Saturday, September 6, 2014

ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ် ဖြစ်လာခဲ့ပြီ

Leave a Comment

၂၀၁၄ ခုနှစ် ဇွန်လ ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ်ကော်မတီညီလာခံ တက်ရောက်နေသော ယဉ်ကျေးမှု ဒု-ဝန်ကြီး ဒေါ်စန္ဒာခင် (အပေါ်အကျီအမည်း)

ယခုအခါ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပျူမြို့ဟောင်းများ ကမ္ဘာ့အဆင့်မီစံတန်ဖိုးများရှိသည်နှင့် အညီ ကမ္ဘာ့စာရင်းဝင်ဖြစ်ခဲ့ပေပြီ။ ၂၀၁၂ ခုနှစ် ဧပြီလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်မှ ၂၅ ရက်အတွင်း ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ ( 38th Session of the World Heritage Committee ) တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင်များက ပျူမြို့ဟောင်းများ ( ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ) ကို အစည်းအဝေးဆုံးဖြတ်ချက်အမှတ်စဉ် 38 COM 8 B . 28 ဖြင့် အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်ပါသည်။
“ကမ္ဘာ့အမွေအနှစ်” ဟူသော စာတန်းတိုလေး တခုဖြစ်သော်လည်း ဂုဏ်ရည်နှင့် တန်ဖိုးက နက်နဲ သိမ်မွေ့လှသည်။ အမွေအနှစ်၏ ဂုဏ်ရည်နှင့် တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ ရှေ့ဆက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတို့မှာ တလနှင့် မရ၊ တနှစ်နှင့်လည်း မပြီး၊ တဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရ၊ တဌာနတည်းနှင့်လည်း မဖြစ်နိုင်ပါ။ နောင်မျိုးဆက်သစ်တို့ထိတိုင် စဉ်ဆက်မပြတ် အသိ၊ အတတ်ပညာရှင်တွေ၊ စေတနာရှင်တွေနှင့်အတူ ပြည်သူတရပ်လုံးက ပါဝင်ပြီး ၀ိုင်းဝန်း စောင့်ရှောက်မှသာ ” Heritage of Humanity ” ဆိုသည်နှင့်အညီ လူသားများအတွက် အမွေ အနှစ်ကောင်းများအဖြစ် ထားရစ်နိုင်မည်ဖြစ်ပါသည်။
ယခုလည်း ၀မ်းမြောက်စရာ၊ အားတက်စရာပင်။ အဆိုပါမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး စတင် အကောင်အထည်ဖော်ကာစ တပြိုင်နက်တည်းမှာ နယ်ပယ်ဒေသအသီးသီးတွင် ဒေသခံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒေသခံအများစုက စိတ်ဝင်စားကြသည်။ တန်ဖိုးထားကြသည်။ လိုက်နာကြသည်။ ပူးပေါင်းကြသည်။ သို့ကြောင့် ဆောင်ရွက်နေသူများအတွက်လည်း တွန်းအားဖြစ်စေ သည်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ ပိုမိုအားပေးမှုကိုလည်း ရရှိသည်။
အခြားနိုင်ငံများတွင် အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် စတင် ဆောင်ရွက်ချိန်မှ စာတွဲတင်သွင်းနိုင်ချိန်အထိ ၃ နှစ်မှ ၁၀ နှစ်ခန့်အထိ အချိန်ယူကြသော်လည်း မိမိတို့အမွေအနှစ်သည် အချိန်တိုအတွင်း ၂ နှစ်မပြည့်သေးမီပင် စာတွဲကို တွင်သွင်းနိုင်ခဲ့သည်။ အမှန်တော့ ပထမဦးဆုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်နှင့်အညီ အဖက်ဖက်မှာ အနည်းငယ်စီ အခက်အခဲတွေ ရှိခဲ့တာတော့ အမှန်ပင်။
မည်သို့ဆိုစေ ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများရှိမှု၊ ခိုင်မာမှု ( Integrity )၊ စစ်မှန်မှု( Authenticity )၊ ဆောင်ရွက်ခဲ့သူတို့၏ အပင်ပန်းခံမှု၊ ဒေသခံတို့၏ ပြင်းပြသောဆန္ဒတို့ကြောင့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံတို့က လေးစားမှု၊ အသိအမှတ်ပြုမှု၊ ချီးကျူးမှု၊ စာနာမှုများနှင့်အတူ တခဲနက်ထောက်ခံကြသောကြောင့် မြန်မာနိုင်ငံ၏ ” ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်းများ ” ဖြစ်ခဲ့ပေပြီ။
ပို၍ ကျေနပ်စရာကောင်းသည်က ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများဟု တွဲဆက် (Serial Nomination) တင်သွင်းခဲ့ခြင်းကြောင့် တကြိမ်တည်းကြိုးစားလိုက်ရာတွင် ဒေသ ၃ ခုလုံး ရရှိခဲ့ခြင်းပင် ဖြစ်သည်။ နောင်တွင် ပျူနှင့်စပ်လျဉ်း၍ အထောက်အထား ခိုင်မာသည့် မြို့ဟောင်းများကိုလည်း ဆက်လက်ဖြည့်စွက် တင်သွင်းသွားနိုင်မည် ဖြစ်သည်။ ဒေသခံတို့၏ ပီတိများ တွေ့မြင်နေရသကဲ့သို့ နိုင်ငံသားအားလုံးလိုလိုပင် ဂုဏ်ယူနေကြသည်ကိုလည်း ကြားနေရပါသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း ဂုဏ်ယူမဆုံးဖြစ်နေကြသည်။ အဆိုပါ မြို့ဟောင်းများကို ဘာကြောင့်ရွေးခဲ့တာလဲ၊ ဘယ်အချက်တွေက စံဝင်တာလဲ၊ ဘယ်လိုတွေ ဆောင်ရွက်ခဲ့တာလဲ၊ ဘာတွေရင်ဆိုင်ခဲ့ရသလဲ၊ ရရှိမည့် အကျိုးကျေးဇူးတွေ၊ ရှေ့ဆက်ဘာတွေလုပ်ရဦးမလဲ စတာတွေ၊ သိသင့်တာတွေကို အများသိရှိ ရလေအောင် ဤဆောင်းပါးဖြင့် ဖြန့်ဝေလိုက်ပါသည်။

ရွေးချယ်မှု
ဘာကြောင့် ပျူရှေးဟောင်းမြို့ ၃ မြို့ကို ဦးစွာ ရွေးချယ်ခဲ့သည်ဆိုတာ ရှင်းပြလိုပါသည်။ မြန်မာ့ သမိုင်းနှင့် ယဉ်ကျေးမှုတွင် သမိုင်းမတင်မီခေတ် ယဉ်ကျေးမှု၊ သမိုင်းတင်ခေတ် အစောပိုင်းယဉ်ကျေးမှု၊ သမိုင်းခေတ် ယဉ်ကျေးမှုဟူ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့သည်။ ပြဒါးလင်းဂူကဲ့သို့သော ကျောက်ခေတ် အမွေအနှစ် (သမိုင်းမတင်မီ ခေတ်ယဉ်ကျေးမှု)၊ ကြေးခေတ်၊ သံခေတ်အမွေအနှစ်များ     (သမိုင်းတင်ခေတ် အစောပိုင်းယဉ်ကျေးမှု)၊ ပုဂံ၊ မြောက်ဦး၊ သထုံ၊ အင်းဝ၊ ဟံသာဝတီ၊ မန္တလေး … စသည် စသည်ဖြင့် သမိုင်းခေတ် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေပြီး ယခုပျူမြို့ဟောင်းသည် သမိုင်းတင်ခေတ် အစောပိုင်းကာလ ယဉ်ကျေးမှု ( Proto-historic )၏ မြို့ပြယဉ်ကျေးမှု (Urbanization) နှင့် မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့ခြင်း၏ ခိုင်မာသော အထောက်အထား တရပ်ဖြစ်ခြင်း၊ အရှေ့တောင်အာရှဒေသအတွင်းရှိ အစောဆုံးသော ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနှင့် အတူ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံ၍ တည်ဆောက်ထားသော မြို့ပြယဉ်ကျေးမှုတရပ် ဖြစ်ခြင်း၊ မြေပေါ်မြေအောက် အထောက်အထားများ ကြွင်းကျန်တည်ရှိနေသကဲ့သို့ ရာစုနှစ် တခုမက ပြည်တွင်းပြည်ပ ပညာရှင်များ၏ သုတေသနပြုလေ့လာခဲ့မှုတို့ကြောင့် တိကျ ခိုင်မာသော သက်သေအထောက်အထားများ ရှိနေခြင်း၊ တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားတို့ကို ခေတ်မီနည်းစနစ်ဖြင့် သိပ္ပံ နည်းကျသက်တမ်းတွက်ချက် ( Carbon Dating ) ရာတွင်လည်း တိကျခိုင်မာသော ကာလ၊ ခုနှစ် သက္ကရာဇ်တို့ကိုလည်း ဖော်ထုတ်တင်ပြနိုင်ခြင်း စသည်တို့ကြောင့် ဦးစားပေး ရွေးချယ်တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ခြင်း
ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်နိုင်ရေးအတွက် အခြေခံအားဖြင့် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ (Outstanding Universal Value) ရှိခြင်း၊ တိကျသော နယ်နိမိတ် သတ်မှတ်ချက်၊ ထိန်းသိမ်းမှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှု စသော တန်ဖိုးနှင့် ဆောင်ရွက်ချက်တို့ ပြည့်စုံလုံလောက်မှုရှိရန် လိုအပ်ပါသည်။ သို့ပါ၍ ပျူရှေးဟောင်းမြို့ ၃ မြို့ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက် အောက်ဖော်ပြပါတန်ဖိုးနှင့် ဆောင်ရွက်ချက်များကို လေ့လာဆန်းစစ်ပြိး ဆုံးဖြတ်သတ်မှတ်ခဲ့ပါသည်။
ကမ္ဘာ့အဆင့်မီစံတန်ဖိုး ထိန်းသိမ်းမှု၊ ကာကွယ်မှု၊ စီမံခန့်ခွဲမှု
ခိုင်မာမှု ( Integrity ) နယ်နိမိတ် ( Boundary )
စစ်မှန်မှု ( Authenticity ) ထိန်းသိမ်းမှု ( Conservation )
စံတန်ဖိုး( ၂ ) ( Criteria II ) ကာကွယ်မှု ( Protection )
စံတန်ဖိုး( ၃ ) ( Criteria III ) စီမံခန့်ခွဲမှု ( Management )
စံတန်ဖိုး( ၄ ) ( Criteria IV )

ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက် (Outstanding Universal Value)
ပျူရှေးဟောင်းမြို့များ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် အခြေခံလေ့လာဆန်းစစ်ချက် တခုမှာ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး (သို့မဟုတ်) ကမ္ဘာ့အဆင့်မီစံတန်ဖိုး ရှိ / မရှိ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီ စံတန်ဖိုး ဆန်းစစ်ချက်တွင် ပျူရှေးဟောင်းမြို့များ၏ ခိုင်မာမှုရှိခြင်း (Integrity)၊ စစ်မှန်မှုရှိခြင်း (Authenticity)၊ စံတန်ဖိုး ၂၊ စံတန်ဖိုး ၃၊ စံတန်ဖိုး ၄ တို့ဖြင့် ကိုက်ညီမှုရှိကြောင်းတို့ကို သတ်မှတ်ဆုံးဖြတ်နိုင်ခဲ့ပါသည်။

ခိုင်မာမှုရှိခြင်း (Integrity) ဆိုသည်မှာ ပျူမြို့ဟောင်းများသည် ရှေးမြို့ပြမြို့ဟောင်းများဖြစ်သဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား တွေ့ရှိမှုတို့သည် မူလ သဘာဝ အခြေအနေအတိုင်း (In Situ) ဖြစ်နေခြင်း၊ တင်ပြသတ်မှတ်ထားသည့် မြေအောက်ရှိ ယဉ်ကျေးမှု အထောက်အထားများမှာလည်း ပျက်စီး၊ ဖျက်ဆီးမှုမရှိဘဲ မူလ သဘာဝအခြေအနေအတိုင်း တည်ရှိနေခြင်း၊ ပျူရှေးဟောင်းမြို့များ၏  မြို့ပြ စနစ်နှင့် ဖွဲ့တည်ပုံ ဖြစ်နေသော အခြေအနေ၊ မြို့ရိုး၊ ကျူံး  စသည့် ကြွင်းကျန်ရစ်သော အထောက်အထားများသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကာလက တည်ဆောက်ခဲ့သော အနေအထား၊ လက္ခဏာများကို ကောင်းစွာ ဖော်ထုတ်ပြသနိုင်ခြင်း၊ ရှေးဟောင်း သုတေသန အထောက်အထားများကို ခေတ်မီသိပ္ပံနည်းဖြင့် ဓာတ်ခွဲစမ်းသပ်ရာတွင် တိကျခိုင်မာသော ခေတ်ကာလ သတ်တမ်း သတ်မှတ်နိုင်ခြင်း၊ ဗိသုကာလက်ရာနှင့် စာပေမှတ်တမ်းဆိုင်ရာ အထောက်အထားတို့မှ ရရှိလာသည့် လေ့လာသုတေသန ပြုချက်တို့ကလည်း ဖော်ပြပါ ခေတ်ကာလသက်တမ်း သတ်မှတ်ချက်ကို ကောင်းစွာ အထောက်အပံ့ ပေးနိုင်ခြင်းနှင့်အတူ နှစ်ပေါင်းတထောင်ခန့် ရှင်သန်၊ ဖွံ့ဖြိုးတိုးတက်မှုရှိကြောင်းတို့ကိုလည်း သက်သေ ပြနိုင်ပေသည်။ ပျူရှေးဟောင်းမြို့ ၃ မြို့စလုံး၌ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာပြုပြင် ဖန်တီး နိုင်ခဲ့သော လယ်ယာစိုက်ပျိုးမှုလုပ်ငန်းအတွက် အရေးပါသော တူးမြောင်းများ၊ ရေကန်များသည် ပျူယဉ်ကျေးမှုကာလမှသည် ယနေ့တိုင်အသုံးပြုလျက်ရှိသော အထောက်အထားများဖြစ်ခြင်း၊ ပျူ ရှေးဟောင်းမြို့ ၃ မြို့ရှိ ကြွင်းကျန်တည်ရှိနေသော အဆောက်အအုံများ၊ ရှေးဟောင်းသုတေသန အထောက်အထားများနှင့် တူးဖော်တွေ့ရှိရသည့် ၀တ္ထုပစ္စည်းများသည် မြို့ဟောင်း ၃ မြို့၏ ယဉ်ကျေးမှု တန်ဖိုးနှင့် ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း ကောင်းစွာ သက်သေပြနိုင်ခြင်းစသည်တို့သည် ပျူရှေးဟောင်း မြို့များ၏ ခိုင်မာမှုရှိခြင်း ( Integrity ) ၏ သက်သေများဖြစ်ပါသည်။

စစ်မှန်မှုရှိခြင်း (Authenticity) ဆိုသည်မှာ ပျူမြို့ဟောင်းများရှိ ရှေးဟောင်းဘုရားပုထိုး၊ အဆောက် အအုံနှင့် မြို့ပြဖွဲ့တည်ပုံတို့သည် မူလအတိုင်း ရှေးမူလက်ရာမပျက် တည်ရှိနေခြင်း၊ ယနေ့တိုင် လက်ခံ ကျင့်သုံးလျက်ရှိသည့် ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးတမ်းများသည်လည်းကောင်း၊ လယ်ယာစိုက်ပျိုးမှုနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များသည်လည်းကောင်း၊ ရေအသုံးချမှု စနစ်သည်လည်းကောင်း၊ ပျူခေတ်ကာလ၏ မူလသဘာဝကို အခြေခံ၍ ဆက်လက်အသုံးပြုနေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာမှုအရ မြို့ပြဖွဲ့တည်ပုံသည် မူလသဘာဝ အနေအထားအတိုင်း တည်ရှိနေခြင်း၊ အဆိုပါကာလမှသည် ယနေ့တိုင် ရှေးခေတ်ဟောင်း ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်း(Cultural Landscape )ပြောင်းလဲမှု မရှိခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို လေ့လာပြန်လျင်လည်း ဒေသတွင်းမှ ရရှိသော အရင်းအမြစ်ကိုသာ အသုံးပြု၍ တည်ထွင်ဖန်တီိးထားခြင်း စသည်တို့သည် ပျူရှေးဟောင်းမြို့များ၏ စစ်မှန်သော အထောက်အထားလက္ခဏာများ ဖြစ်ကြပါသည်။
ခိုင်မာမှုရှိခြင်း၊ စစ်မှန်မှုရှိခြင်းတို့အပြင် ကမ္ဘာ့အဆင့်မီစံတန်ဖိုး (Criteria) များတွင်လည်း အောက်ပါ အချက်တို့နှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

စံတန်ဖိုး ၂ (Value/Interchange)
ခရစ်နှစ်မတိုင်မီ နှစ်ရာခန့်က အိန္ဒိယမှ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုတို့ ရောက်ရှိလာပြီး မိမိတို့၏ မူလယဉ်ကျေးမှုနှင့် ပေါင်းစပ်ဖန်တီးကာ ဗုဒ္ဓဘာသာကို အခြေ ပြုသော လူမှုအဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ခဲ့ခြင်း၊ ဒေသခံ ပျူလူမှုအဖွဲ့အစည်းသည် အရှေ့တောင် အာရှဒေသတွင် ဗုဒ္ဓဘာသာကို အခြေခံသည့် ပထမဆုံးသော လူမှုအဖွဲ့အစည်းတရပ်ဖြစ်ခြင်း၊ ထို့အတူ ပျူခေတ်ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထား၊ ဓလေ့ထုံးစံတို့ကို ခရစ်နှစ်ငါးရာစုနှောင်းပိုင်း ပေါ်ထွန်း လာသော မြို့ပြလူမှုအဖွဲ့အစည်းတို့တွင် လက်ခံကျင့်သုံးကြခြင်း၊ လယ်သမားမှသည် အုပ်စိုးသူအထိ လူတန်းစားအသီးသီး အလွှာအသီးသီးမှ လက်ခံကျင့်သုံးလာခဲ့ခြင်း၊ အထင်ကရတွေ့မြင်နေရသည့် အုတ်ဖြင့်ပြုလုပ်ထားသော အထိမ်းအမှတ် စေတီပုထိုးများ၊ ထုံးဓလေ့ဆိုင်ရာ အဆောက်အအုံများကို ဖန်တီးနိုင်ခြင်း၊ အချို့သော အဆောက်အအုံများကို ပုံတူကူးယူထားသော်လည်း အချို့ကိုမူ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်ဖြင့် တီထွင်ဖန်တီးနိုင်ခဲ့ခြင်း။

စံတန်ဖိုး ၃ (Testimony)
ပျူရှေးဟောင်းမြို့များသည် အရှေ့တောင်အာရှဒေသတွင် ပထမဆုံးသော ဗုဒ္ဓအခြေပြု မြို့ပြယဉ်ကျေးမှုအဖြစ် သမိုင်းမှတ်တမ်း အထောက်အထားဖြစ်ခြင်း၊ ဗုဒ္ဓဘာသာ၏ ဓမ္မနှင့် သံဃာအဖွဲ့အစည်းကို ခိုင်မာစွာ တည်ထောင်နိုင်ခဲ့ခြင်း၊ ရာသီဥတုအပေါ် အခြေခံ၍ ရရှိလာသော ရေအရင်းအမြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း၊ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့်အတူ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်လာရာ မူလ သစ်၊ ၀ါး ဆောက်လုပ်သည့် အတတ်ပညာကို အခြေခံပြီး အုတ်အဆောက်အအုံ ဗိသုကာပညာရပ် ကောင်းစွာဖွံ့ဖြိုးတိုးတက်ခဲ့ခြင်း၊ သေဆုံးသူတို့ကို မီးရှို့၊ အရိုးနှင့် ပြာကို ကောက်ယူ၍ အိုးတွင် ထည့်သွင်းမြုပ်နှံသည့်ဓလေ့ရှိခြင်း ( ပျူအရိုးအိုးမြုပ်နှံသည့်ဓလေ့ )၊ ပျူ ရှေးဟောင်းမြို့များသည် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ကူးသန်း ရောင်းဝယ်မှုရှိခြင်း၊ ကူးသန်းသွားလာမှုနှင့်အတူ ပါဠိစာပေ အခြေပြု ဗုဒ္ဓသာသနာဖြန့်ဖြူးနိုင်ခြင်း။

စံတန်ဖိုး ၄ (Typology)
စနစ်ကျ၍ ဖွံ့ဖြိုးတိုးတက်သော မြို့ပြစနစ်နှင့် မြို့ပြအဆောက်အအုံ များကို ဖန်တီးတည်ဆောက်နိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရေအရင်းအမြစ်များကို စီမံ ခန့်ခွဲနိုင်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ ကျောက်၊ ကြေး၊ သံ၊ အုတ်တို့ကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာခြင်း၊ အစောဆုံး၊ ဧရိယာအကျယ်ဆုံး၊ သက်တမ်းအရှည်ကြာဆုံး ဗုဒ္ဓအခြေပြု မြို့ပြအဖြစ် အရှေ့တောင်အာရှဒေသတွင် ပေါ်ထွန်းခဲ့ခြင်း၊ ပျူမြို့ပြစနစ်၏ အရေးပါသော လက္ခဏာများ အဖြစ် မြို့ရိုးနှင့် ကျူံးပတ်လည်၊ အချိတ်အဆက်ရှိသော လမ်းများ၊ တူးမြောင်းများ၊ ဘာသာတရားကို အထွဋ်အမြတ်ထားမှုနှင့်အတူ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို သဘာဝပတ်ဝန်းကျင်အား အခြေခံပြီး တင့်တင့်တယ်တယ်ဖြစ်အောင် ဖန်တီးတည်ဆောက်နိုင်ခဲ့ခြင်း၊ စေတနာထက်သန်မှုနှင့်အတူ စိတ်ကူးစိတ်သန်း အကြံဥာဏ်များကို ဖန်တီးဖော်ဆောင်နိုင်ခြင်း။
ဖော်ပြပါ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးရှိရုံသာမက အောက်ဖော်ပြပါ ဆောင်ရွက်ချက်များကိုပါ သုံးသပ်ဆုံးဖြတ်ခဲ့သည်။

နယ်နိမိတ်အတိုင်းအတာ(Boundary)
မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေကို သတ်မှတ်ပြဌာန်းခဲ့ပါသည်။ တဆက်တည်းမှာပင် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ တခုပြီး တခု ဇုန်နယ်နိမိတ်များ သတ်မှတ်ခဲ့ရာ ပျူရှေးဟောင်းမြို့များကိုလည်း တိုင်းတာ သတ်မှတ်ပြီးဖြစ်သည်။ အဆိုပြု ယဉ်ကျေးမှု အမွေအနှစ်ဧရိယာ (ရှေးဟောင်းအဆောက်အအုံ တည်ရှိရာ ဇုန် Ancient Monumental Zone နှင့် ရှေးဟောင်းနေရာ တည်ရှိရာဇုန် Ancient Site Zone ) ဟူ၍ လည်းကောင်း၊ ကြားခံဇုန် (ကာကွယ်ထိန်းသိမ်းထားသောဇုန် Protected and Preserved Zone ) ဟူ၍ လည်းကောင်း ပိုင်းခြားသတ်မှတ်ထားပြီးဖြစ်သည်။

ထိန်းသိမ်းမှု (Conservation)၊ ကာကွယ်မှု (Protection)
ပျူရှေးဟောင်းမြို့များ၏ ယဉ်ကျးမှု အမွေအနှစ်တို့ကို ရေရှည်တည်တံ့စေရေးနှင့် အနာဂတ်မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေ ပေးနိုင်ရေးတို့အတွက် မြို့ဟောင်း ၃ မြို့လုံးရှိ မြေပေါ်မြေအောက် အဆောက်အအုံများ၊ ရွှေ့ပြောင်း မရသော ဘုရားပုထိုး၊ သာသနိက အဆောက်အအုံများ၊ နန်းမြို့ရိုးများ၊ အရိုးအိုး အဆောက်အအုံများ စသည်တို့ကို ရေရှည်တည်တံ့စေရေးအတွက် ၁၉၀၃ ခုနှစ်ကတည်းက စတင်ကာ သူ့ခေတ် သူ့နည်း ပညာဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့သလို အထက်တွင် ဖော်ပြသကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပြဌာန်း၍လည်း ထိန်းသိမ်းပါသည်။ ရွှေ့ပြောင်းနိုင်သောအမွေအနှစ်များဖြစ် သည့် စာပေ အရေးအသားပါ ရွှေပေလွှာများ၊ ကျောက်အရိုး အိုးများ၊ ကျောက်စာတိုင်များ၊ ကျောက်ရုပ်ကြွများ၊ ရွှေ၊ ငွေ၊ ကြေး၊ သတ္တုပစ္စည်းအမျိုးမျိုး၊ ဆင်းတု၊ ရုပ်တုများ၊ ဒင်္ဂါးအမျိုးမျိုး၊ မြေမီးဖုတ်ရုပ်တု၊ ရုပ်ကြွအမျိုးမျိုး၊ လူ့အသုံးအဆောင်ပစ္စည်း အမျိုးမျိုး၊ လက်ဝတ်ရတနာ အမျိုးမျိုးစသည်တို့ကိုလည်း တိုးတက် မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောက်ရှိ မသွားရလေအောင် ထိုက်သင့်သည့် ဆုကြေးငွေချီးမြှင့်၍လည်းကောင်း၊ ဥပဒေပြဌာန်း၍လည်းကောင်း ကာကွယ်ထိန်းသိမ်း လျက်ရှိပါသည်။

စီမံခန့်ခွဲမှု(Management)
သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှု(Disaster Risk Management) နှင့် ခရီးသွား ဧည့်သည်များဆိုင်ရာ စီမံခန့်ခွဲမှု  (Visitor Management) တို့ကိုပါ ဆန်းစစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ Management အပိုင်းကို မဆောင်ရွက်ရသေးသော်လည်း မိမိတို့၏ ကျွမ်းကျင်ပညာရှင်များ၊ UNESCO မှ ကျွမ်းကျင်ပညာရှင်များ ပေါင်းစပ်ညှိနှိုင်းကာ အစီအစဉ်များရေးဆွဲ၍ စာတွဲ (Nomination Dossier)တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါစီမံခန့်ခွဲမှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံများ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အထက်ပါ တန်ဖိုးများရှိကြောင်း ဖော်ထုတ်တင်ပြနိုင်ရမည်ဖြစ်သကဲ့သို့ အဆိုပါ 3အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်အတူ ဆက်လက်ဆောင်ရွက်ရမည့်အစီအစဉ်များကိုပါ ရေးဆွဲတင်ပြနိုင်ရမည် ဖြစ်ပါသည်။

The Irrawaddy (Burmese Version)


(ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင် ရေးသားသော ယခု ဆောင်းပါးသည် ၃၁-၈-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပြီးဖြစ်သည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။)

0 comments:

Post a Comment

Facebook Like Page