လန်ဒန် သြဂုတ် ၂၃
တရုတ်နိုင်ငံတွင်းရှိ ကြက်မွေးမြူရေး ဈေးကွက်၌ရှိသော ကြက်များတွင် ကြက်ငှက် တုပ်ကွေး ရောဂါသစ် H7N7တစ်မျိုးကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု လေ့လာတွေ့ရှိမှု စာစောင်တစ်ခုတွင် ဖော်ပြထားချက် အရ သိရသည်။
ဟောင်ကောင် တက္ကသိုလ်မှ သုတေသီများသည် ကြက်ငှက်တုပ်ကွေး ရောဂါ (H7N9) နှင့်ပတ်သက်၍ ငှက်များကို လေ့လာခဲ့ကြရာတွင် အဆိုပါ ဗိုင်းရပ်စ်ပိုးသည် တောရိုင်းငှက်များထံမှ တစ်ဆင့် အိမ်မွေးဘဲများ ထံသို့ ကူးစက်ပြီး ယင်း မှတစ်ဆင့် ကြက်များထံသို့ ကူးစက် သွားခြင်းဖြစ်ကြောင်းကို တွေ့ရှိခဲ့ကြသည်။ ကြက်များကို ကူးစက်ခြင်းသည် လူသားများထံ ရောဂါပိုး ကူးစက်မှု၏ အခြေခံအကြောင်းရင်း ဖြစ်နိုင် ဖွယ်ရှိ ကြောင်း သုတေသီများက ပြောကြားသည်။
စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သုတေသီများသည် H7N7 ဟုခေါ်သော ရောဂါပိုးသစ် တစ်မျိုးကို ကြက်များတွင် တွေ့ရှိခဲ့ကြသည်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ကြက်ငှက် တုပ်ကွေး ရောဂါဆိုင်ရာ သုတေသန လုပ်ငန်းများတွင် လူသားကိုယ်စား စမ်းသပ်ခံအဖြစ် အသုံးပြု သည့် မြွေပါ ကတိုးဖြူများအား ပြင်းထန်သည့် အဆုတ်ရောင် ရောဂါကို ဖြစ်ပွားစေနိုင်ကြောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ စမ်းသပ်ချက် ရလဒ်များကို ကြည့်ခြင်း အားဖြင့် H7N7 ဗိုင်းရပ်စ်ပိုးများသည် ဘဲများမှ တစ်ဆင့် ကြက်များထံသို့ ကူးစက်နိုင်ဖွယ်ရှိကြောင်း သုတေသီတစ်ဦးဖြစ်သူ ကျူဟွာချန်က သတင်းထောက် များကို ပြောကြားသည်။ (H7N9) ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် တရုတ်နိုင် ငံတွင် သေဆုံးခဲ့သူ ဦးရေမှာ ပထမဆုံးအကြိမ် လူသေဆုံးခဲ့သည့် မတ်လမှစ၍ ယနေ့အချိန်အထိ ၄၅ ဦးရှိခဲ့ပြီ ဖြစ်သည်ဟု တရုတ် ကျန်းမာရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
0 comments:
Post a Comment