Tuesday, October 13, 2015

ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆန်စပါးတောင်လိုပုံ (သို့မဟုတ်) “ဆ”သုံးလုံးအရေးတော်ပုံ

Leave a Comment
ဓါတ်ပုံ(မောင်ပန်ကာ-ပြည်)
မောင်ပန်ကာ(ပြည်)

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်း ၁၄-ခုမှာ ကျေးရွာအုပ်စု ၁၂၄၃၇-အုပ်စု နှင့် ကျေးရွာပေါင်း ၆၄၈၇၅-ရွာရှိပါတယ်။ဧရာဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့)၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ် တွေက နှစ်စဉ် မိုးစပါးဧကပေါင်း ၁၂၀-သိန်းကျော် ၊ နွေစပါးဧက သိန်း ၂၀-ကျော်စိုက်ပျိုးပြီး လယ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရတယ်ခင်ဗျာ။ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးကိုအလေးထား အခြေခံပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် နလန်ပြန်ထူထောင်ဆောင်ရွက်ပြီးတော့ လက်မှုကတစ်ဆင့် ခေတ်မှီစက်မှုနိုင်ငံတော် အကြီးကြီး ထူထောင်ရေးတွေနဲ့ အခြားစီးပွားရေးကဏ္ဍတွေကို ဘက်စုံတိုးတက်အောင်တည်ဆောက်နေသည့်နိုင်ငံတော်တစ်ခုရယ်ရွှင်စရာမြန်မာဗီဒီယိုကားတွေထဲမှာမြင်ဘူးခဲ့ပါတယ်။မြန်မာ့သမိုင်းများထဲမှာတော့ အနော်ရထာမင်းကြီးကိုယ်တိုင်လယ်ကွင်းထဲသို့ဆင်းပြီး ကိုယ်တိုင်ကိုယ်ကျလယ်ထွန်မင်္ဂလာဆင်နွဲခဲ့ပုံများကိုကြည့်ခြင်းအားဖြင့်လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုရှေးဘုရင်မင်းမြတ်များလက်ထက်ကတည်းကအလေးထားဆောင်ရွက်ခဲ့ပုံများမှာလွန်စွာထင်ရှားပေါ်လွင်စေခဲ့တယ်။အမှတ်ရစရာရှိပါသေးတယ်ဗျာ။၁၉၄၀ခုနှစ်စက်တင်ဘာ ၉-ရက် နေ့မှာ ပြည်သူ့အချစ်တော် နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူကြီး ဂဠုန်ဦးစော နန်းရင်းဝန်(၀န်ကြီးချုပ်)ဖြစ်လာတဲ့အချိန်ပေါ့။ နန်ရင်းဝန်ဂဠုန်ဦးစော နဲ့ အစိုးရအဖွဲ့ကို ဘုရင်ခံ ဆာအာခီဘောကရိန်းက စေခိုင်းမှုကြောင့်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့လို့ဆိုလိုရတယ်။ အဲဒိအဖွဲ့မှာ ဂဠုန်ဦးစောက ၀န်ကြီးချူပ်၊သစ်တောရေးရာ နဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး မျိုးချစ် ရာထူး နံပါတ်(၁)နေရာမှာပါ။ဦးစော နန်းရင်းဝန်ကြီးဖြစ်ပြီးနောက်ပိုင်း လေယာဉ်ငယ်တစ်ဆင်းဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကောင်းကင်ကနေ ၀ဲပျံပတ်ပြီးဖူးမျှော်ခဲ့သေးတယ်။ ရှေးမြန်မာမင်းများပြုလုပ်ခဲ့တဲ့ လယ်ထွန်မင်္ဂလာကို ဦးစောကပြန်ပြီးကျင်းပခဲ့တယ်။လယ်ထွန်မင်္ဂလာကျင်းပတဲ့အခါမှာ ဦးစောက မြန်မာဝတ်စုံကို မ၀တ်ဆင်ပဲ အနောက်တိုင်းဝတ်စုံကို ဒူးအထိရောက်သည့် ဖိနပ်ရှည်ကြီးဝတ်ဆင်ပြီး လယ်ထဲဆင်းပြီး တခမ်းတနားလယ်ထွန်မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။အဲဒိပုံက နူတ်ခမ်းမွှေးကားကားနဲ့ အသံတိတ်ရုပ်ရှင်တွေထဲက ဟာသမင်းသားကြီး ချာလီချက်ပလင် လယ်ထွန်နေတဲ့ပုံမျိုးဖြစ်နေခဲ့တယ်။
ဓါတ်ပုံ-(မောင်ပန်ကာ-ပြည်)
လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြတဲ့တောသူတောင်သားလယ်သမားများလည်းအဲဒိခေတ်အခါမှရှိခဲ့သလို ကိုယ်ပိုင်လယ်ယာများစွာကိုပိုင်ဆိုင်ပြီး တိုင်းပြည်အကျိုးသယ်ပိုးခဲ့ဟန်တူပါတယ်။တောသူတောင်သားလယ်သမားများမှခေတ်အဆက်ဆက်မွေးဖွားလာသည့်မျိုးဆက်များအားလယ်ယာမြေတွေအဆက်ဆက်အမွေစားအမွေခံအဖြစ်ဆက်လက်ပေးအပ်ခဲ့ကြပုံပဲ။ ဘယ်ခေတ်ဘယ်ခါရောက်ရှိနေတဲ့လယ်သမားများဖြစ်ပါစေ တိုင်းပြည်အာပ်ချုပ်မင်းလုပ်တဲ့ဘုရင့်ထံ တိုင်းပြည်အတွက်အခွန်ဘဏ္ဍာပေးဆောင်ပြီးမှတိုင်းပြည်အကျိုးသယ်ပိုးရာရောက်တယ်ဟုဆိုစကားတွေရှိပါတယ်။ခေတ်အဆက်ဆက်ပြောင်းလည်းလာတာနှင့်အမျှ မပြောင်းလည်းသော ဖြစ်ရပ်များစွာလည်းရှိလာခဲ့ပြန်တယ်။တချိန်ကဘုရင်ထို့နောက်စစ်အစိုးရနောက်တဆင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဆင့်ဆင့်ပြောင်းလည်းလာသောတိုင်းပြည်က ယနေ့ခေတ်သမ္မတမပိုင်သည့်လယ်ယာများ၊နိုင်ငံတော်မပိုင်သည့်လယ်ယာများစွာပေါ်ထွက်လာပါတယ်။တစ်ချိန်ကစစ်အာဏာရှင်တချို့၏ဟိုအကြောင်းပြဒီအကြောင်းပြ၍သိမ်းဆည်းထားတဲ့လယ်ယာမြေများ၊အဲဒိကတစ်ဆင့်ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို လက်ဝါးခြင်းရိုက် ခရိုနီကြီးငယ်လတ်တွေကိုထပ်မံရောင်းချလိုက်တဲ့လယ်ယာမြေတွေ၊တစ်ဆင့်ပြီးတစ်ဆင့်အမွှေဆက်ခံလာတဲ့ ခရိုနီကြီးငယ်လတ်တို့ရဲ့သားသမီးတွေအဆင့်ဆင့်ရောင်းချလိုက်တယ်။လယ်ယာမြေမှုလဓါးမဦးချတောင်သူတွေဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာခဲ့ကြတဲ့ လယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးကြောင့်လက်လွတ်ဆုံးရှုံးလိုက်ကြရတဲ့မြင်ကွင်းတွေကလည်း မြင်တွေ့နေရသည်ကရိုးအီနေခဲ့ရပြီ။လယ်ယာများပြန်လည်ရလိုမှု့နဲ့တိုင်စာအမျိုမျိုး၊အကြောင်းကြားစာကတစ်ဖုံ၊မည်မျှပင်တိုင်စာနှင့်အကြောင်းကြားစာတွေတင်ပြတိုင်ကြားနေခဲ့ကြလည်းမရရှိသည့်လယ်ယာမြေကပိုများနေခဲ့တယ်။လယ်ယာမြေတွေပြန်ရမလားဆိုပြီး ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေကြချိန် ပွင့်လင်းမြင်သာမှုရှိတယ်လို့ တွေးတတ်သလောက်အသိပညာတချို့လေးတွေကြောင့်လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော် လယ်ပြန်ရတာမရတာနောက် လောလောဆယ် ပုဒ်မမျိုးစုံနှင့်ရင်ဆိုင် အဲကြားထဲ တရားမျှတမှုမရှိတဲ့ တရားသူကြီးနှင့်တွေ့တော့ထောင်ချခံရပြန်ပြီ။  ခရိုနီနှင့်တရားသူကြီးတချို့ သုံးသိန်း မပြည့်တဲ့ ငွေထုတ်ပေါင်းများစွာကို အိမ်နောက်ဘေးခြံပြင်ကပေးတော့ တောင်သူဘ၀ပျက်ပြန်ပေါ့ဗျာ။ ကျန်တဲ့လယ်ကလေး ကျီးထိုးထိုး လဒနားနား ပစ်ထားရပြီး တရားရုံးတွေသွား အမှုရင်ဆိုင် အချိန်ကုန် ငွေကကုန်အဲဒိကြားထဲ နိုင်ငံရေးအကြောင်းပြပြီး ဘယ်ဌာနကိုတိုင်ပေးမယ် တိုင်စာခဘယ်လောက်ကျတယ် ကျုပ်ကခင်ဗျားတို့ကိုကူညီတာ ထမင်းကြွေးစရာမလိုဘူး ဆိုပြီး မသိနားမလည်တဲ့ လယ်သမားတွေဆီက တိုင်စာခဆိုပြီး အမြတ်ထုတ်သည့်နိုင်ငံရေးသမားတချို့ကလည်းဂွင်တွေဖန်နေပြန်သတဲ့။ ဒီမိုကရေစီစနစ်လေးနှမ်းစေ့လောက် ရလိုက်ခါစ ခုမှလမ်းစလျှောက်တော့မယ့်ကလေးငယ်လို တဘုန်းဘုန်း တစ်ဝုန်းဝုန်းလဲပြီး ယိုင်တီး ယိုင်နဲ့ ဖရိုဖရဲလျှောက်လှမ်းကာစအချိန်လေးမှာဒီမိုကရေစီအရသာလစ်ဟငတ်မွတ်နေတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတောသူတောင်သားလယ်သမားများရဲ့ ဒုက္ခပေါင်းမျိုးစုံတို့က စာရွက်ပေါ်ကတိုင်စာအဖြစ်ပြောင်းပြီး သက်ဆိုင်ရာဌာနတွေမှာ တစ်နေ့တစ်နေ့တက်လာတဲ့တိုင်စာတွေကလည်း ပိဿာချိန်နဲ့ ပြန်ရောင်းမယ်ဆိုရင် ၁၀-ဘီလျှံလောက် နိုင်ငံခြားဘဏ်အပ်နိုင်လောက်တယ်။လယ်သိမ်းခံယာအသိမ်းခံတရားရင်ဆိုင်ရရုံတင်မကဘူး ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုကျန်ရှိတဲ့လယ်ယာလေးတရားရုံးချိန်းမတက်ခင်လယ်သမားတချို့ထောင်တွင်းမရောက်ခင်လေး မိသားစုအတွက်စားဝတ်နေရေးတစ်ဝမ်းတစ်ခါးအတွက် တစ်လှမ်းချင်းစီကျိုးစားနေချိန်စောင့်မျှော်နေတဲ့မိုးကအတိုင်းအတာထက်ကျော်လွန်ရွာသွန်းတော့စိုက်ပျိုးထားတဲ့စပါးပျိုးခင်းတွေရေနစ်မြုပ် ပျက်စီးဆုံးရှုံး ပျိုးခင်းတွေရေနစ်တော့ရေပြန်ကျချိန်ပျိုးပြန်စိုက် ပျိုးခင်းစိုက်ပျိုးပြီး၍ကောက်စိုက်ခြင်းများပြုလုပ်နေချိန်မိုးကလွန်ကဲစွာထပ်ရွာပြန်တော့ ရွာတွေထဲနေအိမ်တွေအတွင်းထိတောင်သူမိသာစုတွေဒုက္ခပိုရောက်ခဲ့ကြပြန်ရော။စိုက်ပျိုးထားတဲ့ကောက်ပင်တွေပျက်စီးဆုံးရှုံးခဲ့ရပြန်ပြီပေါ့ဗျာ။မိုးကြီးလို့ရေကြီးတာပဲထားအုံး ရေကြီးတဲ့နောက်မှာ ရေမကြီး ကြီးအောင်ကြိုးကိုင်နေတဲ့သူတွေကို ပြည်တွေက သိကုန်ကြပြန်ပြီ။ ပြည်မြန်မာသာယာဖို့ သစ်ပင် ပန်းပင်စိုက်ကြစို့။စိုက်လိုက်ရတဲ့ နှစ်ရှည်ပင်တွေ၊အရိပ်ရပင်တွေ။ကျောင်းသားတွေရော ၀န်ထမ်းတွေပါမနေရ မထိုင်ရ ဟိုနေရာပြေးစိုက်လိုက်ရ။သည်နေရာပြေးစိုက်လိုက်ရနဲ့။နောက်ဆုံးစိုက်ထားတဲ့ သစ်တစ်တောလုံးနီးပါး အခိုးခံလိုက်ရတာပဲအဖတ်တင်တယ်။ပြည်သူလည်မစားသောက်လိုက်ရ။ဝန်ထမ်းလည်းမစားသောက်လိုက်ရ။ဖားတုလို့ ခရုလည်းမခုန်ရဲပါဘူး။တောတောင်ထဲနေတဲ့ဆင်ရဲသားငမွဲ တွေ တောထဲက သစ်ပင်ကိုင်းချောက်လေးချိုးမိတာကျ ဒဏ်ငွေကရိုက်လိုက်ကြသေးတယ်။တောထဲက ဖတ်ခူးသူတွေ သစ်ခိုင်းချောက်လေးထင်းအဖြစ်အိမ်သုံးဖို့သယ်တာကျတော့ ကိုယ့်ထမင်းကိုယ်စားပြီး တောထဲမှာတစ်နေကုန် ပေါင်းနုတ်၊မြက်ရှင်း ဒဏ်တွေကလည်းပေးလိုက်ကြတာ ဒဏ်ကြေဆေးတောင်ဆောင်စရာမလိုဘူးပေါ့ဗျာ။တောသူတောင်သားတွေကောက်ရိတ်သိမ်းပြီးစပါးချွေလေ့တော့အထွက်ကအင်မတန်နည်းသွားကြပြန်တယ်။အထွက်နည်းပါးရတဲ့နောက်ကွယ်မှာအသင့်ပါးစပ်ဟစောင့်ကြိုနေတာကတော့စိုက်ပျိုးစရိတ်ချေးငွေကိစ္စပါပဲ။ချေးငွေတွေပြန်ဆပ်ဖို့အခက်တွေ့ထပ်ပြီးရင်ဆိုင်နေရပြန်ပြီ။ဒါတောင်သမ္မတကြီးအထူးအရံရန်ပုံငွေဆိုပြီး ကူညီသလိုလိုနဲ့ ပျက်စီးသွားတဲ့လယ်တစ်ဧကကို ခြောက်ထောင်ကျပ်တိတိနဲ့သယ်ယူစရိတ်ငါးရာ စုစုပေါင်း ခြောက်ထောင့်ငါးရာကျပ်တိတိကို ပေးမယ်ဆိုပါလား။လယ်ထဲမှာ လယ်ကူလီ လယ်လုပ်သားတစ်ဦးကို သုံးထောင်ကျပ်အနည်းဆုံးငှားရတယ်။ငှားချင်တိုင်းလည်းငှားမရဘူးနော် ထမင်းကြွေးရမယ်။စားဖို့သောက်ဖို့စီစဉ်ပေးရတယ်။အနည်းဆုံးလယ်တစ်ဧကတစ်ကွက်ကို လယ်ကူလီ သုံးယောက်လောက်ငှားမှရတယ်။လယ်ကွင်းထဲ နှမ်းကျဲသလိုဖြစ်နေပြီ။အဓိကအရေးကြီးတာက စိုက်ပျိုးရမဲ့ မျိုးစပါးတွေ၊မြေသြဇာတွေ၊စိုက်ပျိုးစရိတ်ချေးငွေကိစ္စတွေ ဒါတွေကအဓိကကျနေတယ်။တောင်သူတွေကတော့မောပန်းနွမ်းနယ်နေတဲ့လူတစ်ဦးနေပှုထဲမှပြန်လာတာကိုထပ်ပြီးအပြေးပြိုင်ခိုင်းသလိုဖြစ်နေကြတဲ့တောသူတောင်သားလယ်သမားတွေရဲ့တစ်နေ့တာရပ်တည်မှုတွေဟာအင်မတန်ပင်ပန်းလှပါတယ်။ဒုက္ခရောက်နေတဲ့ပြည်သူတွေအပူသောကတွေကိုအခွင့်ယူပြီးကုန်ဈေးနူန်းတွေကလည်း ၂၀၀၈-ခုနှစ်ကနာဂစ်လို လျှင်မြန်စွာတက်ရောက်နေရာယူပါတော့တယ်။ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ဆန်စပါးမြို့မှာဝယ်စားမိတော့မှတန်ဖိုးကြီးမားနေခဲ့တာကိုသိခဲ့ရတဲ့ပြည်ခရိုင်သဲကုန်းမြို့နယ်အုတ်တွင်းကုန်းကျေးရွာကတောင်သူဦးကြီးတွေရင်တွင်းစကားတေ။ွကလည်းစိတ်မကောင်းစွာကြားခဲ့ရပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေဆုံးရှုံးသွားခဲ့ပြီးတဲ့နောက်မှာနောက်ဆက်တွဲအကျိုးဆက်များစွာပေါ်ထွန်းလာခဲ့ပြန်တယ်။“ရွာမှာရေကြီးတော့ မျိုးစပါးတွေ စိုက်ပျိုးထားတဲ့ကောက်ပင်တွေဆုံးရှုံးရုံတင်မကတော့ဘူး ကလေးတွေကျန်းမာရေးနဲ့ပညာရေးတွေပါထိခိုက်လာတယ်”လယ်ယာမြေတွေအထိမကတော့ဘဲကျေးရွာတွေအတွင်းထိဝင်ရောက်လာတဲ့  မိုးရေတွေကြောင့် လမ်းပန်းဆက်သွယ်မှုပျက်စီး၊ငွေကြေးအင်အားမပြည့်စုံ၊စာသင်ကျောင်းအတွင်းရေများလွန်စွာဝင်ရောက်ခဲ့လို့စာသင်မှုတွေရပ်ဆိုင်းထားရတာတွေ့ကြုံခဲ့ရပါတယ်။ ကျန်းမာရေးအနေနဲ့ မြို့နယ်ကျန်းမာရေးဌာက ကူညီဖေးမမှုတွေကြောင့်အဆင်ပြေခဲ့ပေမဲ့ပညာရေးကဏ္ဍတွေမှာတော့ ထိခိုက်စေခဲ့တယ်။ အခုလိုဖြစ်ရပ်များစွာဟာ တစ်နေရာထဲတွင်မကတော့ပဲ တစ်နိုင်ငံလုံးအနေနဲ့ကူးဆက်ရောဂါသဖွယ်အဆင့်ဆင့်ပြန့်ပွားလာခဲ့တာာတစ်နိုင်ငံလုံးအတိုင်းအတာထိဖြစ်သွားခဲ့တယ်။ကျွန်တော်တို့နိုင်ငံမှာကျေးရွာပေါင်း(၆၀၀၀၀)ခြောက်သောင်းကျော်ရှိပါတယ်။စိုက်ပျိုးရေးအခြေခံတည်ဆောက်ထားတဲ့နိုင်ငံအနေနဲ့ ယခုလို ဖြစ်ရပ်မှန်တွေကိုမည်ကဲ့သို့အစိုးရကဖြေရှင်းဆောင်ရွက်ပေးသွားမယ်ဆိုတာကိုတော့မသိပါ။ယခုလိုဖြစ်ပေါ်နေတဲ့အခြေအနေများကိုတော့သိစေလိုပါတယ်။ သီးနှံများစိုက်ပျိုးရာမှာ အထွက်နှုန်းကောင်းရရှိစေရန်အတွက် ရေ၊မြေ၊ရာသီဥတုများကောင်းမွန်ရန်လိုအပ်ပါတယ်။စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်စိုက်ပျိုးမှ သီးနှံအထွက်နူန်းကောင်းမှာဖြစ်သလို ဘယ်လောက်မျိုးကောင်းမျိုးသန့်ဖြစ်နေပါစေ ရေ၊မြေ၊ရာတုဥတုဒဏ်ကျရောက်လာပါကလည်း အလွယ်တကူဆုံးရှုံးခဲ့ကြရပြန်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ တောင်သူလယ်သမားများကိုသာအားကိုးစွာဖြင့် ပြည်ပသို့တင်ပို့နေတဲ့သီးနှံများရှိပါတယ်။ဆန်/စပါး၊မတ်ပဲ၊ပဲစင်းငုံ၊အစေ့ထုတ်ပြောင်း၊မြေပဲ၊နှမ်း၊နေကြာစေ့၊၀ါ၊ဂုန်လျှော်၊ရော်ဘာ၊ဆီအုန်း၊သစ်ဆိမ့်ဆီ တို့ကိုအများအားဖြင့် ပြည်ပသို့တင်ပို့လျှက်ရှိနေပါတယ်။သီနှစိုက်ပျိုးကြတဲ့ တောင်သူတောင်သားလယ်သမားခြံသမားယာသမားတွေဟာ ခုထိဒီပုတ်ထဲကဒီပဲအဆင့်တွေနဲ့ဘ၀ဆုံးသည်အထိနေထိုင်ခဲ့ရတယ်။ပြောင်းလည်းလာတာဆိုလို့ အသက်တွေကြီးလာတာပဲရှိတယ်။
ဓါတ်ပုံ-(မောင်ပန်ကာ-ပြည်)
မြန်မာနိုင်ငံမှာ  စိုက်ပျိုးမြေဧက ၄၆ ဒဿမ ၃၄ သန်းကျော်ရှိလာပါပြီ။မိုးစပါးဧက (၁၇)သန်းကျော် နဲ့ နွေစပါးဧက (၂)သန်းကျော် စုစုပေါင်းစပါးစိုက်ဧက သန်း(၂၀)နည်းပါးခန့်ရှိလာခဲ့ပါတယ်။။ပြည်တွင်းမှာရှိတဲ့တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ခွဲခြားပြရမည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မိုးစပါးဧက(၃၆)သိန်းကျော်၊နွေစပါးဧက(၁၂)သိန်းကျော်၊ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မိုးစပါးဧကသိန်း(၃၀)ကျော်၊နွေစပါးဧက(၄)သိန်းကျော်၊ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မိုးစပါးဧက(၁၁)သိန်းကျော်၊နွေစပါးဧက(၂)သိန်းကျော်၊မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မိုးစပါးဧက(၁၀)သိန်းကျော်၊နွေစပါးဧက(၂)သိန်းကျော်၊မွန်ပြည်နယ်မှာ မိုးစပါးဧက(၁၀)သိန်းကျော်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ မိုးစပါးဧက(၃)သိန်းကျော်၊နွေစပါးဧက(၃)သောင်းကျော်၊ကချင်ပြည်နယ်မှာ မိုးစပါးဧက(၅)သိန်းကျော်၊ကရင်ပြည်နယ်မှာ မိုးစပါးဧက(၅)သိန်းကျော်၊နွေစပါးဧက(၁)သိန်းကျော်၊ရခိုင်ပြည်နယ်အတွင်းမှာ နွေစပါးဧက(၂)သောင်းကျော်စိုက်ပျိုးလျှက်ရှိနေခြင်းဟာ မြန်မာနိုင်ငံတွင် တောသူတောင်သားလယ်သမားများ၏ စိုက်ပျိုးရေးကိုမည်မျှအားကိုးရသည်ကိုမြင်တွေ့နိုင်စေပါတယ်။ယခုကျွန်တော်တို့အားကိုးရတဲ့တောသူတောင်သားလယ်သမားအများစု လယ်ကွင်းထဲမှ တရားရုံးများဆီသို့ရောက်ရှိနေကြရတယ်။နိုင်ငံတော် အတွင်းမှာရှိတဲ့ စစ်တပ်မှသိမ်းဆည်းထားတဲ့ တချို့မြေများအား သက်ဆိုင်ရာတောင်သူလယ်သမားတွေထံသို့လွဲပြောင်းပေးနေခဲ့လို့လက်ခံရရှိခဲ့တဲ့တောသူတောင်သားလယ်သမားများ ဘ၀အတွက်စိတ်အေးရပေမဲ့ မရရှိသေးတဲ့ တောသူတောင်သားလယ်သမားအနေဖြင့် တရားရုံးရောက် အချုပ်ထဲရောက်နေမှုများစွာလည်းရှိနေခဲ့ပါတယ်။အဆင့်ဆင့်ရောင်းချသိမ်းဆည်းခဲ့တဲ့လယ်မြေများအတွက်နောက်ဆုံးနစ်နာသူမှာ တောင်သူလယ်သမားများသာဖြစ်ပါတယ်။ပွင့်လင်းမြင်သာတယ်ဆိုတဲ့ဒီမိုကရေစီအစိုးရအနေဖြင့် နိုင်ငံအတွက်တစ်စိတ်တစ်ဒေသအားကိုးရတဲ့တောသူတောင်သား လယ်သမားအရေး အလေးထားဆောင်ရွက်စေလိုပါတယ်။ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆန်စပါးတောင်လိုပုံဆိုသည့်ရှေးစကားပုံကို သရုပ်ဖော်စေလို၍  အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်းရေးသားတင်ပြအပ်ပါတယ်။

ပြည်သတင်း
www.facebook.com/pyaynews
.

0 comments:

Post a Comment

Facebook Like Page