Thursday, December 18, 2014

အစိုးရ နုတ်ထွက်ပေးရန် ပြည်မြို့တွင် ဆန္ဒပြတောင်းဆို

Leave a Comment
ေေ ရေခဲ (ပြည်) 


ပြည် (မဇ္ဈိမ)။ ။ ယာဉ်စည်းကမ်း ကြီးကြပ်သူများ၏ ဒဏ်ကြေး ကောက်ခံမှုအပေါ် တိုင်ကြားမှုများ ပြုလုပ်ထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက်ဟုဆိုကာ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နှစ်ဆယ်ခန့်က
အစိုးရ နုတ်ထွက်ပေးရန် ဒီဇင်ဘာ ၁၈ ရက်တွင် ဆန္ဒပြတောင်းဆိုသည်။

“ယာဉ်စည်းကမ်းကို ဗန်းပြပြီး ဓါးပြတိုက်နေတဲ့အဖွဲ့ကို ကျွန်တော်တို့က တိုင်စာတင်တယ်။ ဆန္ဒပြမှုတွေလည်း လုပ်တယ်။ အစိုးရက အရေးမယူဘူး။ အစိုးရက တာဝန်မယူတော့ အားကိုးလို့မရတဲ့ အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတာ” ဟု ဆန္ဒပြခေါင်းဆောင် ကိုဝင်းလှိုင်က ဆိုသည်။

ပြည်မြို့၌ စည်းကမ်းမဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူရာတွင် တရားရုံးဒဏ်ကြေးအပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စီမံဒဏ်ကြေးပါ ပေးသွင်းရသည့်အတွက် ဆန္ဒပြမှုများ၊ တိုင်ကြားမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်ဟု ဆန္ဒပြသူတို့ကဆိုသည်။

ဆန္ဒပြသူတို့က ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် စုဝေး၍ ရန်ကုန်-ပြည်လမ်းအတိုင်း ချီတက်ခြင်း၊ ပြည်မြို့ CB BANK ရှေ့တွင်
ဟောပြောခြင်း၊ ထိုမှ တစ်ဆင့် မြို့မရဲစခန်း၊ ယင်းမှ ဗိုလ်ချုပ် ကျောက်ရုပ်ရှေ့သို့ ပြန်လည်ချီတက်၍ ဟောပြောခြင်းတို့ ပြုလုပ်ကြသည်။

မတ်လ နှင့် စက်တင်ဘာလ အတွင်းကလည်း ဆန္ဒပြမှုများပြုလုပ်ဖူးပြီး ယင်းကိုဦးဆောင်သူ ခေါင်းဆောင် ဦးဝင်းလှိုင်ကို ခွင့်ပြုချက်မရှိဘဲ
ပြုလုပ်မှုဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၈) ဖြင့် ထောင်ဒဏ်သုံးလ အပြစ်ပေးဖူးသည်။

http://www.mizzimaburmese.com/

0 comments:

Post a Comment

Facebook Like Page