Saturday, August 23, 2014

တိုင်းပြည်အတွက်တကယ်လိုအပ်လို့ ပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်သွားတဲ့ ဦးရဲလွင်(မဇ္ဈိမလှိုင်း) By သီဟလွင် - ပြည် (မြစ်မခ)

Leave a Comment
 တိုင်းပြည်အတွက်တကယ်လိုအပ်လို့ ပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်သွားတဲ့ ဦးရဲလွင်(မဇ္ဈိမလှိုင်း)

 By သီဟလွင် - ပြည် (မြစ်မခ)

စစ်ဘေးဒုက္ခသည်အပါအ၀င် လိုအပ်တဲ့နေရာတွေအတွက် ဂစ်တာတီး သီချင်းဆိုပြီး အလှူငွေတွေရှာပေးနေတဲ့  မဇ္ဈိမလှိုင်းတေးဂီတ၀ိုင်းက ဂစ်တာတီးခတ်သူ ဦးရဲလွင်က တိုင်းပြည်အတွက်တကယ်လိုအပ်လို့ ပရဟိတ လုပ်ငန်းတွေ လုပ်ဖြစ်သွားတာလို့ ဆိုပါတယ်။

“အရင်ကတည်းကတစ်ကောင်ကြွက်လိုနေခဲ့တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ပဲနေတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော် ဂစ်တာတီးတာလည်း နှစ်ပေါင်းငါးဆယ်ကျော်ပြီဆိုတော့ တိုင်းပြည်မှာလည်း တကယ်လိုအပ်တဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်မယ်ဆိုပြီး စစ်ဘေးဒုက္ခသည်တွေအတွက် သီချင်းဆိုပြီးစလုပ်ဖြစ်တယ်။ လက်ဖက်ရည်ဆိုင်တွေမှာ စဆိုတာပေါ့။ အဲလိုလိုက်ဆိုရင်းနဲ့ပဲ ပရဟိတတွေ လုပ်ဖြစ်သွားတာပါ။“ လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လွပ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဆိုတဲ့အမည်နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်မြို့ရဲ့လက်ဖက်ရည်ဆိုင်တွေမှာ ဂစ်တာတီးပြီးသီချင်းတွေဆိုခဲ့တာဖြစ်ပါတယ်။ယခုအခြေအနေမှာတော့ သူတို့အဖွဲ့ကစစ်ဘေးဒုက္ခသည်တွေအပြင် ဘာသာရေးပဋိပက္ခဒုက္ခသည်တွေ သဘာဝဘေးအန္တရာယ် ကြုံတွေ့ ရသူတွေနဲ့ NLD က ဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဒါနကျောင်းများအတွက် ပါ ဂီတနှင့်အလှူခံပေးတဲ့ ပရဟိတ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

သြဂုတ်လ(၂၀)နဲ့ (၂၁)ရက်နေ့မှာတော့ ပြည်မြို့မှာရှိတဲ့ အောင်းဆန်းပညာဒါန ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဂီတနဲ့လိုက်လံ အလှူခံပေးနေပြီး အဲဒီပွဲအတွက် ရန်ကုန်မြို့ကနေ ပြည်မြို့ကိုအလာ ကားပေါ်မှာတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော် ခင်ဝမ်းအကြောင်း စဉ်းစာမိတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ဒီလာကတည်းက လမ်းမှာစဉ်းစားလာတယ်။ ကိုးတန်းတုန်းက အဆိုတော် ခင်ဝမ်းရယ်၊ ကျွန်တော် ရယ်၊ ရုပ်ရှင်းမင်းသား ကျော်ဟိန်းပေါ့။ တစ်တန်းတည်း အဲဒါတွေပြန်တွေးနေမိတယ်။ ၀မ်းနည်းတာတော့ မဟုတ်ဘူးပေါ့။ သူငယ်ချင်းတွေပြန်သတိရတယ်။ အတိတ်ကို သတိရစရာအကြောင်းတွေ ပေါ်လာတယ်။” လို့ ဦးရဲလွင်က ပြောပါတယ်။

အဆိုတော်ခင်ဝမ်းနဲ့ သူက ကိုးတန်းပြီးကတည်းက ကွဲသွားပြီး တက္ကသိုလ်ရောက်မှ ပန်းချီပြပွဲတွေနဲ့ သီချင်းတွေ ဆိုရင်း ခင်ဝမ်းနဲ့ ပြန်ဆုံခဲ့ရပြီး မဇ္ဈိမလှိုင်းတေးဂီတ၀ိုင်းအဖြစ် ဖြတ်သန်းလာခဲ့ကြတယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက်လုပ်တာဆိုတော့ မေတ္တာနဲ့ပဲလှည့်လည်တာပေါ့နော်။ မေတ္တာနဲ့ပဲသွားမှ ငြိမ်းချမ်းရေးရမယ်လို့ယုံကြည်တယ်။ မေတ္တာဓာတ်ကို တတ်နိုင်သလောက်သွင်းပါတယ်။ တတ်နိုင်သလောက် ပွားများပါတယ် “ လို့ သူကပြောပါတယ်။

လက်ရှိသူလုပ်နေတဲ့ ပရဟိတတွေက ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီးတော့ အဲဒီအလုပ်တွေလုပ်မယ်ဆိုရင် မေတ္တာတရားက အရေးကြီးတယ်လို့ သူမြင်တယ်လို့ ဆိုပါတယ်။



   
  

0 comments:

Post a Comment

Facebook Like Page