့ ဥပဒေပုဒ်မ ၂၄ ကျူးလွန်သူအား ထောင်ဒဏ် ၅ နှစ်သော်ကျခံနိုင်ကြောင်း နှင့် ဖျက်သိမ်းပြီးပါကလည်း ဒဏ်ငွေအရ ကျပ်ငါးသောင်းဆောင်ရန်ရှိကြောင်း အမှတ်(၃)နယ်မြေရဲစခန်း တာဝန်ရှိသူတဦးထံမှသိရသည်။ 

K3(pyay)




ပုံစာ။             ။ သရေခေတ္တရာဇုံအတွင်းရှိ နေအိမ်တချို့အား ဖျက်သိမ်းနေစဉ်( ဓါတ်ပုံ- K3(pyay)


0 comments:

Post a Comment

Facebook Like Page