Wednesday, February 18, 2015

လောက်ကိုင် တိုက်ပွဲများအတွင်း အရပ်သား ၅၀ ကျော် သေဆုံးဖွယ်ရှိ

Leave a Comment

လောက်ကိုင် တိုက်ပွဲများအတွင်း အရပ်သား ၅၀ ကျော် သေဆုံးဖွယ်ရှိလာက်ကိုင်တွင် အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသခံ ၅၀ ကျော် သေဆုံးဖွယ်ရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲကြောင့် သေဆုံးသည့် ဒေသခံ ပြည်သူတွေ စာရင်းအတိအကျ မသိရှိသေးကြောင်း၊ ခန့်မှန်းခြေအရ လူဦးရေ ၅၀ ကျော် သေဆုံးကြောင်း၊ တရုတ်ပြည်နယ်စပ် နမ်စံမြို့တွင် စစ်ဘေးရှောင် ဒုက္ခသည် ၂ သောင်းကျော် ရှိနေကြောင်း ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းက ဧရာဝတီသို့ ပြောသည်။
“သေဆုံးတဲ့အထဲမှာ ကျနော်ရဲ့ အမျိုးတွေလည်း ပါတယ်။ ဘယ်နှယောက်ပါသွားလဲ ဆိုတာတော့ တိကျမသိဘူး။ အခု ကိုးကန့်ဒေသကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီ။ ရက်ပေါင်း ၉၀ အတွင်း ကျနော်တို့ ပြန်လည်ထူထောင်ရေး အတွက် လုပ်ဆောင်သွားမှာပါ” ဟု ဦးဟော်ရှောက်ချန်းက ဆိုသည်။
ကိုးကန့်ဒေသ ပြန်လည် ထူထောင်ရေးအတွက် တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ ပါဝင်သွားမည်ဖြစ်ကြောင်း၊ ပြည်လည် ထူထောင်ရေးအတွက်လည်း ဖောင်ဒေးရှင်း ဖွဲ့သွားမည်ဖြစ်ပြီး အလှူငွေများ လိုအပ်နေကြောင်း၊ တရုတ်ပြည်ရောက် ဒုက္ခသည်များ နေရပ်ပြန်လာရန်အတွက်လည်း ကူညီသွားမည်ဖြစ်ကြောင်း လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်က ဧရာဝတီသို့ ပြောသည်။
“ကိုးကန့်ဒေသကို အရင်အတိုင်း ပြန်ဖြစ်လာဖို့နဲ့ ပြည်သူတွေ နေရပ်အမြန် ပြန်နိုင်ဖို့ ဆုတောင်းနေရတယ်။ တပ်မတော်ကိုလည်း ကျနော်တို့ အားကိုးပါတယ်” ဟု ဦးကျော်နီနိုင်က ဆိုသည်။
ကိုးကန့်ဒေသအတွင်း တိုက်ပွဲကြောင့် လောက်ကိုင်မြို့တွင် နေထိုင်သည့် ပြည်သူများသည် လားရှိုးမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်မှုရှိသကဲ့သို့ တရုတ်ပြည် နယ်စပ်ဒေသသို့လည်း ထွက်ပြေး တိမ်းရှောင်မှုများရှိကြောင်း သိရသည်။
တရုတ်ပြည်နယ်စပ် နမ်စံမြိုတွင် ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် မစုစုသင်းက “ကျမတို့ တိုက်ပွဲဖြစ်တော့ ထွက်ပြေးလာတာ ဘာမှတောင် မယူနိုင်ဘူး။ လူတွေလည်း အများကြီး သေကြတယ်။ ဘယ်လောက်သေကြလဲ ဆိုတာတော့ အခုထိ အတိအကျ မသိရသေးဘူး။ တရုတ်ပြည်ဘက်ကို ထွက်ပြေးလာပြီး ဒုက္ခသည်စခန်းမှာ နေနေကြတာ ၂ သောင်းကျော်ရှိတယ်။ တချို့တော့ အခန်းတွေငှားပြီး နေကြတယ်။ ကျမရဲ့ အဘွားဆိုရင် ခြေထောက်ကို ကျည်ထိသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသရှိ ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံသားများ၊ အစိုးရဝန်ထမ်းများ၊ ရွေ့ပြောင်း အလုပ်သမားများ အပါအဝင် သောင်းနှင့်ချီ၍ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ကြရာတွင် မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးနှင့် ဆရာမ ၂ ဦးအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အရေးအပေါ်အခြေအနေ ကြေညာထားပြီး မူလအခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိစေရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ပုဒ်မခွဲ (ခ) အရ ယမန်နေ့တွင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကြေညာထားသည်။
တပ်မတော်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကိုးကန့်တပ်ဖွဲ့ဘက်မှ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင် တပ်မတော်(AA) တို့ ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီ

 လာရှိုးသို့ ရောက်ရှိလာသော ဒဏ်ရာရရှိထားသည့် စစ်ပြေးဒုက္ခသည် အမျိုးသမီးတဦး (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page