Wednesday, May 14, 2014

မီးလောင်မှုဖြစ်ပေါ်သည့်အခါ

Leave a Comment

မီးလောင်မှုဖြစ်ပေါ်လာပြီဆိုလျှင် မီးသတ်တပ်ဖွဲ့ဝင်တွေသာ တာဝန်ရှိတာမဟုတ်ပါဘူး။ အများပြည်သူအားလုံးတွင်လည်း တာဝန်ရှိပြီး တာဝန်သိသောပြည်သူများဖြစ်မှသာ လျှင်မီမီတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမှ ကင်းဝေးမည်ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကယခုလိုရှင်းပြခဲ့ပါတယ်။

``ကျွန်တော်တစ်ခုလောက်အကြံပြုပါရစေ NFPA မှ တွက်ချက်မှုအရ မီးလောင်မှုတစ်ခုသည် တစ်နာရီလျှင် ၂ မိုင်နှုန်းဖြင့် လေတိုက်ခိုက်ပြီး အပူချိန် ၁၂၀ ဒီဂရီစင်တီဂရိတ်ရှိပါက ၃ မိနစ် အတွင်း ၂၅ ပေ ပတ်လည်ရှိ အရာတိုင်းကို မီးလောင်နိုင်သည်။

မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ခြင်းမရှိဘဲ မိမိတို့ကိုယ်တိုင် ကြိတ်ပြီး မီးငြိမ်းသတ်နေသောအချိန်မှာ ၃မိနစ်ဆိုကြပါစို့။ ဖုန်းနှင့်သတင်းပေးပို့သည့်အချိန် ၃ မိနစ်ထားပါ။သတင်းရရှိပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်ရဲဘော်နှင့် မီးသတ်ကားများ ပြင်ဆင်သည့်အချိန်ကို ၃ မိနစ်ထပ်မှတ်ထားပါ။မီးလောင်ပြင်နှင့် မီးသတ်စခန်း အကွာအဝေးအား ၁ မိုင်ထားပြီး ကားမောင်းသည့် အချိန်ကို ၃ မိနစ် ထားပါမည်။ အားလုံးစုစုပေါင်းအချိန်အား ၁၁မိနစ်ခန့်ကြာမြင့်ပါသည်´´ဟုတပ်ဖွဲ့ဝင် တစ်ဦးမှပြောပြခဲ့သည်။

မီးသတ်ကားတစ်စီးတွင် ပျန်းမျှရေဂါလံ (၈၀၀) ဂါလံပါရှိပါသည်။ မီးသတ်ပိုက်ခေါင်း ထိပ်ဝ၏အကျယ်သည် ကျပ်စေ့ပြားတစ်ပြားစာကျယ်ပါသည်။ ရိုးရိုးမီး (ဝါး၊သစ်သားအိမ်ကိုလောင်သောမီး)ကို ပျန်းမျှပန့်အား (၇၅)ပေါင်အားဖြင့် ငြိမ်းသတ်ပါသည်။ ထို(၇၅)ပေါင်အားဖြင့်ရေပတ်ပါက မီးသတ်ပိုက်ခေါင်းမှ(၁)မိနစ်လျှင် ရေ ဂါလံ(၃၀၀)ထွက်ပါသည်။ ရေဂါလံ (၈၀၀) ပါသော မီးသတ်ကားတစ်စီးသည် အများဆုံး (၃)မိနစ် (၄)မိနစ်သာ ရေပတ်နိုင်ပါမည်။

ဥပမာနှင့် ရှင်းပြပါမည်။ 09:55pm အိမ်မီးလောင်မှုတစ်ခုဖြစ်နေသည်။ လူများ ဝိုင်းအုံကြည့်နေကြမည်။ မီးသတ်ကားရောက်ရှိလာပြီး 10:00 စတင်ငြိမ်းသတ်နေပါသည်။ 10:01 အချိန်တွင် ပထမလူတစ်စုရောက် လာပါသည်။ 10:02တွင် ဒုတိယလူတစ်စုရောက်လာပါသည်။ 10:03တွင် တတိယလူတစ်စုရောက်လာပါသည်။ 10:04 တွင် စတုတ္ထလူတစ်စုရောက်လာပါသည်။ ထိုအချိန်တွင် မီးသတ်ကားရေကုန်နေပါသည့်။ စတုတ္ထလူတစ်စု မည်သို့တွေးမည်နည်း။ ပထမလူတစ်စု ဒုတိယလူတစ်စုရော မည်သို့တွေးပါမည်နည်း။

ကျွန်တော်အထက်ကတင်ပြခဲ့သော NFPA မှ တွက်ချက်မှုများအတိုင်းနှိုင်းယှဉ်ကြည့်ပါက မိဘပြည်သူများတွက် ဆနိုင်မည်ဟု ၄င်းက ဆက်လက်ရှင်းသည်။ မီးလောင်ပြင်ကိုရောက်ရင် မီးငြိမ်းသတ်ရသည့် ပညာရပ်ကိုနားမလည်သည့်အတွက် မီးသတ်ရဲဘော်များကို တချို့သောပြည်သူများက ရန်မှုခြင်း ၊ ရေပိုက်များကိုဓါးနဲ့ခုတ်ခြင်း ၊ မီးသတ်ကားများကိုခဲနဲ့ထုခြင်း မီးသတ်ရဲဘော်များကိုဆဲဆိုခြိမ်းခြောက်ခြင်း များတွေ့ကြုံရကြောင်း ၊မည်သို့ပင်ဖြစ်နေပါစေ မီးသတ်ရဲဘော် များက ၄င်းမီးကိုငြိမ်းသွားအောင်ပြုလုပ်နေချိန်တွင် မိမိအသက်ကိုပဓာနမထား အများပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်သွားမည်ဖြစ်ကြောင်း ၄င်းက မီးသတ်တပ်ဖွဲ့ဝင်များအားလုံးကိုယ်စား ရှင်းပြခဲ့သည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page