Saturday, September 20, 2014
ကံဖွင့် . . .လာဘ်ပွင့် . . . အောင်ပွဲဆင့်(ပြည်သတင်း/ယတြာဆောင်းပါး)
ကံဖွင့် . . .လာဘ်ပွင့် . . . အောင်ပွဲဆင့်(ပြည်သတင်း/ယတြာဆောင်းပါး)
***********************************************
ခန့်ကျော်စွာ (ယတြာဆောင်းပါး)
တစ်နေကုန်ဗေဒင်ဟောပြော၍ စိတ်ပန်းလူပန်းဖြစ်နေသော ကျွန်ုပ်သည် ရေမိုးချိုး အနားယူရန် အလို့ငှာ ဗေဒင်ဟောခန်းစားပွဲမှ ထလိုက်သည်နှင့်ဗေဒင်ခန်း၏ ၀င်ပေါက်ဝသို့ ထိုအမျိုးသမီးကြီး အပြေးအလွှားရောက်လာပြီး . . .
'' အားတော့နာတယ် ဆရာရေ . . .! တစ်ချက်လောက်တွက်ပေးပါအုံး ဆရာရယ် အရေးပေါ် အရေးပေါ်" ဟူ၍ ပြာပြာသလဲပြောရင်း အပြေးအလွှား ဗေဒင်စားပွဲရှေ့သို့ ၀င်ထိုင်နေရာယူလိုက်လေ၏။
ကျွန်ုပ်လည်း ဆွေမျိုးမိသားစုကဲ့သို့ ရင်းနှီးနေသော ထိုအမျိုးသမီးကြီးအား
" ကဲ လုပ်ကြပေါ့ . . . အရေးပေါ်ကြီးပဲဟာကို . . ." ဟုပြောလိုက်ရင်း တစ်နေကုန် မီးထတောက်မတက် ထိုင်ထားရ သော ဗေဒင်ဆရာနေရာထိုင်ခင်းလေးတွင် ပြန်၍၀င်ထိုင်လိုက်ရ၏။
၎င်းအမျိုးသမီးကြီး၏အမည်မှာဒေါ်အေးကြည်ဟု ခေါ်တွင်၏။ ပေါင်မုန့်နှင့်မုန့်မျိုးစုံ ဖုတ်လုပ်သောအလုပ်စီပွားဖြင့် အသက်မွေးဝမ်းကြောင်းပြု၏။ အစဉ်သဖြင့် ယခုကဲ့သို့ ပျာရိပျာယာ ရောက်ရှိလာ၍ မကြာခဏအရေးပေါ်ဟူ၍ ဗေဒင်မေးလေ့ရှိသော ရင်းနှီးနေသူဖြစ်ပါ၏။
"ကဲ ဒေါ်အေးကြည်ရေ တိုတိုလိုရင်းပြောကြပြီး အချိန်ပိုဗေဒင်မေးတာလေး စလိုက်ရအောင်" ဟု ကျွန်ုပ်က အရယ်အရွှန်းပြောသောအခါ
" လုပ်ပြီဆရာတို့စကားပြောရင် ကဗျာကိုဆန်နေတာပဲ၊ ကဲ တိုတိုလိုရင်း တုတ်ထိုးအိုးပေါက် ပြောဆိုရင် လာဘ်တွေ မတရားပိတ်နေတယ်။ ငွေကြေးကိစ္စတွေ မတရားကြပ်တည်းရှုပ်ထွေးနေတယ်။ အပိတ်အဆို့ အဟန့်အတားတွေလည်း မတရား များနေတယ်။ ပြောရရင် ထွက်ပေါက်မရှိလောက်အောင်ပိတ်ဆို့နေတယ်" ဟု ပြောလိုက်ရင်း နဖူးဆံစတွင် စို့တက် နေသော ချွေးစက်တို့ကို လက်ဖြင့်သုတ်လိုက်လေတော့၏။
"ဆရာရယ် ညနေလည်းစောင်းနေပြီ မဟာဘုတ်တော်တို့ ဘာတို့ရှည်ရှည်ဝေးဝေး လုပ်မနေပါနဲ့တော့။ အဲဒီပိတ်နေ တာတွေ ထွက်ပေါက်ပွင့်သွားအောင်သာ အကောင်းဆုံးယတြာပေးလိုက်ပါ" ဟု အလျင်လိုသော ဆန္ဒဖြင့် ယတြာပူဆာလေ ၏။
ကျွန်ုပ်သည်လည်း တစ်နေ့တာလုံး တစ်နေကုန် တစ်နေခမ်း စဉ်းစားခြင်းအလုပ်တို့ဖြင့် မောင်းနှင်ထားသော ကျွန်ုပ်ခေါင်းအတွင်းရှိ ဦးနှောက်သည် စူပွက်နေသော ရေနွေးအိုးကဲ့သို့ ဖြစ်နေချေ၏။ ထို့အတူ မည်ကဲ့သို့သော ယတြာအစွမ်း ကို ပေးရပါမည်နည်းဟု အကြပ်အတည်းစဉ်းစားနေစဉ် ကျွန်ုပ်၏ဗေဒင်စားပွဲပေါ်တွင် ကြွေပန်းကန်တွင်ထည့်၍ မီးထွန်းအသုံး ပြုထားသော ဖွင့်ထားသည့် သော့ဂလောက်တစ်လုံးကို ထိုအမျိုးသမီးကြီး ဒေါ်အေးကြည်သည် ရုတ်တရက်တွေ့လိုက်ပြီး
"ဟယ်ဆရာရယ် သော့ခလောက်ကြီး ဘာလုပ်တာတုံး" ဟုပြောပြောဆိုဆို ကောက်ယူကြည့်ရှုနေလေ၏။ ထိုသော့
ဂလောက်ကြီးနှင့် ထိုအမျိုးသမီးကြီးကိုတွဲ၍မြင်လိုက်သည်နှင့် လှောင်အိမ်အတွင်းပိတ်မိနေသော ငှက်ကလေးတစ်ကောင် မမျှော်လင့်ဘဲ လွတ်မြောက်ချမ်းသာခွင့်ရသကဲ့သို့ ကျွန်ုပ်သည် ပေါ့ပါးပျော်ရွှင်ဝမ်းမြောက်သံဖြင့် " ရပြီ . . . ရပြီ . .. ဒေါ်အေးကြည် ရပြီ . . .အဲဒီသော့ဂလောက်ကြီးကို ပန်းကန်ထဲပြန်ထည့်ထားလိုက်တော့ ယတြာပြောတော့မယ် သေချာမှတ် ပေတော့ " ဟု ပြောလိုက်သောအခါ ဒေါ်အေးကြည်ကလည်း သော့ဂလောက်ကြီးကို ပြန်ချပြီး စာရွက်နှင့်ဘောပင်ရွာကာ ယတြာရေးမှတ်ရန် အဆင်သင့်ပြင်လေ၏။
" သော့တန်းလန်းနှင့်ဖွင့်လျှက်ထားသော သော့အိမ်ပေါ်တွင် ဖယောင်းတိုင်မီးထွန်း၍ ဘုရားမီးပူဇော်ပြီးလျှင် ဘုရားရှိခိုးပြီး သံဗုဒ္ဓေဂါထာတော်မြတ်ကို သက်စေ့ပူဇော်လိုက်ပါ"
ဟုအောင်မြင်သော လေသံဖြင့် ကျွန်ုပ်ယတြာပူဇော်ရန်ပြောလိုက်ပြီးလျှင်
" ဒီလိုဒေါ်အေးကြည်ရဲ့ ငွေကြေးကိစ္စ၊ အလုပ်တာဝန်ကိစ္စ၊ လူမှုရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စ၊ အမှုအခင်းအကျဉ်း အကြပ်ကိစ္စ၊ အတိုက်အခံ၊ အပိတ်ဆို့ အနှောင့်အယှက်ကိစ္စ၊ ကိစ္စအသီးသီး အကျဉ်းအကြပ်စိတ်ဒုက္ခရောက်ကြုံပြီး ပိတ်မိနေ တာတို့ . . .လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင် စတဲ့ ဈေးအရောင်းဆိုင်တွေ သိသိသာသာလာဘ်ပိတ်နေတာတို့ စတဲ့ ထွက်ပေါက် မရ စိတ်ဒုက္ခရောက်နေတာတွေဆိုရင် အဖွင့်ဓါတ်၊ အပွင့်ဓါတ် ပူဇော်နည်းပေါ့ဗျာ . . . ယုံယုံကြည်ကြည်လုပ်ကြည့်စမ်းပါ။ ဒေါ်အေးကြည်ရဲ့ အပိတ်အဆို့အကျဉ်းအကြပ်တွေ အားလုံးစိတ်ချမ်းသာစရာ ထွက်ပေါက်မျိုးစုံ ပွင့်သွားပါလိမ့်မယ် . . ." ဟု ကျွန်ုပ်က ရှည်လျားစွာ ရှင်းပြလိုက်သောအခါ မိသားစုကဲ့သို့ ရင်းနှီးရပါသော အမျိုးသမီးကြီး ဒေါ်အေးကြည်သည်
" အိုကေ ဒီယတြာ အခုပြန်တာနဲ့လုပ်လိုက်မယ်။ ဟုတ်တယ်ဆရာ ကျွန်မပိတ်ဆို့နေတာတွေက အဲလို မီးပူဇော်လိုက် မှလည်း ပွင့်သွားလိမ့်မယ် ဆရာ ဒီကအပြန် မြို့သစ်အဝေးပြေးနားက အိမ်ဆောက်ပစ္စည်းဆိုင် အောင်ဖြိုးမှာ အာမခံသော့ကြီး တစ်လုံးဝင်ငယ်ပြီး ပြန်လုပ်လိုက်အုံးမယ်ဆရာ . .. " ဟု ၀မ်းမြောက်ဝမ်းသာ ပြောဆိုပြီး မူကြိုကျောင်းဆင်းချိန်တွင် အိမ်ပြန် သွားသော မူကြိုကျောင်းကလေးသူငယ်ကဲ့သို့ ပေါ့ပါးလွတ်လပ်စွာဖြင့် ကျွနုပ်၏ဗေဒင်ဟောခန်းမှ ပြန်သွားပါလေတော့ သတည်း။....
ခန့်ကျော်စွာ (ယတြာဆောင်းပါး)
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment