Monday, November 3, 2014

ပြည်ရွှေဆံတော် ဘုရားပွဲ၌ နိုင်ငံရေးနှီးနွယ်ပစ္စည်းများ ရောင်းချခွင့်မပြု

Leave a Comment


သီဟလွင် (မြစ်မခ)

ပဲခူးတိုင်း ပြည်မြို့၌ ကျင်းပလျှက်ရှိသည့် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၀၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော် ဈေးဆိုင်းခန်းများနှင့် ပွဲတော်နယ်နိမိတ်အတွင်း နိုင်ငံရေးနှင့်ပတ်သက်သည့် စာသားအထိမ်းအမှတ်ပစ္စည်းများ ရောင်းချခြင်း၊ နိုင်ငံရေးဟောပြောခြင်းများအား ခွင့်မပြုဘဲ တားမြစ်ထားသည်ဟု ရွှေဆံတော်စေတီ ဂေါပက အဖွဲ့မှ သိရှိရသည်။

“နိုင်ငံရေးနဲ့ငြိစွန်းစေသော စာသားအထိမ်းအမှတ် ပစ္စည်းရောင်းချခြင်း၊ ဟောပြောခြင်းတွေကို ပွဲတော်နယ်နိမိတ်အတွင်းမှာ ပြုလုပ်လို့မရပါဘူး။ အဲဒါပတ်သက်ပြီးတော့လည်း တိတိကျကျ စည်းကမ်းတွေ ထုတ်ထားပြီးသားပါ”ဟု ရွှေဆံတော်စေတီဂေါပကအဖွဲ့ရုံး အုပ်ချုပ်ရေးမှူး ဦးငွေမောင်က ပြောသည်။

ထိုကဲ့သို့ မရောင်းချခိုင်းခြင်းမှာ ဘာသာရေးပွဲတော်ဖြစ်သဖြင့် နိုင်ငံရေးနှင့်မသက်ဆိုင်သောကြောင့် ထိုကဲ့သို့ တားမြစ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က ဗုဒ္ဓမြတ်စွယ်တော် ပြည်မြို့အတွင်းသို့ လှည့်လည်အပူဇော်ခံစဉ် တရားဝင်ဈေးဆိုင်ခန်းများဝယ်ယူ ကာ နိုင်ငံရေးပါတီအမှတ်တရပစ္စည်းများ၊ ပါတီဥက္ကဌပုံရိပ်များအား ရောင်းချခဲ့ဖူးသော်လည်း စေတီဂေါပက အဖွဲ့နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့ပြီး နောက်ပိုင်း ပွဲတော်များ၌ ရောင်းချခြင်းမပြုတော့ကြောင်း ပြည်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဦးမေတ္တာက ပြောသည်။

“အဲဒီအခြေအတင်ဖြစ်တဲ့နှစ် နောက်ပိုင်းမှာတော့ သူတို့တွေ စာထုတ် လိုက်တယ်။ ရောင်းချခြင်းမပြုရပေါ့ နောက်ပိုင်းတော့ ကျွန်တော်တို့လည်း အရှုပ်အရှင်းတွေမရှိချင်တော့ ထပ်မံရောင်းချတာမျိုးတွေ မလုပ်တော့ ပါဘူး။ ဒါပေမယ့် စနစ်တကျ ရောင်းချခဲ့တာပါ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပွဲတော်နယ်နိမိတ်အတွင်းအရက်သေစာ မူးယစ်ဆေးဝါး ရောင်းချခြင်းများကိုလည်း တရားဝင်တားမြစ် ထားပြီး ပစ္စည်းများရောင်းချသောဈေးဆိုင်တန်းများနှင့် အစားအသောက်ရောင်းချသော ဈေးဆိုင်တန်းများဟု အမျိုးအစားခွဲကာ  လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း ဈေဆိုင်များသို့ ပို့ပေးထားကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား အောက်တိုဘာ ၃၀ ရက်နေ့မှစတင်ကာ နိုဝင်ဘာ(၈)ရက်နေ့ အထိ(၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာ(၄)ရက်နေ့တွင် ရွှေဆံတော်စေတီ ရင်ပြင်တော် ပေါ်တွင် လှည့်လည်အပူဇော်ခံကာ စွယ်တော်တိုက်တွင်း ၅ရက် ကြာပူဇော်ခံထားရှိသွားမည် ဖြစ်သည်။

ပျော်ပွှဲရွှင်ပွဲများအနေဖြင့် စေတီအနောက်စောင်းတန်းမြေကွက်လပ်နေရာတွင် အခမဲ့ကြည့်ရှုနိုင်မည့် ဇတ်ပွဲများ ထားရှိခြင်း၊ မင်္ဂလာဆိုင်းရိုးရာခြင်း အလှပြပွဲများ၊ တေးဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

ပွဲတော်ဈေးဆိုင်တန်းများအား ပြည်မြို့ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်းတလျှောက် မြောက်စောင်းတန်းလမ်း၊ အနောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ ပန်းပဲတန်းလမ်းတစ်လျှောက် ဆိုင်ခန်းပေါင်း ၈၀၀ ခန့်ရှိကြောင်း သိရှိရသည်။

Shwe Myitmakha Media Group

0 comments:

Post a Comment

Facebook Like Page