လယ်ပြန်ပေးသောအစိုးရသာ ရွေးကောက်ပွဲအောင်နိုင်ပါစေ ဟုလယ်သိမ်းခံတောင်သူများဆုတောင်း
ပြည့်သဲမောင်(ပြည်)09423671883
မြန်မာ့ကြံဌါန၏ လယ်ယာမြေများသိမ်းဆည်းခြင်းကိုခံခဲ့ရသော ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ကျေးရွာလေးရွာမှ လယ်သမားများသည် မတ်လ ၁၈ ရက်က “လယ်ပြန်ပေးသောအစိုးရသာ ရွေးကောက်ပွဲအောင်နိုင်ပါစေ”ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
“အခုအစိုးရလက်ထက်မှာ လယ်ပြန်ရဖို့မျှော်လင့်လို့မရတော့ဘူး။ ၂၀၁၅
ရွေးကောက်ပွဲအပြီး နောက်တက်လာတဲ့အစိုးရ က ဓမ္မဦးချလုပ်လာတဲ့တောင်သူတွေကို
လယ်ယာမြေပြန်ပေးနိုင်တဲ့ အစိုးရ ဖြစ်ပါစေလို့ ဆုတောင်းတာပါ” ဟု
လယ်သိမ်းခံတောင်သူ ကိုစိုးဝင်းက ပြောသည်။
၁၉၉၆-၉၇ ခုနှစ်တွင် မြန်မာ့ကြံကသိမ်းယူခဲ့သည့် ပြည်မြို့ ရှမ်းကုန်း ၊ ရှမ်းစု ၊ အနောက်လက်ခုပ်ပင် ၊ ပန်းတင်ကျေးရွာလေးခုရှိ လယ်သမားများပိုင် လယ်ယာမြေ(၅၂၉၁)ဧက ပြန်လည်ရရှိရေးအတွက် လယ်သိမ်းခံလယ်သမား (၅၀)ကျော်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့မနက် ၉နာရီအချိန်တွင် ရှမ်းကုန်းကြံမျိုးပွားခြံ အတွင်းရှိ ကြံတိုင်းအောင် ဆုတောင်းပြည့် အောင်စေတီတော် နှစ်ကျိပ်ရှစ်ဆူ ဘုရားရင်ပြင်တော်တွင် သံင်္ဃာတော်ငါးပါးကို ပင့်ဖိတ်ကာ တရားတော်များနာယူ ဆုတောင်းမှုပြုလုပ်ခဲ့ကြသည်။
“ဒီနေ့ဒီအချိန်ဒီကာလမှစပြီးသကာလ မိမိကိုယ်ကိုယ်မိမိအားကိုးပြီးသကာလ အပြောနဲ့အလုပ်ကို တန်ဖိုးထားပြီးသကာလ သတ္တိရှိရှိအန္တရာယ်ကင်းကင်းမေတ္တာရှေ့ထားပြီးသကာလ လုပ်ဆောင်နိုင်ကြ ကုန်သော တောင်သူလယ်သမားသူရဲကောင်း သူတော်ကောင်းများ ဖြစ်အောင်ကြိုးစား နိုင်ကြပါစေ”ဟုလည်း တရားဟောဆရာတော်ဥူးပညာဝံဿ က လယ်သမားများကို ဆုပေးခဲ့သည်။
ယင်းလယ်ယာမြေများအနက် ၂၀၉ ဧက ကို DeliciousFoods နှင့် စုတက် ကုမဏီ ၊ ၈၄ ဧက ကို ပန်းတင်မျိုးပွားခြံတို့မှ လုပ်ကိုင်နေသည်။ ကျန်လယ်ယာမြေများကို သိမ်းဆည်းခံလယ်သမားများက လုပ်ကိုင်နေသော်လည်း လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ(၇)လျှောက်ထားခွင့်မရခဲ့ကြောင်း လယ်သမားများက ပြောသည်။
အဆိုပါလယ်ယာမြေများပြန်လည်ရရှိရေးအတွက် လယ်သမားများက ၂၀၁၃ခုနှစ် ဧပြီလအတွင်း ဆန္ဒပြပွဲနှင့် ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများစုံစမ်းစစ်ဆေးရေး ကော်မရှင်က လယ်ယာမြေများပြန်ပေးသင့်ကြောင်း လွှတ်တော်သို့တင်သွင်းထားသည်ဟုလည်း လယ်သမားများက ဆိုသည်။
သတင်းနှင့်ဓါတ်ပုံပြည့်သဲမောင်(ပြည်)09423671883

0 comments:
Post a Comment