Sunday, October 11, 2015

ပျက်စီးသွားသော မီးပုံးကလေးများ

Leave a Comment

ပျက်စီးသွားသော မီးပုံးကလေးများ



K3(pyay)

အောက်တိုဘာလ ၁၁ ရက် ၂၀၁၅ ခုနှစ်



မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့……………




ပ၀ါရဏာပွဲဆိုသည်မှာ.. 



ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲဖြစ်ပါသည်။



မီးမြင့်မိုရ်ပွဲ (သို့) ဆီမီးမြင့်မိုရ်ပွဲတော် ဆိုသည်မှာ..



သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။



ဝါလကင်းလွတ်သီတင်းကျွတ်လသို့စ၀င်လာသည့် နေ့ရက်များနှင့်အတူ မြန်မာတစ်ငံလုံးရှိ မြို့ကြီးများစွာတွင် ဗျောက်အိုးပေါက်ကွဲသံများဆူညီစွာ ပေါ်ထွက်လာသည်က နှစ်စဉ်နှစ်တိုင်းလိုလို ရိုရာဓလေ့တစ်ခုပမာ ဖြစ်ပေါ်လာသည်။ ဗျောက်အိုး ဆိုသည်မှာ ယမ်းစိမ်းနှင့်အခြားဓာတ်သတ္ထုအချို့နှင့်ပေါင်းစပ်ကာ စီမံ၍ တီထွင်ထားသည့်ပေါက်ကွဲစေသောပစ္စည်းဖြစ်သည်။ ဗျောက်အိုးသည် အမျိုးစားပေါင်း များစွာနှစ်တိုင်းလိုလိုအသစ်ဆန်းများဖြင့် သီတင်းကျွတ်ကာလရောက်တိုင်းများစွာပေါ်ထွက် အင်အားပြင်းထန်သည့် မြေတုန်ဗျောက်အိုးများရှိသလို အခြား ငါးစက္ကန့်၊တစ်ဆယ်စက္ကန့်စသည့်အချိန်ကိုက်ဗျောက်အိုးများလည်းရှိသည်။ ဗျောက်အိုးအပြင်အခြားမီးပန်းအလှထွက်သည့် မီးရှုးမီးပန်းများစွာ ဒီဇိုင်းအမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားခြားနားစွာ စိတ်ဝင်စားဖွယ် ဗျောက်အိုးများနှင့်မီးရှုးမီးပန်းများကြောင့် ရယ်ရွှင်ဖွယ်ဟာသဖြစ်ရပ်အမှန်များရှိခဲ့သလို ၀မ်းနည်းကြေကွဲဖွယ်ဇာတ်လမ်းများစွာကြုံတွေ့ခဲ့ရဘူးသည်။



ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ..



မြတ်ဗုဒ္ဓ နတ်ပြည်မှ ကြွချီတော်မှုပုံအား လူ့ပြည်မှ လူသားတို့မြင်ခဲ့ရာမှာ ကရမက်၊ဆန္ဒကူး၊နံ့သာဖြူ စသည့်ရနံ့ထုံသင်းမွှေးပျံ့သည့် ထင်းများအား မီးမွှေး၍ အမွှေးနံ့သာများပှုဇော်လာခဲ့ရာမှ အစချီကာ ယခုပျော်ရွှင်ဖွယ်ဗျောက်အိုးဖောက်သောခေတ်သို့ရောက်ရှိခဲ့သည်။ ဗျောက်အိုးများကို တရုတ်နိုင်ငံမှအများဆုံးထုတ်လုပ်လျှက်ရှိနေပြီး မြန်မာပြည်မှာ သီတင်းကျွတ်ရောက်တိုင်း တဒုန်းဒုန်း၊တစ်ဒိုင်းဒိုင်း အသံများပေါ်ထွက်လာခဲ့သည်။ တစ်ချို့သော ဘုန်းကြီးပျံဇာပနပှုဇော်ပွဲများတွင် ဗျောက်အိုးများဖောက်ခဲ့သလို၊တစ်ချို့သော နာရေးများတွင်လည်းဗျောက်အိုးဖောက်၍ လိုက်ပါပို့ဆောင်နေမှုများကြုံတွေ့ခဲ့ရသည်။ ဗျောက်အိုးသည် မြန်မာပြည်၏ ထုံးတမ်းအစဉ်အလာရိုးရာဓလေ့သဖွယ် တရုတ်နှစ်သစ်ကူး ဗျောက်အိုးမှ မြန်မာသီတင်းကျွတ်ကာလမှာဆော့ကစားသည့်ဗျောက်အိုးသို့ ကူးဆက်ရောဂါသဖွယ်ပျံ့နှံ့လာခဲ့တော့သည်။



ရယ်ရွှင်စရာအထိတ်တလန့်ဖြစ်ရပ်…



လွန်ခဲ့သည့် လအနည်းငယ်က မြန်မာတစ်နိုင်လုံးနီးပါး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေဘေးတစ်ခုအား ပူပူနွေးနွေးခံစားလာခဲ့ကြသည်။ထိုအချိန် တာတမံ၊ဆည်မြောင်း၊မြစ်ချောင်းအင်းအိုင်အစရှိသည့်နေရာဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူရဟန်းရှင်လူအများ စိုးရိမ်ထိတ်လန့်စွာ နေထိုင်လျှက်ရှိသည်။ထိုအထဲတွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တ္တလင်းမြို့တစ်ခုလည်းအပါဝင်ဖြစ်သည်။ ၄င်းမြို့နှင့်၏ အနောက်ဘက် ဆယ်မိုင်ခန့်တွင် ရေကြီးရေနစ်မြုပ်မှုကြုံတွေ့နေရသည့် ကျေးရွာလေးတစ်ရွာရှိသည်။ ထိုကျေးရွာလေးအနီးတွင် ကန်တစ်ရာဟု နာမည်ကြီးသည့် ငါးကန်ပေါင်းတစ်ရာကျော်လည်း ရေအောက်သို့ဆုံးဆုံးနစ်မြုပ်ခဲ့ရာ ထိုနယ်တစ်ဝိုက်မှာတွင် ပျက်စီးမှုတန်ဖိုးတွက်ဆမရနိုင်ခဲ့ပါ။ထိုကန်တစ်ရာအနီးဝန်းကျင်တွင် ဆည်တစ်ခုရှိသည်။ ထိုဆည်ကျိုးပါက သေနတ်သံ သုံးချက်ဖောက်၍ သတိပေးမည် ထိုအခါလွတ်အောင်သာပြေး ဆည်အခြေအနေတွေကိုလည်း အချိန်နှင့်အမျှသတင်းထုတ်ပြန်ပေးမည်ဟု ကျေးရွာလေးအတွင်း ထိုသတင်းက ဘယ်ကဘယ်လိုရောက်လာသည်မသိ သတိပေးသံများခဏအတွင်းပျံ့နှံ့သွားခဲ့သည်။ နှစ်ရက်ခန့်အကြာ တစ်ရက်သော နံနက်ပိုင်းအချိန်တွင် ထိုကြေငြာခဲ့သည့် ရွာအနီး သေနတ်သံ ဒိုင်း ဒိုင်း ဒိုင်း ဟူ၍ သုံးချက်ကြားခဲ့ကြ၍ တစ်ရွာလုံး အထုပ်ပြင်သူပြင် လှေဆွဲသူဆွဲ ဟိုပြေးဒီပြေးနှင့် တစ်ရွာလုံးအလုပ်ရှုပ်ခဲ့ကြသည်။ ဘေးလွတ်ရာ မြို့ပေါ်နှင့် အခြားဆည်နှင့်ဝေးရာ ကျေးရွာများတွင် တစ်မနက်အတွင်းပြောင်းသူကပြောင်းဖြင့် ၀ရုန်းသုံးကား ဖြစ်နေခဲ့သည်။ နံနက်ပိုင်းပစ်ဖောက်ခဲ့သည် သေနတ်သံ သုံးချက်ကြောင့်ပြောင်းရွေ့သူများသည် ညနေစောင်းအချိန်အထိ တက်ရောက်လာမည့် ဆည်မှကျိုးလာသည့် ရေအားစောင့်မျှော်နေသော်လည်း ကိုယ်တော်ချောကမျှော်သာမျှော်ပေါ်မလာခဲ့။သေချာစွာစုံစမ်းကြည့်တော့ ထိုကျေးရွာအနီး တစ်ဖက်ရွာတွင် ဘုရားထီတော်တင်ရာ မြေတုန်ဗျောက်အိုးဖောက်သည်ဟူ၍၄င်း၊သေနတ်သုံးချက်ဖောက်၍ ထီးတော်တင်လှူခဲ့သည်ဟူ၍၄င်း နှစ်မျိုးခြားနားစွာပေါ်ထွက်လာရွေ့ ပြောင်းရွေ့သွားကြသည့် ရွာသူရွာသားများ ငိုအားထက်ရယ်အားသန်ခဲ့ကြသလို အပြေးကောင်းသည့် မာရသွန်ရွာဟု တခြားရွာများက လှောင်ပြောင်ကျယ်ဆယ်ခြင်းခံရသည်အထိ နာမည်ကြီးစွာပေါ်ထွက်လာခဲ့လေသည်။ ရယ်မောစရာဆိုသလို ရယ်ခြင်း၏နောက်ကွယ်တွင် မောစရာဟူသည်လည်းရှိနေသည်။သိပ်မကြာလိုက်ပါ ထိုရွာအနီးလေးမှာတင် လေပြင်းထန်စွာတိုက်ခဲ့မှုကြောင့် နေအိမ် ငါးဆယ်နီးပါးပျက်စီးခဲ့ရသည်။ထိုအပြေးကောင်းသည့် ကျေးရွာကတော့ ရေများမကျ အလှူရှင်မလာ ဒုက္ခများစွာကြုံတွေ့ခဲ့ရကြောင်းသိခဲ့ရသည်။



ကိုယ်တွေ့ဖြစ်ရပ်အမှန် မှတ်တမ်း..



လွန်ခဲ့သော နှစ်ကဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်လေးတစ်ခုဖြစ်ပါသည်။ ပြည်မြို့ ရွှေဆံတော်ဘုရားကြီးအနီး ဆံတော်ရပ်ကွက်အတွင်းတစ်နေရာမှာပါ။ သီတင်းကျွတ်ရောက်ချိန်တိုင်း ဗျောက်အိုးများ မီးရှုးမီးပန်းများ ဒီဇိုင်းအမျိုးမျိုးပေါ်ထွက်လာသလို နှစ်စဉ်မိဘများမှ သားသမီးများအား စိတ်ကြေနပ်စေရန် ဗျောက်အိုး မီးရှုးမီးပန်းများ ၀ယ်ယူပေးတတ်ကြသည်။ တစ်နေ့သော သီတင်းကျွတ်လ၏ တစ်ရက်မှာ သားဖြစ်သူ ဗျောက်အိုးပှုဆာလှသဖြင့် မိဘများမှ ရပ်ကွက်အတွင်းရောင်းချသည့် ဗျောက်အိုးဆိုင်တစ်ခုမှ မီးပန်းလေးများဝယ်ပေးခဲ့လေသည်။ အဖော်မရှိသေးသည့် ငါးနှစ်အရွယ်ကလေးငယ်သည် မိဘများနှင့်အတူတူမီးပန်းများအား နေအိမ်ခြံဝန်းအတွင်းဆော့ကစားခဲ့စဉ် ဖခင်ဖြစ်သူမှ မီးတို့ပြီးသား မီးပန်းလေးအား ငါးနှစ်အရွယ်သားငယ်လေးထံသို့လွဲပြောင်းပေးလိုက်သည်နှင့်ကလေး၏မျက်စိတွင် အဆန်းပြားဖြစ်နေသည့် ထိုမီးပန်းလေးအား ယူလိုက်စဉ် ထိုမီးပန်းမှ မီပွားကလေးများ တရှဲရှဲနှင့်ထွက်လာပုံကို ကလေးကလက်ဖြင့်ကိုင်ပြီးမှ ထိတ်လန့်သွားဟန်ရှိပြီး ကြောက်စိတ်ဖြင့် လှုပ်ရန်းလိုက်ရာ ထိုမီးပွားများ မျက်စိအတွင်းထိကာ ကလေးငယ်အား ဆေးခန်းမှတဆင့် ဆေးရုံသို့ပို့ရာ ထိုကလေး၏မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည်။ငယ်ငယ်က ရပ်ကွက်အတွင်း ဆိုးသွမ်းသည့် လူငယ်တစ်စုရှိသည် ဆယ့်ငါးနှစ်ဝန်းကျင်ရှိသည့် ထိုလူငယ်တစ်စု နှစ်စဉ် သီတင်းကျွတ်ရောက်တိုင်း စီးကရက်အစီခံအလုံးလောက်ရှိသည့် ငါးစက္ကန့်ဗျောက်အိုးများဝယ်ယူ၍ ရပ်ကွက်အတွင်းမှ ပုတ်သင်ညို များဖမ်းကာ ပုတ်သင်ညို၏ပါးစပ်ထဲသို့ ထိုဗျောက်အိုးတစ်ခုထည့် ဗျောက်အိုးထိတ်ရှိ အနီရောင်မီးတို့ရန်နေရာအား မီးတို့၍ ကဲမင်းကိုငါတို့မဖမ်းတော့ဘူး မင်းလွတ်ရာကျွတ်ရာသွားနိုင်ပြီ ဟူ၍ ပြောကာ လွတ်ပေးလိုက်သည်။ ငါးစက္ကန့်မျှသာကြာမြင့်သည့် အချိန်တိုလေးအတွင်း လေးငါးလှမ်းမျှသာပြေးလိုက်ရသည့် ပုတ်သင်ညိုလေးသည် ဒိုင်းကနဲမြည်ဟိန်းသွားပြီးနောက် ပုတ်သင်ညို၏ ခေါင်းတစ်ခုကြေပွသွား၍ နေရာမှတွင်အသက်သေဆုံးခဲ့သည်။သိပ်မကြာသော နှစ်ရက်လောက်တွင် ကလေးငယ်တစ်ရောက် ဗျောက်အိုးများကိုင်ကာ ရပ်ကွက်လမ်းတွင်ပျော်ရွှင်စွာဖောက်နေသည်။ ထိုကလေးသည် နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ ဗျောက်အိုးများဖောက်လေ့ရှိ၍ မိဘများမှ ဒီတိုင်းလွတ်ထားသည်။ ဆယ်နှစ်အရွယ်က လမ်းသွားလမ်းလာများ သူပစ်ထားသည့် ဗျောက်အိုးပေါက်မည့်အချိန်နှင့်လမ်းသွားလာသူများဗျောက်အိုးနားရောက်ချိန် အချိန်ကိုက်စွာဗျောက်အိုးဖောက်တတ်သည်။သူချထားသည့်ဗျောက်အိုးနား လမ်းသွားသူတစ်ယောက်ရောက်ရှိချိန်ဗျောက်အိုးမှ ဒိုင်းကနဲပေါက်သည်ကို ထိတ်လန့်သွားပုံများကိုကြည့်၍ ပျော်ရွင်စွာရယ်မောနေတတ်သူဖြစ်သည်။ သိပ်မကြာပါ အမျိုးသမီးသုံးဆယ်ဝန်းကျင်ခန့်တရွေ့ရွေ့ဖြတ်လျှောက်လာသည်။ ထိုကလေးချထားသည့်ဗျောက်အိုးနားအရောက် ဗျောက်အိုးမှ ဒိုင်ဆို၍ ပေါက်ကွာသွားသည်။ ထိတ်လန့်မှုကြောင့် ထိုအမျိုးသမီးနေရာတွင်လဲကျသွားသည်။ ထိုလဲကျသွားပုံကြည့်၍ ထိုကလေးမှ နောက်ထပ်ဗျောက်အိုးတစ်လုံးကို မီးတို့သည်။ မီးမဆွဲသေးဘူးထင်၍ ဆက်တို့ရာမှ ကိုင်ထားသည့် လက်ထဲမှာတွင် ဗျောက်အိုးပေါက်သွားသည်။ ထိုကလေး၏ လက်ညိုး နှင့် လက်မ ထိပ်ပိုင်းများ ပဲ့ထွက်သွားသည်။ထိုအခါမှမိဘများထွက်လာ၍ သားဖြစ်သူအားဆေးခန်းပို့၍ လဲကျနေသည့်အမျိုးသမီးအားဆေးရုံပို့ခဲ့ရသည်။ ထိုအမျိုးသမီးတွင် နှလုံးရောဂါဝေဒနာရှင်တစ်ဦးဖြစ်ပေသည်။ကံကောင်းပေ၍ ထိုအမျိုးသမီးအသက်မသေခဲ့ပါ။ထို့အပြင် အခြားသောရပ်ကွက်များမှ မီးပုံးပျံများလည်း လွတ်တင်ခဲ့ရာ အမြင့်မရောက်ဘဲ မီးပုံးပျံနံရံ ပလပ်စတစ်များအားမီးစွဲကာ သက်ငယ်အမိုးများပေါ်သို့ကျသွားရာမှ မီးလောင်ကျွမ်းမှုများလည်းဖြစ်ပေါ်ခဲ့ဘူးသည်။



ထိုကဲ့သို့ ဖြစ်ရပ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်နှစ်စဉ်နှစ်တိုင်းလိုလိုဖြစ်ပေါ်လျှက်ရှိနေသည်။ သက်ဆိုင်ရာ ဌာနများမှ ဗျောက်အိုးတွေမရောင်းရ တွေ့ရှိကဖမ်းစီးအရေးယူမည်ဟူ၍ ကြေငြာချက်များနှစ်တိုင်းလိုလိုထုတ်ပြန်လျှက်ရှိပါသည်။ ထိုကြေငြာချက်များကို မြန်မာနိုင်ငံမှ ကလေးငယ်များမှစ၍ လူကြီးများအထိ ထိရောက်သေချာစွာမထုတ်ပြန်ခဲ့ပါ။ထုတ်ပြန်ခဲ့လည်း မည်သူမှလိုက်နာခြင်းမရှိပါ။ထို့ကြောင့်လည်း ထုတ်ပြန်သည့် လူကြီးများ၏ သားသမီးမြေးများသည်လည်း ယခုလိုဗျောက်အိုး၊မီးရှုး၊မီးပန်း များအားဆော့ကစားလျှက်ရှိနေသည်။ မည်သို့ပင်ဖြစ်နေပါစေ မိမိသားသမီးမြေး များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးမသွားစေရန် မိမိတို့ ဖိုးဖိုး ဖွားဖွား ဖေဖေ မေမေ လူကြီးများတွင်သာ အဓိကတာဝန်ရှိနေပါသည်။ ထုတ်ပြန်သည့် ဥပဒေလိုက်နာခြင်း မလိုက်နာခြင်းက မိမိကိုယ်ပိုင်ဆုံးဖြက်ချက်ပါ။ ထို့ကြောင့်လည်း ၀ါလကင်းလွတ် သီတင်းကျွတ်သို့မရောက်သေးခင် တော်သလင်း လသို့စရောက်ချိန်မှာတွင် ဗျောက်အိုးသံများ မြန်မာပြည်အနှံ့ဆူညံစွာပေါ်ထွက်လျှက်ရှိပါသည်။ ထိုဗျောက်အိုးဖောက်ခြင်းအတွက် ရယ်ပြီးတဲ့နောက်မှာမောစရာတွေဖြစ်လာတတ်ပါသောကြောင့် ဗျောက်အိုးရဲ့နောက်ကွယ်ရယ်ပြီးမောရတတ်တယ်ဆိုသည့်အကြောင်း သီတင်းကျွတ်လသို့ရောက်ရှိချိန်တိုင်း ပျက်စီးသွားသည့် မီးပုံးကလေးများသဖွယ် ကလေးလူငယ်လူရွယ်လူကြီး သတိထားတတ်နိုင်စေရန် တစ်လေးတစ်စားအလေးထားကာ ရေးသားပါတော့သည်။

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page