Wednesday, October 22, 2014

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ABSDF ရဲဘော်ဟောင်း တစ်ဦး တစ်ကိုယ်တော် ဆန္ဒပြ

Leave a Comment
Written by  ရေခဲ (ပြည်) 

 လေးပွင့်ဆိုင် တွေ့ဆုံပွဲဖြစ်မြောက်ရန် ပြည်မြို့အတွင်း အောက်တိုဘာ ၂၂ ရက်က လှည့်လည်ဆန္ဒပြသည့် ABSDF ရဲဘော်ဟောင်း ကိုဇော်မြင့်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ရေခဲ (ပြည်)၊ မဇ္ဈိမ)

ပည် (မဇ္ဈိမ) ။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် ဆွေးနွေးကြရန် ABSDF ရဲဘော်ဟောင်း တစ်ဦးက ပဲခူးတိုင်း ပြည်မြို့တွင် အောက်တိုဘာ ၂၂ ရက်က တစ်ကိုယ်တော် လမ်းလျှောက်ကာ ဆန္ဒပြခဲ့သည်။

“ပုဂ္ဂိုလ်ခင်မှတရားမင်မယ်။ ပုဂ္ဂိုလ်ခင်တဲ့လူ ဦးဆောင်မှ ဒီပြည်တွင်းငြိမ်းချမ်းရေးနဲ့ အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်။ ဒါကြောင့်ပုဂ္ဂိုလ်ခင်တဲ့လူတွေ လေးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ပြီး လေးဦးလေးဖလှယ် ဆွေးနွေးကြဖို့ တောင်းဆိုတာပါ” ဟု ဆန္ဒပြ ABSDF တပ်သားဟောင်း ကိုဇော်မြင့်ကပြောသည်။
တစ်ကိုယ်တော် ဆန္ဒပြခြင်းကို ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ထွက်ခွာခဲ့ပြီး မြောက်စောင်းတန်းလမ်း၊ ပန်းပဲတန်းလမ်း၊ လမ်းမတော်လမ်းများအတိုင်း ဗိုလ်ချုပ်ကျောက်ရုပ်သို့ ပြန်လည်ဦးတည်ခဲ့သည်။ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် သရုပ်ဖော်ဆန္ဒပြမှု တစ်ခုကို ပြုလုပ်ကာ ဆန္ဒပြမှုကို ရပ်နားခဲ့သည်။
ဆန္ဒပြပွဲကို ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်မှ အင်အားနှစ်ဆယ်ကျော်က ဝန်းရံပေးခဲ့သည်။
ဆန္ဒပြသူသည်“လေးပွင့်ဆိုင် ဖြစ်မြောက်ရေး ဝိုင်းဝန်းတောင်းဆိုပေး၊ လက်ရှိနိုင်ငံရေး အကြပ်အတည်း လေးပွင့်ဆိုင်နဲ့ ဖြေရှင်းပေး၊ တိုင်းပြည်နဲ့ ပြည်သူကိုချစ်ရင် လေးပွင့်ဆိုင် ဖြေရှင်းပါ ”စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။
ကိုဇော်မြင့်သည် ကျောင်းသားတပ်မတော် ABSDF တပ်ရင်း ၂၀၇  တွင် ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဘော်ဟောင်းတစ်ဦး ဖြစ်ပြီး ဘန်ကောက်အခြေစိုက် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ မြန်မာပြည် (ONSOB) တွင် ကျောင်းသားရေးရာ တာဝန်ခံအဖြစ် (၁၅)နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။
လေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ရန်  ဇွန်လမှ စတင်ကာ ဆိပ်ဖြူမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် ပြည်မြို့တို့တွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့ပြီး ဆက်လက်၍ လုပ်ဆောင်နေဦးမည်ဟု ကိုဇော်မြင့်က ပြောသည်။

0 comments:

Post a Comment

Facebook Like Page