Thursday, May 21, 2015

သင်္ချိုင်းမြေကို သိမ်းဆည်းပြီး အုပ်ချုပ်ရေးပိုင်းမှ မြေကွက်ရိုက်ယူနေခြင်းကို ဒေသခံများမကျေနပ်....ကိုလေး (ပြည်)

Leave a Comment

သင်္ချိုင်းမြေကို သိမ်းဆည်းပြီး အုပ်ချုပ်ရေးပိုင်းမှ မြေကွက်ရိုက်ယူနေခြင်းကို ဒေသခံများမကျေနပ်
----- ----- ----- -----
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ ရွာဘဲရပ်ကွက်၊ စည်ကြီးဆွဲနယ်မြေရှိ ယခင်က ကန်တော်ဦးသုသာန်ဟောင်းအား မြေမြုပ်မီးသင်္ဂြိုဟ်ခြင်းမပြုတော့ဘဲ သိမ်းဆည်းထားရာမှ ယင်းမြေကွက်ပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုအဖွဲ့များက လာရောက်အကွက်ရိုက်သိမ်းယူနေမှုအပေါ် ဒေသခံများ ကျေနပ်မှုမရှိကြကြောင်း သတင်းရရှိသည်။

အဆိုပါ သုသာန်ကို ၂၀၀၅ ခုနှစ် မှစတင်၍ မြေမြုပ်မီးသင်္ဂြိုဟ်ခြင်း မပြုတော့ဘဲ စည်ပင်ပိုင်မြေအဖြစ် သိမ်းဆည်းထားခဲ့ကြောင်း၊ ယင်းမြေကွက်ပေါ်တွင် ၆-၅-၂၀၁၅ ရက်မှစတင်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအဖွဲ့မှ စက်ဖြင့်မြေကွက်ပြုပြင်နေပြီး ၇-၅-၂၀၁၅ ရက်နေ့တွင် မြေစာရင်းဦးစီးအဖွဲ့နှင့် တာဝန်ရှိသူများလာရောက်နေရာ သတ် မှတ်နေကြကြောင်း ယင်းအကွက် ပေါ်တွင် ပေ (၄၀x၆၀)မြေကွက်ပေါင်း ၄၆ ကွက် ရိုက်ပြီး မြို့ပေါ်ဌာနဆိုင်ရာရုံး ၉ ရုံးကို ထားရှိမည်ဖြစ်ကြောင်း၊ ယင်းမြေကွက်နှင့် ပလပ်သည်ဟုယူဆရသော မြေကွက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မိသားစုများက လာရောက်ခြံခတ်ထားကြောင်း သိရသည်။ ၆-၅-၂၀၁၅ ရက်နေ့တွင် ဒေသခံဆင်းရဲသားများ အကွက် ၀င်ရိုက်သည့်အခါတွင် အုပ်ချုပ်ရေးအဖွဲ့မှ လာရောက်တားမြစ်ကြောင်း ဒေသခံများက ပြောကြသည်။

''ကျွန်တော်တို့ ဒီသုသာန်မြေပေါ်မှာ အုပ်ချုပ်ရေးမှူးနဲ့ သူ့မိသားစုဝင်တွေက ခြံတွေလာခတ်ကြတယ်။ လူငှားတွေနဲ့ ပိုက်ဆံပေးခတ်ခိုင်းတာ။ ဒီဘက် ဘုရားရဲ့ နောက်ကျောဘက် ငှက်ပျောပင်တွေရှိတဲ့ ဘက်ကျတော့ ရာအိမ်မှူး ဦးသံလုံးကလာပြီး နေရာဦးပြီး ခြံခတ်သွားတယ်။ ကျွန်တော်တို့က ပထမ သင်္ချိုင်းမြေနေရာကတည်းက ဒီနေရာလေးမှာ သီးပင်စားပင်တွေ စိုက်ထားပြီး ကြိုက်တဲ့လူခူးစားဆိုပြီး ထားတာ။ အခု သူတို့က ဒီနေရာလေးကိုပါလာပြီး ဦးသွားပြန်ပြီ။ အခု အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ဆိုရင် အရင်က သုသာန်ဘေးမှာ ကြက်ဆူစိုက်ခင်းစီမံကိန်းလုပ်တဲ့ မြေနေရာလေးကိုလည်း သူပဲယူပြီး အခုအိမ် ဆောက်ပြီး အိမ်ငှားစားနေတာ၊ အိမ်ခန်း ၄ ခန်း ရှိတယ်။ တကယ်ဆို အိမ်ပိုင်ယာပိုင်မရှိတဲ့ လူတွေတပုံကြီး၊ သူတို့တွေ ဒီမှာလာပြီး ခြံခတ်ကြတုန်းကတော့ လာတားတာနဲ့ အိမ်မဆောက်လိုက်ရဘူး။ မနေ့ကပဲ သူ့သမီးနဲ့ သမက် အဲဒီရိုက်ထားတဲ့ ခြံကွက်ထဲမှာ ထိုင်နေသေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေအကုန်လုံး မကျေနပ်ကြဘူး။ အဲဒီ ကိစ္စအတွက် ကျွန်တော်တို့တွေ လက်မှတ်ထိုးပြီး အထက်အဆင့်ဆင့်ကို တင်ပြ တိုင်ကြားသွားပါမယ်''ဟု ဒေသခံ ကိုစန်းလှိုင် က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးဦးဝင်းကြိုင်အားမေးမြန်းရာ ၎င်းတို့အကွက်ရိုက်ထားခြင်း မဟုတ်ကြောင်း၊ ကျုးကျော်အိမ် ၂၁ လုံးရှိကြောင်း၊ ၎င်းအိမ်များလည်း မလွတ်လျှင်ဖယ်ရမည်ဖြစ်ကြောင်း ပြောသည်။ မည်သူ လာရောက်ခြံခတ်သွားကြောင်းကိုမူ တိတိကျကျ မပြောခဲ့ပေ။

ယခင်က ကန်တော်ဦးသုသာန်မြေကို စွန့်လိုက်သဖြင့် အစိုးရပိုင်မြေဖြစ်သွားကြောင်း၊ ယင်းနောက် အစိုးရရဲ့ ဌာနဆိုင်ရာရုံးတွေ၊ အဖွဲ့အစည်းတွေကို ပြန်လည်နေရာချထားပေးခဲ့ကြောင်း၊ ကျုး ကျော်ခြံစည်းရိုးခတ်ခြင်းနှင့်ပတ်သက်၍ မြေကြီးမြေပုံရှိကြောင်း၊ ရှိပြီးသားမြေပုံအတွင်းကိုမှ ၀င်ရောက်ကျုးကျော်နေပါက ဥပဒေအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးကြည် ၀င်းက ပြောသည်။

ကိုလေး (ပြည်)  မှ ပြည်သတင်းသို့ပေးပို့သည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)တင်ဆက်သည်။


0 comments:

Post a Comment

Facebook Like Page