Tuesday, September 2, 2014

ပရဟိတခရီးသွားများ......ဝေလင်း(ပြည်)

Leave a Comment
ပရဟိတခရီးသွားများ
===================
The Daily ELEVEN (2.9.2014) ရက်နေ့ထုတ်မှကူးယူဖော်ပြပါသည်။
လမ်းတို့ကရွှံညွန်တို့ဖြင့်အထပ်ထပ်ပြီး၏။ မကြာသေးမီရက်များကရွာသွန်းထားသည့်မိုးကြောင့် ချော်လဲကျ မသွားစေရန် သတိကြီးးကြီးထားနေကြရသည်။ အထူးသဖြင့် မြိုပြကတ္တရာလမ်းများထက် ကတ္တီပါဖိနပ်စီးခဲ့ သူများအဖို့ ခရီးလမ်းကြမ်းဟုဆိုသော်မမှားနိုင်ပါ။ ဘေးဘီဝဲယာတွင်တောစိမ်းစိမ်းတောင်စိမ်းစိမ်း၊ လျှိုမြောင် ကြားကလယ်ကွင်းတို့ကတော့ အ၀ါရောင်ဘက်ကိုလုလျှက်ရှိသည်။ နွားခြေရာခွက်နှင့် လယ်ကန်စင်းများပေါ် ဖြတ်လျှောက်နေကြသောလူငယ်များက တစ်ယောက်ကိုတစ်ယောက် ဖေးမတွဲကူကာမရောက်သေးသော ခရီးကိုစိတ်မှန်းဖြင့် ထွက်ဆကြည့်နေကြပုံရသည်။ အတန်ငယ်မြင့်မားသောတောင်စွန်းလေးတစ်ခုပေါ်မှ နောက်ကြောင်းသို့ပြန်လှည့်ကြည့်လိုက်သောအခါ တောင်စွယ်တောင်ညွှန်များနှင့်ဝါးရုံတောများကြား ညောင်ကိုင်းရေလှောင်တမံ၏ရေပြင်က လှိုင်းဂယက်အနည်းငယ်ထနေသည်။
လူတိုင်းခရီးများစွာကိုသွားခဲ့ကြဖူးသည်သာဖြစ်သည်။ ခရီးဝေး၊ ခရီးနီး အကြောင်းအမျိုးမျိုးကြောင့်သွားခဲ့ကြ သွားနေရ၊ သွားနေရအုံးမည်ဖြစ်သည်။ ထိုသို့ခရီးများတွင်မေ့ပျောက်သွားသော ခရီးများရှိသလို၊ တသက်လုံး မမေ့ပျောက်နိုင်သောခရီးများလည်း ရှိလိမ့်မည်။ ဒီတစ်ခေါက်သွားခဲ့ရသည့်ခရီးလေးကလည်း မှတ်မှတ်ထင်ထင် ရှိနေသည့်ခရီးတစ်ခုဖြစ်သည်။ ခရီးကမနီးမဝေး။ ချောမွေ့ခြင်းမရှိ။ ရွာကလေးက ပန်းတောင်းမြို့နယ်အတွင်း မှာရှိပြီး၊ ပြည်မြို့မှ ဧရာဝတီမြစ်ကိုဖြတ်သန်းကာ တောကုတ်ကားလမ်းအတိုင်း ၁၀ မိုင်ခန့်ကားဖြင့်သွားပြီး လမ်းမကြီး၏ညာဘက်သို့လမ်းကလေးအတိုင်းလိုက်သွားကာ ဘုရားပေါ်၊ ငါးဆယ်ပေးရွာကလေးများကို ကျော်ဖြတ်ပြီးပါက ညောင်ကိုင်းရေလှောင်တမံကြီးကို မြင်တွေ့ရပေမည်။ ထိုနေရာမှာခရီးတစ်ထောက်သာရှိ ပါသေးသည်။
ဆည်စပ်တွင်စက်တပ်လှေများက အဆင့်သင့်စောင့်ကြိုနေကြသည်။ ရေငွေ့နံ့ပါနေသည့်လေက အေးမြလတ်ဆတ်လှသည်။ အကြိမ်ကြိမ်သွားခဲ့ဘူးသောခရီးပေမယ့် တစ်ခေါက်နှင့်တစ်ခေါက်က မရိုးနိုင်။ ဤတစ်ခေါက်ကတော့ပိုလို့ပင် မှတ်မှတ်ထင်ထင်ဖြစ်နေရသည်က အရင်ကသွားခဲ့ဘူးသည့်ခရီးများက သတင်းကိစ္စများဖြင့် သွားခဲ့ရသည်ယခုတစ်ခေါက်ကထိုသို့မဟုတ်။ ပရဟိတအလုပ်လုပ်နေကြသည့် လူငယ်များဖြင့်ပရဟိတခရီးထွက်ခဲ့ကြခြင်းပင်။ လူငယ်အားလုံးတက်ကြွှနေကြပြီး မရောက်ဖူးသော ခရီးမိုလို့လည်း ပို၍ပျော်ရွှင်နေကြပုံရသည်။ တစ်ယောက်ကိုတစ်ယောက်စကြနောက်ကြရင်း ညီရင်းအစ်ကို မောင်ရင်းနှမတွေလို။ ပွင့်လင်းလွတ်လပ်နေကြသည်။ အများကောင်းကျိုးဆောင်ရွက်လိုကြသူများ ကိုကြည့်ရသည်မှာ အားရကျေနပ်မှုကောင်းလှသည်။့
တစ်မျှော်တစ်ခေါ်ကျယ်ပြောလှသည့် ဆည်ရေပြင်ထက်တွင် နာရီဝက်ခန့်စက်လှေစီးပြီးနောက် ရွာကလေးသို့ခြေလျင်ခရီးဆက်ရမည့် ကမ်းစပ်ဆီရောက်ခဲ့သည်။
လာကြိုနေသည့်ရွာသူရွာသားများက ပျော်ရွှင်စွာအော်ဟစ်ကြိုဆိုနေလေသည်။ များမကြာမီရက်များကကြိုတင်ချိန်းဆိုထားမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မဟုတ်လား။ ရွာကလေးနှင့်စတင်သိကျွမ်းရသည်က ကောင်းသောတွေ့ဆုံခြင်း ဟုပြောရမည်လား စစခြင်းဆောက်နှင့်ထွင်းဟုဆိုရမည်လားမသိ။ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားအများစု ရင်ဆိုင်ကြုံတွေ့နေကြရသည့် လယ်ယာမြေသိမ်းဆည်းခံရမှုပြသာနာများဖြင့် စတင်သိကျွမ်းခဲ့ရခြင်းပင်။
မန်ကျည်းပင်(ကြာအင်း) ရွာကလေးမှာ ပန်းတောင်းမြို့နယ်၊ ဒန့်ဒလွန်အုပ်စုအတွင်းရှိကာ တန့်ကြည်တောင်တန်းများ၏အစွယ်များနှင့် အနောက်ရိုးမတောင်တန်းကြား တေင်ကုန်းတောင်တန်းများနှင့် လျှိုမြောင်များပတ်လည်ဝိုင်းလျှက် လူသူအရောက်ပေါက်နည်းပါးလှသည့် အရှိုချင်းတိုင်းရင်းသားလူမျိုးစုများ အများစုနေထိုင်နေသည့် အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ကျေးရွာလေးပင်ဖြစ်သည်။ ရွာမှာ ညောင်ကိုင်းရေလှောင်တမံစီမံကိန်းတွင် တစ်ကြိမ်ရွာပြောင်းရွေ့ခဲ့ရပြီး လယ်ယာမြေများပါလက်လွှတ်ဆုံးရှုံး ခဲ့ရသည်။ စိုက်ပျိုးရေးမဖြစ်ထွန်းလှသည့် ရွာသစ်တွင်မနေလိုကြသောကြောင့် ရွာဟောင်းသို့ပြန်လည်ပြောင်းရွှေ့ ခဲ့ကြပြီး ယခင်အစိုးရတာဝန်ရှိလူကြီးများက သစ်တောစိုက်ခင်းပျက်တွင်း လုပ်ကိုင်စာားသောက်ရန် မြေနေရာများ ချထားပေးခဲ့သော်လည်း အစိုးရသစ်လက်ထက်မှာ ကုမ္ပဏီကိုပုဂ္ဂလိကကျွန်းစိုက်ခင်းအဖြစ် လုပ်ကိုင်ခွင့်ချပေးခဲ့ရာ တောင်သူများအဖို့ဒုတိယအကြိမ်ဘုံပျောက်ရမည့်ကိန်းစိုက်ခဲ့ရပြီး တရားစွဲဆိုခံခဲ့ရာကာ တောင်သူလယ်သမား ၁၂ ဦးထောင်သွင်းအကျဉ်းကျခဲ့ကြရသည်။ ထိုမှစ၍ယနေ့ခရီးစဉ်ဖြစ်လာသည်အထိ အကြိမ်ပေါင်းမနည်းရွာကလေးသို့လာရောက်ခဲ့ကြရသည်။
Forword Future Foundation လို့အမည်ရသည့်ပညာဒါနလုပ်နေသည့် ပရဟိတအဖွဲ့လေးရွာကို ရောက်ရှိလာရန် အကြောင်းပြုခဲ့သူကရွာသားများ၏ လယ်ယာမြေအရေးလှုပ်ရှားဆောင်ရွက်ပေးနေသည့် သံလွက်ခက်မှ ကိုမင်းမင်းပင်ဖြစ်သည်။ ထိုလူငယ်များကိုပရဟိတခရီးသွားများဟု ကျွန်တော်ကခေါ်သည်။ ၂၀၁၂ ခုနှစ်မှစတင်ဖွဲ့စည်းထားသည့် ထိုအဖွဲ့လေးမှာ ၀ါသနာတူလူငယ် ၃၀ ခန့်စုပေါင်းထားပြီး လစဉ်ဆိုသလို တစ်ဦး ၂၀၀၀ ကျပ်ထည့်ဝင်ကာ ပညာရေးထောက်ပံ့မှုပေးနေသည့် အဖွဲ့လေးပင်ဖြစ်သည်။ သူတို့ကဝေးလံလှသည့် တောရွာများတောင်များဆီအရောက်သွားကြသူများဖြစ်သည်။ တကယ်တော့လည်း ခေတ်မီိပစ္စည်းများနှင့်ခေတ်လူငယ်များ၏ နှလုံးသားတွင်း ပရဟိတစိတ်လေးရှင်သန်ဖွံဖြိုးဖို့မှာ လွယ်လှသည့်ကိစ္စတော့မဟုတ်ပါ။
“ ကျွန်တော်တို့အဖွဲ့ရဲ့ရည်ရွယ်ချက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးတွေနဲ့ နွမ်းပါးတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေကို စာသင်ကြားရေးမှာ အထောက်ကူပြုစေမဲ့စာရေးကိရိယာတွေကို လှူဒါန်းပါတယ်။ အခုဆိုရင်ကျောင်းပေါင်း ၈ ကျောင်းကို အလှူငွေ ၂၅ သိန်းကျော်လှူဒါန်းပြီးပါပြီ” ဟုအဖွဲ့၏ အတွင်းရေးမှူးကိုအောင်ဇေမိုးက ရှင်းပြသည်။
စကားလည်းပြောရင်းအရှေ့မှအဖွဲ့များကို အမီလိုက်ကြရသည်။ တောင်ကုန်းများပေါ်ရွှံညွှန်များကြား လျှောက်လှမ်းနေရသော်လည်း အဖွဲ့ဝင်မိန်းကလေးများကညီးညူခြင်းမရှိ ဟန်းဖုန်းလေးများမှ ဖွင့်ထာ်းသည့်သီချင်းများကို လိုက်ညီးရင်းခြေလှမ်းသွက်နေကြသည်။ တောလမ်းကြမ်းကို နာရီဝက်ခန့်ခရီးနှင်ပြီး သောအခါ အဝေးကတောင်ကုန်းထိပ်တွင်ကြာအင်းရွာလေးကိုမြင်ကြရသည်။ မိုးမရွာ၍သာတော်တော့သည့် မိုးသာရွာပါက ဒီခရီးနှင့်မလွယ်။ ရွာလယ်လမ်းမှာလျှောက်မကောင်းတော့ ခြံဝိုင်းလေးများထဲက ဖြတ်လျှောက် ကြရသည်။ တမူထူးခြားနေသည့်အ၀တ်စားများနှင့် လူငယ် ၃၀ နီးပါးကိုတစ်စုတစ်ဝေးထဲ မြင်လိုက်ရ၍ တောသူတောင်သားတိုင်းရင်းသားများက တဲအိမ်ပြတင်းပေါက်လေးများထဲမှ ခေါင်းပြူကြည့်နေကြသည်။ သူတို့၏ရုပ်လက္ခာဏများက ပင်ပန်းဆင်းရဲမှု၏ဒဏ်ကို အတိုင်းသားဖော်ပြနေကြသည်။ ကျွန်တော်တို့အားလုံး ရွာစာသင်ကျောင်းလေးသို့ တန်းဝင်ခဲ့လိုက်ကြသည်။
စာသင်ကျောင်းလေးထဲတွင် ချင်းတိုင်းရင်းသားကလေးငယ်လေးများ စီတန်းထိုင်နေကြသည်။ ချစ်စဖွယ်ကလေးငယ်လေးများ ကြားတွင်ဗုဒ္ဓဘာသာလေးငယ်လေးများကိုလည်း ယောဂီယောင်ဝတ်စုံလေးများ နှင့်တွေလိုက်ရသည်။ ယခုလိုတနင်္ဂနွေနေ့များတွင် ရွာထိပ်ကဘုန်းတော်ကြီးကျောင်းလေးတွင် ဓမ္မစကူးလ်တက်ကြရသည်တဲ့။ စိတ်ထဲတွင်ကြည်နူးသွားသည်။ ဘာသာမတူ၊ လူမျိုးမတူသော်လည်း တစ်ရွာထဲနေ တစ်ရေထဲသောက် တစ်ကျောင်းထဲတွင်ပညာသင်ကြားနေကြသည်။ ထူးခြားနေသည်က ဆရာအလေးမှာ တစ်ခွန်းပင်မမာန်ရ၊ ဒုတ်တစ်ချက်မပြရ အားလုံးငြိမ်သက်စွာ စည်းကမ်းရှိနေကြသည်။ လာရောက်လှူဒါန်းကြမည့်သူများကို ထိုင်စောင့်နေကြရသည်မှာ မနက်ကပင်ဖြစ်သည်တဲ့။
ကျောင်းမှာ အစိုးရကျောင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းတွဲထားသည့်ကျောင်းဖြစ်သည်။ သူငယ်တန်းမှ စတုတ္ထတန်းထိ အစိုးရကျောင်းဖြစ်ပြီး ပဉ္စမတန်းမှာတော့ကိုယ်ထူကိုယ်ထကျောင်းဖြစ်သည်။ ကျောင်းသူ/သား ၉၆ ခန့်ရှိသည်ဟုကျောင်းတာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဒီကျေုာင်းလေးမှာက ၄ တန်းပြီးတာနဲ့ကျောင်းထွက်အလုပ်လုပ်တာများတယ်။ ဒီကနေဝေးတဲ့အရပ်တွေကို ကျောင်းသွားတက်ဖို့က အလွယ်လှဘူးလေ။ငွေအင်အားကော လူအင်အားပါမတတ်နိုင်ကြဘူးလေ။ လယ်ယာစိုက်ပျိုးရေးကလည်း အကောင်းလှတော့ မျှစ်ချိုး၊ ငါးရှာပေါ့။ အရင်ကတော့အစိုးရကျောင်း မှာထောက်ပံ့မှုတွေ လုပ်ပေးသေးတယ်။ အခုတော့သိပ်မရတော့ဘူး။ ကျေးလက်တောရွာတွေမှက အခက်ခဲဆုံးက ကျန်းမာရေးနဲ့ပညာရေးပါပဲ။ ကျွန်တော်ဆိုဆင်းရဲလွန်းလို့ ၃ တန်းမှာကျောင်းထွက်ခဲ့ရတယ်။ ပညာမတတ်တော့အဖိနှိပ်ခံရတယ်။ ဒါကြောင့်အနာဂတ်ကလေးတွေကို ပညာရေးမှာမြှင့်တင်ပေးစေချင်တယ်။ တတ်နိုင်သမျှလည်း အစိုးရကော၊ အခြားအဖွဲ့စည်းတွေကိုလည်း အကူညီတောင်းတယ်။ အခုလို ပရဟိတလုပ်နေတဲ့ ဆရာလေးတွေကလာလှူတာအရမ်းဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။” ရွာခံချင်းတိုင်းရင်းသားကိုစန်းဝင်းကပြောသည်။
ကိုစန်းဝင်း၏ခံစားမှုကို စာနာနားလည်မိပါသည်။ သူဘ၀အတွက်ဝမ်းနည်းခဲ့ရပေမယ့် ကလေးများ၏ အနာဂတ်ကိုတော့ ကောင်းမွန်စေချင်ပုံရသည်။ တကယ်တော့မြန်မာနိုင်ငံလူဦးရေ ၇၀% ကျေုာ်ရှိသည့် တောင်သူလယ်သမားအများစုမှာ ကျေးလက်တောရွာများတွင်ဖြစ်သည်။ တစ်ချို့ကဝေးလံလှသည့် တောတောင်တွေကြားတွေထဲ လမ်းပန်းဆက်သွယ်ရေးအပါဝင် အစစအရာရာခက်ခဲနေဆဲပင်။ အစိုးရသစ်လက်ထက်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံချက်မှာလည်း ထိရောက်သောလုပ်ဆောင်မှုမဟုတ်သေးပါ။ အဘယ်ကြောင့်ဆိုသော ကျေးလက်နေပြည်သူများ၏ အဓိကအရေးကြီးဆုံးဖြစ်သည့် ကျန်းမာရေးနှင့် ပညာရေးမှာ ပြောပလောက်အောင်ပင် တိုးတက်လာခြင်းမရှိသေးပေ။ နိမ့်ကျမြဲနိမ့်ကျလျှက်သာ ကလေးငယ်များစွာ စာသင်ကျောင်းများကိုစွန့်ခွါကာ မိဘများနှင့်ရင်ဘောင်တန်းလျှက် လယ်ယာလုပ်ငန်းခွင်များဆီ ရောက်ခဲ့ကြရသည်။ ဝေးလံခက်ခဲကြမ်းတမ်းလှသည့် လမ်းပန်းဆက်သွယ်ရေးကြောင့် မသေသင့်ပဲလူအများသေခဲ့ရသည့်။ နှစ်စဉ်ဆိုသလိုပင် ကျေးလက်တောရွာများ၌ ပိုးထိ၍ဆေးမမီပဲ အသက်ဆုံးခဲ့ရသူများကသက်သေခံလျှက်ရှိသည်။ ထိုအခြေနေဆိုးများကြား နိုင်ငံကိုတိုးတက်သင့်သလောက်တိုးတက်ပါသည်ဆိုသည်ကို ကျွန်တော်တို့လက်မခံနိုင်ပါ။ ထိုထိုသောအကြောင်းများကြောင့် နိုင်ငံတွင်း ရင်သွေးငယ်များ၏ မီအိမ်များဖြစ်သည့် မိဘများပျောက်ကွယ်သွားသည်။ နိုင်ငံ၏အနာဂတ်အလင်းရောင်မီးအိမ်လေးများနှင့်တူသည့် ကျောင်းသားကလေးများ မီးစာကုန်ဆီခမ်းသွားကြသည်။ ဘယ်သူတွင်တာဝန်ရှိပါသလဲ။ မီးအိမ်လေးများငြိမ်းသွားပါပြီ။ မီးအိမ်လေးများ ငြိမ်းနေပါသည်။
အတွေးများဖြင့်မေးခွန်းထုတ်နေမိသည့် စိတ်တို့ကို ကလေးများ၏ရယ်မောပျော်ရွှင်နေကြသံများက ပြန်လည်အသက်သွင်းလိုက်သည်။ ဟုတ်ပါသည်။ သူတို့လေးတို့အနာဂတ်ကိုသူတို့မသိနိုင်။ သူတို့လေးတွေကို ခဏလေးပဲဖြစ်ဖြစ်ပျော်ရွှင်စေရမည်ပေါ့။ ဒီနေ့တော့သူတို့တကယ်ပျော်နေကြပါသည်။ လက်ထဲတွင် ပိုက်ထားသော သူတို့ရရှိထားသည့်ခွဲတမ်း ဗလာစာအုပ်လေးများ၊ ခဲတံလေးများနှင့် အခြားပစ္စည်းလေးများ ကိုကြည့်ရင်း ပျော်နေကြပါသည်။ ပေးကမ်းလှူဒါန်းနေသည့် ပရကဟိတလူငယ်များလည်း ကြည်နူးနေကြ့ ပုံရပါသည်။ စာအုပ်လေးများပိုက်ရင်း ကလေးများကရွာကလေးထဲတိုးဝင်သွားကြသည်။ တကယ်တော့ဒါသည်ပင် ပရဟိတခရီးသွားများက မီးအိမ်လေးများကိုတတ်စွမ်းသလောက်ဆီဖြည့်ပေးလိုက် ခြင်းပင်ဖြစ်ပါလိမ့်မည်။
ပူပြင်းလှသောနေရောင်အောက်တွင်ပင် ကျွန်တော်တို့ပြန်ခဲ့ကြသည်။ စက်လှေလေးနှစ်စီးကဆည်ရေပြင်ထက် ခုတ်မောင်းလျှက် လေအဝှေ့လှေအယိမ်းတွင် မိန်းကလေးငယ်လေးများက အလန့်တကြားအော်ကြသည်။ သူတို့အဖို့ရေလမ်းခရီးကိုတစ်ခါဘူးမှ မသွားဘူးကြ။ စွန့်စား၍လိုက်လာကြခြင်းသာ။ သူတို့အတွက်တွန်းအားက ပရဟိတစိတ်ဓါတ်။ “ အဓိကကတော့ပညာရေးက လိုကိုလိုအပ်တယ်။ ကျွန်တော်တို့နိုင်ငံအတွက်သယံဇာတ ဆိုတာ သစ်တောလည်းမဟုတ်ဘူး၊ ကျောက်မျက်ရတနာတွေလည်းမဟုတ်ဘူး။ နိုင်ငံရဲ့ကလေးတွေအနာဂတ်ပညာရေးကိုမြှပ်နှံမှသာ သယံဇာတအမှန်ပဲ။ ဒါကြောင့်အဲဒါကိုတတ်နိုင်သလောက်ထောက်ပံ့ပေးနေတာပါ။ ကလေးတွေရဲ့ ပညာရေးကိုဆုံးခန်းတိုင်အောင်သင်ကြားစေချင်တယ်။ အစိုးရကလည်းထောက်ပံ့မှုတွေကို ဖိဖိစီးစီးလုပ်စေချင်တယ်။ အထူးသဖြင့်ကျေးလက်တောရွာတွေကိုပိုလုပ်ပေးသင့်တယ်။” ကျွန်တော်နှင့် စကားပြောရင်း ကိုအောင်ဇေမိုး၏ရင်ဖွင့်သံများက ထွက်ကြလာပြန်သည်။
ခေတ်လူငယ်များက ဂျင်းဘောင်းဘီဝတ်ကောင်းဝတ်လိမ့်မည်၊ ဆံပင်ဆေးဆိုးကောင်းဆိုးလိမ့်မည်၊ နှုတ်ခမ်းနီနှင့်ဆံပင်ပုံသွင်းကောင်းသွင်းလိမ့်မည်၊ ပွင့်လင်းစွာအော်ဟစ်ရင်း ဂီတာကိုတီးကောင်းတီးပါလိမ့်မည်၊ သို့သော်သူတို့ထံတွင် ရိုးသားမှုရှိသည်၊ ကိုယ်ချင်းစာတရားရှိသည်၊ သူတစ်ပါးနစ်နာလိုစိတ်မရှိ၊ မတရားမှုကိုမုန်းကြသည်၊ ပြေလည်သောမိဘများကမွေးဖွားထားသော်လည်း မပြေလည်သောဘ၀များကို မျှဝေနိုင်ကြသည်။ တကယ်တော့လူငယ်လေးများလာခြင်းအတွက် ခရီးဦးကြိုပြုစရာမလိုပါ။ ခြံစည်းရိုးထုံးသုတ်ထားစရာမလိုပါ၊ယာယီလမ်းပြင်ထားစရာမလိုပါ၊ တစ်အိမ်တစ်ယောက်လာစရာမလိုပါ၊ လမ်းဘေးဈေးဆိုင်များဖယ်ပေးစရာမလိုပါ၊ လက်အုပ်ချီထားစရာမလိုပါ၊ စားသောက်ပွဲများမလိုပါ၊ လက်ဆောင်ခြင်းများမလိုပါ၊ စာရင်းဇယားဘတ်ဂျတ်မလိုပါ၊ လိုအပ်သည်မျာကိုလည်းမှာကြားမည်မဟုတ်ပါ၊ ကိုယ်ထမင်းထုပ်နှင့်ကိုယ်လာကြသူများဖြစ်သည်။ ချို့တဲ့သူများထံ၊အမှောင်လောက၏ မီးအိမ်များကိုမီးစာထည့်ရန်၊ ဆီဖြည့်ရန် တောင်တန်းများရှိနေသ၍လာကြအုံးမည်သာဖြစ်သည်။
ဝေလင်း(ပြည်)







0 comments:

Post a Comment

Facebook Like Page