သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့
****************************************
သူငယ်ချင်းတို့ကို ဖတ်စေချင်လွန်းလို့ ဖတ်ဖြစ်အောင်ဖတ်ပါ
======================================
မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်ပေးသည့် လူတိုင်းသိထားရမည့် နိုင်ငံခြားဝန်ထောက်မင်းကြီး ဦးခြိမ့်၏
မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးပုံ
======================================
ကျမ်းပြုပညာရှင် အမတ်ကြီးဦးခြိမ့် ''ဘယ်လို ကုသိုလ်မျိုးတွေများ လုပ်ခဲ့သလဲ''ရှာဖွေကြည့်တော့
ဦးခြိမ့်ရဲ့ နိဗဒ္ဓဝတ်ကုသိုလ်ဦးခြိမ့်ရဲ့ ကုသိုလ်ကို တွေ့လိုက်ရတာ အခြားဟုတ်ပါရိုးလား။ ငွေကုန်ကျမှုမရှိတဲ့ ကုသိုလ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အိမ်ကနေပြီး မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ လမ်းခုလတ်မှာ သူ့မိခင်ရဲ့အိမ်ရှိတယ်။ ဒီအချိန်မှာ ဖခင်ကြီးကတော့ ရှိဟန်မတူတော့ပါဘူး။
မင်းတုန်းမင်းကြီးထံ အခစားသွားတဲ့အခါ သူ့ရဲ့မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်။ နန်းတွင်းက ပြန်လာတဲ့အခါမှာလည်း မိခင်ကို ဝင်ပြီးရှိခိုးတယ်။ ပူဇော်တယ်တဲ့။ ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိသလဲလို့ စဉ်းစားကြည့်ပေါ့။ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။ နေ့စဉ် တစ်ရက်ကို တစ်ခေါက်သွားရင် နှစ်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။
တစ်ရက်ကို နှစ်ခေါက်သွားရင် လေးကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ သုံးခေါက်သွားရင် ခြောက်ကြိမ် ရှိခိုးပူဇော်ပြီးသား ဖြစ်တယ်။ ဒီတော့ မိဘကျေးဇူးကို သိပြီးတော့ မိဘကို ရှိခိုးပူဇော်တယ်။ စားကောင်းသောက်ဖွယ်ပို့ပေးတယ်။ ကျေးဇူးဆပ်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ကုသိုလ်တရားတွေအများကြီးဖြစ်နေခဲ့ပါတယ်။
ဒါဟာ ဦးခြိမ့် နေ့စဉ်ဆည်းပူးနေတဲ့ နိဗဒ္ဓဝတ်ကုသိုလ်တွေပေါ့။ ဦးခြိမ့်ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဘုန်းကြီး ဆက်ပြောပြဦးမယ်။ သူ့အိမ်မှာ ဟင်းကောင်းလေးတွေ ချက်တယ်ဆိုရင် ဦးဦးဖျားဖျား မိခင်ဆီကို ကိုယ်တိုင်သွားပို့တယ်။ ဒါလည်း ပြောသလောက်ကြီး ငွေကုန်တာမဟုတ်ဘူး။ ချက်တဲ့ဟင်းကို သွားပို့တဲ့အတွက်သူ့မှာ ကုသိုလ်စေတနာတွေ ဖြစ်ပွါးနေတယ်။ ဟင်းက ငွေကြေးအရ ဘာမှတန်းဖိုးရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိခင်ကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။တိရစ္ဆာန်ကို ကျွေးမွေးတာတောင်မှ ကုသိုလ်ဖြစ်သေးတာပဲ။ ကျေးဇူးရှင်မိဘကို ဦးဦးဖျားဖျားလေးတွေကို ကျွေးမွေးလိုတဲ့ ကုသိုလ်စေတနာဟာ ဘယ်လောက်မွန်မြတ်သလဲ။
ယနေ့ခေတ်လူငယ်တွေစဉ်းစားသုံးသပ်ဖို့ကောင်းတယ်။နောက်ပြီး ထူးထူးဆန်းဆန်းပြုလုပ်တဲ့ ကုသိုလ်တစ်ခုကိုသွားတွေ့ရသေးတယ်။ သူ့ရဲ့ မိခင်အိမ်ကို ရောက်တဲ့အခါ မိခင်ရဲ့အဝတ်အစားဖြစ်တဲ့ ထဘီ၊ အင်္ကျီတွေကို ညစ်နွမ်းနေတာတွေ့ရင်ဦးခြိမ့်က အလဲခိုင်း
တယ်။ ပြီးတော့ သူ့အိမ်ယူသွားပြီး ညဦးကတည်းက အင်တုံကြီးထဲမှာ စိမ်ထားလိုက်တယ်။ အစေခံတွေ၊ အလုပ်သမားတွေကို မလျှော်ခိုင်းဘူး။ မနက်ကျတော့ မိခင်ရဲ့ ထဘီ၊အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ခြောက်သွားတဲ့အခါ ခေါက်ပြီးတော့ မိခင်ဆီကို ပြန်ပို့တယ်။ အင်တုံထဲမှာ ထဘီ၊ အင်္ကျီတွေစိမ်ထားတဲ့ ချေးရည်တွေ ကျန်နေတယ်။ ဦးခြိမ့်က အပေါ်ယံရေကြည်တွေကို ခပ်ပြီး သွန်ပစ်တယ်။ အနှစ်ရည်တွေပဲ ကျန်ရစ်နေတယ်။ ဒီအနှစ်ရည်တွေကို နေပူလှန်းလိုက်တော့ ခဲသွားတာပေါ့။ ဒီချေးခဲလေးတွေကို ကျောက်ပျဉ်ပေါ်မှာ မှုန့်မှုန့်ညက်ညက် ကျေအောင်ကြိတ်ပြီး သူတို့ခေတ်က နံ့သာဆီတို့၊ ပန်းပေါင်းဆီတို့နဲ့ ရောပြီး အခဲလေးတွေလုပ်။ ပြီးတော့ နားမှာပန်ပြီး မင်းကြီးဆီ အခစားဝင်တယ်တဲ့။
မိခင်ကို အမှီပြုပြီး ဦးခြိမ့်ရဲ့ နှလုံးသားမှာ ဖြစ်ပွါးသွားတဲ့ ကုသိုလ်စေတနာတွေကို မှန်းဆကြည့်ပါ။ သိပ်ပြီး ကြည်ညိုစရာကောင်းသလို အားကျအတုယူစရာလည်း ကောင်းပါတယ်။ အကျိုးတရားအနေနဲ့ ကြည့်လိုက်ရင်လည်း ဒီဘဝမှာပဲ ဥရောပအပါအဝင်နိုင်ငံခြားကို အခေါက်ခေါက်အခါခါ သွားရတယ်။ နိုင်ငံခြားမင်းတွေရဲ့ ဆုတံဆိပ်အမျိုးမျိုး ချီးမြှင့်တာကိုလည်း ခံရတယ်။ ပညာကို မြတ်မြတ်နိုးနိုး ကြိုးစားတဲ့အတွက်၊ စာဖတ်အားကောင်းတဲ့အတွက် ပညာရှိကျမ်းပြုပုဂ္ဂိုလ် ဖြစ်သွားတယ်။ သိပ်ပြီးတော့ အားကျစရာကောင်းတယ်။ သူပြုလုပ်တဲ့ ကုသိုလ်တွေဟာ ငွေကုန်တဲ့ကုသိုလ်တွေ မဟုတ်ဘူး။ ဘယ်သူမဆို လက်လှမ်းမီ
ကြပါတယ်။ ဒါပေမယ့်လူတိုင်းကတော့ မလုပ်နိုင်ကြဘူး။ ဒါလေးတွေကို မှော်ဘီဆရာသိန်းက မှတ်တမ်းတင်ခဲ့လို့ ဘုန်းကြီးတို့ သိခွင့်ရကြတာပါ။ မိဘကို ပြုစုလုပ်ကျွေးတဲ့ကုသိုလ်ဟာ နောက်ဘဝအထိ မစောင့်ပါဘူး။ ဒီဘဝမှာပဲ လက်ငင်း အကျိုးပေးတယ်လို့ ဆရာသမားတွေက ဆုံးမခဲ့ဖူးပါတယ်။ နောက်ပြီး မိဘစိတ်ချမ်းသာအောင် ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးတဲ့။ ပစ္စည်းဥစ္စာ ဆင်းရဲတောင်မှ စိတ်မဆင်းရဲဘူး။ မိဘတွေ စိတ်ကသိကအောက်ဖြစ်အောင်လုပ်တဲ့ သားသမီးကတော့ ပစ္စည်းချမ်းသာတောင်မှ စိတ်ချမ်းသာဖို့ မလွယ်ပါဘူးတဲ့။
နောက်တစ်ခု ပြောလိုပါသေးတယ်။ ပညာရှိဦးခြိမ့်ရဲ့အကြောင်းကို တက္ကသိုလ်ကျောင်းဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်လောက်ကပေါ့။ ပြောပြတဲ့အခါ တက္ကသိုလ်ကျောင်းသားလေးက ဦးခြိမ့်ကို အားကျပြီး သူ့မိဘတွေရဲ့ လုံချည်၊ အင်္ကျီတွေကို ကိုယ်တိုင်လျှော်တယ်။ ချေးရည်လေးတွေယူပြီး အနှစ်ရည်ကို နေလှန်း အမှုန့်ကြိတ်တယ်ပေါ့။ သနပ်ခါးလိမ်းတဲ့အခါမှာ ရောပြီးတော့ အမြတ်တနိုးလိမ်းသတဲ့။
တစ်နေ့တော့ ကျောင်းမှာ နိုင်ငံခြားကို ပညာတော်သင်သွားဖို့
ကျောင်သားသုံးယောက် ရွေးချယ်တယ်။ ကျောင်းသားတစ်ရာထဲကနေ သုံးယောက်ပဲ ရွေးချယ်တာပါ။အင်တာဗျူးဖြေမယ့်နေ့ကျတော့ အဲဒီတက္ကသိုလ်ကျောင်းသားဟာခုနချေးရည်နဲ့ရောသွေးထားတဲ့သနပ်ခါးကို မျက်နှာတင်မကဘဲ တစ်ကိုယ်လုံး လိမ်းသွားတယ်။ နောက်ဆုံး ကျောင်းသားတစ်ရာထဲက သုံးယောက်ပဲ ရွေးချယ်တဲ့အထဲမှာ ဦးခြိမ့်ကို အားကျခဲ့တဲ့ ကျောင်းသားလေး ပါသွားတယ်။ ပညာကို ကြိုးစားသင်ယူတာလည်း ပါတာပေါ့။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ ဒီအကြောင်းအရာလေးကို ဆရာတော်လေးတစ်ပါးက ရေးထားတာပါ။ ဘုန်းကြီးက ဒီစာအုပ်ကိုဖတ်ပြီး သိခွင့်ရခဲ့တာပါ။
စစ်ကိုင်းမြစကြာဆရာတော်၏ သူတော်ကောင်းတို့၏ တောင်းဆုများ(၂)စာအုပ်မှ
ဖတ်သင့်တာတွေ ဖတ်စေချင်တာတွေကို မျှဝေပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်
သာသနာနွယ် သာသနာနွယ်
ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment